သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ လူသားချင်းစာနာမှု အထောက်အကူစတင်နိုင်ရေး မြန်မာကြိုးပမ်း


ရခိုင်ပဋိပက္ခကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်များ
ရခိုင်ပဋိပက္ခကြောင့်ထွက်ပြေးတိမ်းရှောင်လာတဲ့ ဒုက္ခသည်များ

ရခိုင်ဒေသ အကြမ်းဖက်မှုတွေကနေ ထွက်ပြေးတိမ်းရှောင်နေရသူတွေ ပိုမိုများလာချိန်မှာ ထိရောက်အောင်ကူညီပေးဖို့ ဆွေနွေးစီစဉ်နေတယ်လို့ မြန်မာအစိုးရက မနေ့က ထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်မှုတွေကြောင့် အကူအညီထောက်ပံ့ပေးတဲ့ တချို့ နိုင်ငံတကာနဲ့ NGO အဖွဲ့တွေ ဒေသထဲကနေ ထွက်ခွာနေချိန်မှာ ဘယ်လိုထိရောက်အောင်ကူညီနိုင်မှာပါလဲ။

နိုင်ငံတကာအဖွဲ့တွေပါ တက်ရောက်တဲ့ ဒီကူညီရေးဆွေးနွေးပွဲမှာပါတဲ့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြည်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ကိုဝင်းမင်း။ ။အစိုးရအနေနဲ့ပေါ့နော် ရခိုင်ပြည်နယ်ကအကြမ်းဖက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသူတွေကို ကူညီဖို့အတွက် ထိရောက်အောင်အစီအမံတွေကို နိုင်ငံတကာအဖွဲ့တွေနဲ့ ဆွေးနွေးနေတယ်ဆိုတာ ကြားလို့ပါ ၊အဲဒါ ရှင်းပြပေးလို့ရမလား။

ဒေါက်တာ ဝင်းမြတ်အေး။ ။ နိုင်ငံတကာကအလှူရှင်တွေက လှူချင်တယ်ဆိုလို့ အဲဒါကိုလှူနိုင်တယ် ဒါပေမယ့် အစီအစဉ်တွေကတော့ အကြမ်းပဲရှိသေးတာပေါ့နော် ၊ အဖြေထွက်အောင်မလုပ်ရသေးပါဘူးခင်ဗျ။ နောက် ၂ ရက်လောက်နေရင်တော့ သိရမယ်ထင်တယ်။

ကိုဝင်းမင်း။ ။အခုလောလောဆယ်အကူအညီပေးရေးအဖွဲ့တချို့က ဒေသအတွင်းမှာမနေရဲတဲ့အတွက် ဒီအခက်အခဲတွေက ပိုများလာမယ့်အနေအထားရှိတာပေါ့နော် ဆရာ။

ဒေါက်တာ ဝင်းမြတ်အေး။ ။ ဟုတ်ကဲ့

ကိုဝင်းမင်း။ ။နောက်ဆုံးအခြေအနေမှာ ဘယ်လိုစိန်ခေါ်မှုတွေရှိနေသလဲဆရာ

ဒေါက်တာ ဝင်းမြတ်အေး။ ။ အခုလောလောဆည်ကတော့ တိုင်းရင်းသားတွေက အရမ်းကြောက်တယ်ပေါ့နော် ၊ တကယ်လည်းသူတို့က ကြောက်စရာကောင်းတဲ့အခြေအနေတွေ တွေ့ကြုံခဲ့ရတော့ တချို့ကျတော့လည်းရွာမှာ လုံခြုံရေးကိုပေးပါ၊ လုံခြုံဖို့ပဲလိုချင်ပါတယ်ဆိုပြီးတောင်းဆိုတော့ လုံခြံရေးအဖွဲ့တွေရယ် ၊ တပ်မတော်တွေကနေပြီးတော့ လုံခြုံမှုပေးတာတွေရှိတယ်။ အဲလိုပဲ တချို့တော့လည်း မနေရဲဘူးဆိုပြီးတော့ ကိုယ့်နေရပ်ကိုစွန့်ခွာပြီးတော့ လုံခြုံမယ့်နေရာ စစ်တွေမြို့တွေပေါ်ကိုရောက်ရှိလာကြတယ်။ အဲလိုမျိုးတွေပေါ့နော်။ ဆိုတော့ အစိုးရကတော့ အခုလက်တလောကတော့ ရိက္ခာလုံခြုံဖို့အတွက်ကိုဆောင်ရွက် ပေးတာတွေ၊ ရိက္ခာတွေကို ပံ့ပိုးတာတွေလုပ်နေတာပေါ့ အခုလည်းတွေ့တဲ့အတိုင်းပါပဲ အကုန်လုံးပူးပေါင်းပြီးတော့ တပ်မတော်ရော၊ အရပ်ဘက်တွေရော အလှူရှင်တွေရောပေါ့နော် အကုန်လုံးက ဝိုင်းဝန်းပံ့ပိုးနေတယ်။ ရိက္ခာ တွေတော့အများအပြားရှိနေတာပေါ့နော် အဲဒါတွေကို ဖြန့်ဖို့တော့ တချို့နေရာတွေမှာ ခက်တယ်။ တချို့နေရာတွေမှာတော့အဆင်ပြေတယ်ပေါ့။

ကိုဝင်းမင်း။ ။ဟုတ်ကဲ့ ဒီနေရာမှာ တချို့ NGO တွေရော နိုင်ငံတကာအဖွဲ့တွေရော ဒီအကြမ်းဖက်မှုတွေမှာ ပတ်သက်တယ် ကူညီတယ် ဥပမာ WFP ကနေပြီးတော့ ဓါတ်မြေသြဇာနဲ့ ပတ်သက်ပြီးတော့ ဗုံးထောင်တာတွေမှာသုံးတယ် အစရှိသဖြင့် အဲလိုစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်နေတဲ့အနေအထားတွေရော ထည့်ဆွေးနွေးဖြစ်ကြသေးသလား။

ဒေါက်တာ ဝင်းမြတ်အေး။ ။ ဒီကနေ့ဆွေးနွေးတဲ့အထဲမှာ ဒီဟာတွေလည်းမပါဘူး။ ဒါပေမယ့် အဲဒါတွေနဲ့ ပတ်သက်လို့ ကျနေ်ာသိတာကတော့ ဒါတွေဖြစ်နေတာကို စုံစမ်းဖော်ထုတ်ဖို့ ဆက်လိုက်စုံစမ်းနေတယ်ပေါ့နော် ဒီလောက်ပဲသိတယ်။ ဘယ်သူဘာလုပ်တယ်ဆိုတာကတော့ အတိအကျတော့ ဖော်ထုတ်တာမရှိပါဘူး။ စွပ်စွဲပြီးတော့ ဘယ်သူ့ကိုတော့ ဘယ်လိုအတိအကျ စွပ်စွဲတာတွေတော့မလုပ်ပါဘူး။

ကိုဝင်းမင်း။ ။ဟုတ်ကဲ့ နောက်ထပ်ရောအစီအစဉ်တွေ ထိရောက်အောင် စဉ်းစားထားတာတွေဘယ်လိုရှိပါသလဲ။

ဒေါက်တာ ဝင်းမြတ်အေး။ ။ အကူအညီတွေ ထိရောက်အောင်ကျနော်တို့လည်း ဆောင်ရွက်နေတယ်ပေါ့နော်။ ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရတွေနဲ့ ပူးပေါင်းပြီးတော့ ဒါကိုနည်းမျိုးစုံနဲ့ ဆောင်ရွက်နေတယ် တပ်မတော်ကလည်းရဟတ်ယာဉ်တွေနဲ့ ကူညီပေးတယ်ပေါ့နော် အဲလိုမျိုး အခြေနေတွေနဲ့ဆောင်ရွက်နေတာရှိပါတယ်။ အကုန်လုံးထိရောက်အောင်ဆိုတာကလေ တပြည်နယ်လုံးအတိုင်းအတာနဲ့ အကုန်လုံးကို တကယ်ကိုဘေးဒဏ်ကိုထိခိုက်ခံစားရတဲ့လူတွေ အားလုံးကို ကူညီနိုင်အောင်ဆိုပြီးတော့ အစီအစဉ်တွေဆောင်ရွက်နေတာရှိပါတယ်။

ကိုဝင်းမင်း။ ။ဟုတ်ကဲ့ ဒီနေရာမှာတော့ ကြက်ခြေနီလှုပ်ရှားမှုနဲ့ အတူတကွလုပ်ဆောင်သွားမယ်လို့ ရေးထားတာကို ကျနော်တို့ တွေ့ရပါတယ်။ အဲဒါလေးကိုရောနည်းနည်းရှင်းပြပေးလို့ရမလား ဘယ်လိုဖြစ်နိုင်တယ်ဆိုတာလေ။

ဒေါက်တာ ဝင်းမြတ်အေး။ ။ ကြက်ခြေနီကတော့ တကယ်အရေးကြုံလာလို့ရှိရင် ကူညီရမယ့်တာဝန်က ကြက်ခြေနီပဲလေ။ ကြက်ခြေနီဆိုတော့ ခွဲခြားလို့လည်းမရဘူးလေ။ ဘာမှခွဲခြားမှုမရှိပဲနဲ့ ဆောင်ရွက်နေတာဆိုတော့ ကြက်ခြေနီကလည်းဆောင်ရွက်ချင်တယ်ဆိုတော့ ကျနော်တို့လည်းကြက်ခြေနီနဲ့ ပူးပေါင်းဆောင်ရွက်ဖို့စီစဉ်နေတာပါ။

ကိုဝင်းမင်း။ ။ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG