သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ မွန်ပြည်သစ်ခေါင်းဆောင်တွေ့ဆုံမှု အလားအလာကောင်းဟု အပစ်ရပ်အဖွဲ့မျှော်လင့်


မွန်ပြည်သစ်ပါတီခေါင်းဆောင် နိုင်ဟံသာနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြစဉ် (သတင်းဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)
မွန်ပြည်သစ်ပါတီခေါင်းဆောင် နိုင်ဟံသာနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံကြစဉ် (သတင်းဓာတ်ပုံ-နိုင်ငံတော်အတိုင်ပင်ခံရုံး)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်ထားသေးတဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာတို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအပေါ် ခေါင်းဆောင်ချင်းကြား အကျေအလည်ညှိနှိုင်းမှုတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်လှမ်းနိုင်မယ့် အလားအလာကောင်းအဖြစ် ပအို့ဝ်အပစ်ရပ်အဖွဲ့က ကြိုဆိုလိုက်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ အပစ်မရပ်ထားသေးတဲ့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌ နိုင်ဟံသာတို့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုအပေါ် ခေါင်းဆောင်ချင်းကြား အကျေအလည်ညှိနှိုင်းမှုတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်လှမ်းနိုင်မယ့် အလားအလာကောင်းအဖြစ် ပအို့ဝ်အပစ်ရပ်အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ မွန်ပြည်နယ်တွင်း ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွေ အရှိန်မြင့်လုပ်ဆောင်လာနိုင်မယ်လို့လည်း မွန်ပြည်နယ်အရေးလှုပ်ရှားသူတွေက မျှော်လင့်ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အစိုးရတို့ကြား မြန်မာငြိမ်းချမ်းရေးလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်နေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌလည်းဖြစ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁ရက်နေ့က မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်ပြီး နိုင်အောင်မငေး ၊ အပါအဝင် မွန်ပြည်သစ်ပါတီ ကိုယ်စားလှယ်အဖွဲ့နဲ့ နေပြည်တော်မှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)မှာ လက်ခံ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း ပါဝင်ဆောင်ရွက်မှု အခြေအနေတွေကို ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူဖြစ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပြောပေမဲ့ ဆွေးနွေးခဲ့တဲ့အကြောင်းအရာ အသေးစိတ်ကို မပြောခဲ့ပါဘူး။

“တွေ့တာနဲ့၊ ကျနော်တို့ သတင်းထုတ်တာနဲ့ အဲဒါထက် ကျနော်တို့ ဘာမှ ပိုပြောလို့မရဘူး။ ”

အခုလို နိုင်ဟံသာအပါအဝင် မွန်ပြည်သစ်ပါတီခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကြား တွေ့ဆုံမှုအပေါ် အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့(၈)ဖွဲ့ထဲက တဖွဲ့ဖြစ်တဲ့ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ခွန်မြင့်ထွန်းက ကြိုဆိုလိုက်ပါတယ်။

“မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေနဲ့ အခု နိုင်ငံတော်အတိုင်ပင်ခံနဲ့ တွေ့ကြတဲ့ကိစ္စကိုတော့ ကျနော်တို့ ဒါကို အထူးကြိုဆိုတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ခေါင်းဆောင်တွေအကြားမှာ အကျေအလည်ညှိုနှိုင်းမှုတွေ ပိုပြီးတိုးတက်လာတာနဲ့အမျှ ကျနော်တို့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကလည်းပဲ ပိုပြီးတော့မှာ ဒါ ရှေ့ကို ဆက်ပြီးတော့ သွားလာလိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။ ဒါကတော့ ကျနော်တို့ အင်မတန်ကောင်းတာပေါ့နော်။ နောက်တစ်ခုက ဘာလဲဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အမြင် အယူအဆတွေ တူပေမယ့်လို့ အခြေအနေအကြောင်းကြောင်းကြောင့် ကွဲလွဲတာလေးတွေ ရှိလာတတ်တယ်။ အဲဒါတွေကိုလည်းပဲ ကျနော်တို့ ဒီလို တွေ့ပြီးတော့ပေါ့လေ၊ ပုဂ္ဂိုလ်အချင်းချင်းတွေ့ပြီးတော့ ဒီလို ဆွေးနွေးလိုက်တာ ဖြေရှင်းလိုက်တာ မေးလိုက်တာ မြန်းလိုက်တာ အဲဒါတွေက ရေရှည်အတွက်ကို အများကြီးကောင်းတယ်လို့ မြင်ပါတယ်။ ”

တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ အစိုးရတာဝန်ရှိသူတွေကြား အခုလိုကိုယ်တိုင်တွေ့ဆုံမှုတွေကနေ ခိုင်မာတဲ့ယုံကြည်မှုတွေ တည်ဆောက်နိုင်သလို ချမှတ်သင့်တဲ့မူဝါဒဆိုင်ရာကိစ္စတွေကိုလည်း ပွင့်ပွင့်လင်းလင်း အမြင်ချင်းဖလှယ်ဆွေးနွေးနိုင်တဲ့အခါ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်အကောင်အထည်ဖော်နိုင်ရေးအလားအလာကောင်းအဖြစ်လည်း ခွန်မြင့်ထွန်းကရှု့မြင်ပါတယ်။

“ကျနော် ခေါင်းဆောင်တွေ အချင်းချင်းကြားမှာ ထပ်ပြီးတော့မှ အကြိမ်ကြိမ်အခါခါ ထပ်ပြီးတော့မှ တွေ့ဆုံတာတွေ ရင်းရင်းနှီးနှီးတွေ့ဆုံတာ၊ ပြီးရင် နောက်တစ်ခါ ကျနော်တို့ ဆွေးနွေးမှု ဖြစ်စဉ်တွေထဲမှာ တရားဝင်အစည်းအဝေးပွဲကြီးထဲမှာ ထိုင်ပြီး ဆွေးနွေးကြတာမတိုင်ခင်မှာ အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုတွေကလည်း ဒါ အင်မတန်ကို လိုအပ်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလို ဆွေးနွေးမှုတွေကတော့ ကျနော်တို့အနေနဲ့ ဒါတွေကို အများကြီး ကြိုဆိုတယ်လို့ ပြောတာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီ ခေါင်းဆောင်တွေအချင်းချင်းကြားမှာ ထိတွေ့မှု များလာတာနဲ့အမျှ ကျနော်တို့ မူဝါဒဆိုင်ရာကိစ္စတွေလည်း ဆွေးနွေးဖို့ လိုတယ်။ တချို့သော မူဝါဒဆိုင်ရာ ကိစ္စတွေကို မိမိတို့အတွက် စိုးရိမ်ချက်တွေ၊ မိမိတို့ရဲ့ လိုလားချက်တွေ၊ အဲဒါတွေကိုလည်း ဒီလိုတွေ့တဲ့အချိန်မှာ ကျနော်တို့ ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ဆွေးနွေးနိုင်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါကို ကျနော်တို့ ကြိုဆိုတယ်လို့ ပြောတာ ဖြစ်ပါတယ်။”

မွန်ပြည်နယ်တွင်း ငြိမ်းချမ်းရေးတည်ဆောင်နိုင်ပြီဆိုရင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေဖော်ဆောင်လာနိုင်မယ်လို့ မွေန်လူ့အခွင့်အရေးလှုပ်ရှားသူလည်းဖြစ် သဘာဝပတ်ဝန်းကျင်ဆိုင်ရာလှုပ်ရှားသူတဦးလည်းဖြစ်တဲ့ Mi Ah Chai ကတော့ မျှော်လင့်ပါတယ်။

“မွန်လူမျိုးတစ်ယောက်အနေနဲ့ပဲ ဖြစ်ဖြစ်၊ ပြီးတော့ ဒီ CSO မှာ သဘာဝပတ်ဝန်းကျင်နဲ့ သက်ဆိုင်တဲ့၊ နောက်ပြီး လှုပ်ရှားနေတဲ့သူတစ်ယောက်အနေနဲ့ ဒီ ဘယ်လိုမျိုး မြင်လဲဆိုတော့ တကယ်လို့ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်မှာ သူတို့ ဆွေးနွေးတာ သူတို့ရဲ့ အသေးစိတ်အချက်အလက်တွေ ကျမ အကုန်လုံးမသိပေမယ့်လို့ မွန်ပြည်နယ်မှာ အစိုးရနဲ့ တကယ်လို့ ပူးပေါင်းပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်း လုပ်မယ်ဆိုရင် အဓိက ဒီ ဖွံဖြိုးရေး development လို့ ပြောလိုက်တာနဲ့ ဒီ လူထုတွေရဲ့ ဆန္ဒကို သက်ဆိုင်ရာ လူထုရဲ့ ဆန္ဒ တကယ် ရယူဖို့၊ ဒါဟာ အဓိက ပထမ အချက်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဖွံ့ဖြိုးရေး စီးပွားရေးအပိုင်းဝင်လိုက်တာနဲ့ development တွေ အကြီးကြီး ဖြစ်မယ်လေ။ ဆိုတော့ ဒီ project တွေ ဝင်လာလို့ ရှိရင် ဒေသခံတွေအတွက် မနစ်နာအောင် မဆုံးရှုံးရအောင်ဆိုပြီး ဒီက ကျမ လူထုဖက်မှာ ထောက်ပြချင်တာပေါ့။”

အခုဆိုရင်တော့ အပစ်ရပ်ထားတဲ့အဖွဲ့တွေအချင်းချင်း အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှုတွေ ဖော်ဆောင်နေသလို အပစ်မရပ်ထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုလည်း အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မတီက လိုက်လံတွေ့ဆုံဆွေးနွေးမှုတွေရှိနေပြီး လာမယ့် တတိယအကြိမ် ပင်လုံညီလာခံပြန်လည်ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်နေကြတယ်လို့လည်း ခွန်မြင့်ထွန်းကပြောပါတယ်။

“တတိယအကြိမ် ပင်လုံညီလာခံနဲ့ ပတ်သက်ရင်တော့ ဒီ ဒီဇင်ဘာ ဇန်နဝါရီလောက်မှာတော့ အကြမ်းဖျင်း လျာထားတယ်။ သို့သော်လည်းပဲ ဒီညီလာခံ မတိုင်ခင်မှာကျတော့ လက်မှတ်ရေးထိုးထားတဲ့ ၈ ဖွဲ့မှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးမှု ကျင်းပဖို့အတွက်က ကျနော်တို့ ရှမ်းလူမျိူးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲနဲ့ ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကာလမတိုင်ခင်မှာတော့ ကျင်းပဖို့တော့ လိုအပ်ပါတယ်။ နောက်တစ်ခုက ဘာလဲဆိုရင် လက်မှတ်မရေးထိုးသေးတဲ့ ညီနောင်တွေကလည်း ဒီကာလမှာ ဆွေးနွေးညှိုနှိုင်းမှုတွေ ဖြစ်ပြီးတော့မှာ NCA ပေါ်ကို လက်မှတ်ရေးထိုးနိုင်တာ။ အဲဒီလို ဖြစ်ရင်တော့ ဒါက အကောင်းဆုံးဖြစ်ပါတယ်။”

နိုင်ငံတော်အတိုင်ပင်ခံနဲ့တွေ့ဆုံခဲ့တဲ့ မွန်ပြည်သစ်ပါတီ ဒုတိယဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်တဲ့အဖွဲ့ထဲမှာတော့ နိုင်အောင်မငေး၊ နိုင်ဇေယျ၊ နိုင်လယီကောင်း၊ နိုင်ဝင်းလှတို့ပါဝင်ပြီး အစိုးရငြိမ်းချမ်းရေးအဖွဲ့ဘက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန NRPC အဖွဲ့ဝင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်။ အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း အပါအဝင် အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေ၊ NRPC အတွင်းရေးမှူး နိုင်ငံတော်အတိုင်ပင်ခံရုံး ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့လည်း ပါဝင်တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

XS
SM
MD
LG