သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အင်ဒိုနိုင်ငံခြားရေးဝန်ကြီး လာဆွေးနွေးမယ်


၂၀၁၆ ဒီဇင်ဘာတွင် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ တွေ့စုံစဉ်
၂၀၁၆ ဒီဇင်ဘာတွင် အင်ဒိုနိုင်ငံခြားရေးဝန်ကြီး Retno Marsudi နှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ တွေ့စုံစဉ်

မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ပြုလုပ်နေတဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ရေး ဆွေးနွေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ဟာ ဒီကနေ့ တနင်္လာနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားသမ္မတ Joko Widodo ရဲ့ ညွန်ကြားချက်နဲ့ မြန်မာနိုင်ငံကို တရက်ကြာ ခရီးစဉ်အဖြစ် သွားရောက်တဲ့ နိုင်ငံခြားရေးဝန်ကြီး Marsudi ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်စုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီး ဦးကျော်တင့်ဆွေတို့အပြင် အမျိုးသားလုံခြုံရေး အကြံပေး ဦးသောင်းထွန်းတို့နဲ့လည်း တွေ့ဆုံမှာဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ စာနာမှုဆိုင်ရာ အခက်အခဲတွေ ကျော်လွားနိုင်ရေးအတွက် အင်ဒိုနီးရှား ပြည်သူတွေရဲ့ ထောက်ခံမှုကို သယ်ဆောင်လာခြင်းဖြစ်ကြောင်းနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲတွေကို မကြာခင် ကျော်လွားနိုင်ရေး နိုင်ငံတကာ အသိုင်းဝိုင်းရဲ့ မျှော်လင့်ချက်တွေကိုလည်း သယ်ဆောင်လာခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဝန်ကြီး Retno Marsudi က ပြောကြားထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း လုံခြုံမှုနဲ့ တည်ငြိမ်မှုတွေ ပြန်လည် တည်ဆောက်နိုင်ရေးအတွက် အင်ဒိုနီးရှားအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်း အားပေးလျှက်ရှိကြောင်းလည်း အင်ဒိုနီးရှားနိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ လတ်တလော အခြေအနေတွေကို ကန့်ကွက်တဲ့အနေနဲ့ ဆန္ဒပြကြသူ အင်ဒိုနီးရှားတွေက ဂျကာတာမြို့မှာရှိတဲ့ မြန်မာသံရုံးကို ဓါတ်ဆီနဲ့လုပ်ထားတဲ့ လက်လုပ်ဗုံးနဲ့ တနင်္ဂနွေနေ့က ပစ်ပေါက်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ မွတ်ဆလင် လူဦးရေအများဆုံးဖြစ်တဲ့ အင်ဒိုနီးရှား နိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကို အဲဒီ လက်လုပ်ဗုံးနဲ့ ပစ်ပေါက်ခဲ့တဲ့အတွက် သံရုံးမှာ မီးအနည်းငယ် လောင်သွားတယ် ဆိုတာကလွဲလို့ ထိခိုက် ဒဏ်ရာရတဲ့သတင်းတော့ ထွက်မလာခဲ့ပါဘူး။

အင်ဒိုနီးရှာရဲ့ အိမ်နီးချင်း မွတ်ဆလင်အများစု နေထိုင်တဲ့နိုင်ငံတခုဖြစ်တဲ့ မလေးရှားနိုင်ငံက လူ့အခွင့်အရေး ကော်မရှင်ကတော့ မလေးပြည်သူတွေရဲ့ ထောက်ခံမှုရဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မလေးရှားမှာ ရှိနေတဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေအနေနဲ့ လမ်းမတွေပေါ်ထွက် ဆန္ဒမပြသင့်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ Razali Ismail က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

ရိုဟင်ဂျာတွေနဲ့ စည်းလုံးမှုကို ပြတဲ့ အနေနဲ့ ရုရှားနိုင်ငံ မော်စကိုမြို့တော်က မြန်မာသံရုံးရှေ့မှာလည်း မွတ်ဆလင်တွေ တနင်္ဂနွေနေ့က ဆန္ဒပြခဲ့ကြပါတယ်။

ဒီတောအတွင်း မြန်မာနိုင်ငံအတွင်းက မွတ်ဆလင်တွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်နေမှုကို နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ရေငုံ နှုတ်ပိတ်နေတဲ့ကိစ္စအပေါ် အီရန် တရားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က တနင်္ဂနွေနေ့မှာ ဝေဖန် ပြောကြားလိုက်ပါတယ်။

အပြစ်မဲ့၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ မြန်မာနိုင်ငံအတွင်းက မွတ်ဆလင်တွေ သတ်ဖြတ်ခံနေရတဲ့ဖြစ်ရပ်ဟာ စိတ်မကောင်းစရာ ကိစ္စရပ်ဖြစ်ကြောင်း အီရန် တရားရေးဌာန ပြောခွင့်ရ Gholam-Hossein Mohseni Ejei က တနင်္ဂနွေနေ့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတခုအတွင်း ပြောကြားလိုက်ပါတယ်။

အမျိုးသမီးတန်းတူညီမျှရေးနဲ့ အမျိုးသမီးတိုင်း ပညာသင်ကြားခွင့် ရရှိရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူ ပါကစ္စတန်ဖွား Malala Yousefzai ကလည်း Twitter လူမှုကွန်ယက်ကတဆင့် သူ့အဆိုအားဖြင့် မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်ဆလင်လို့ ခေါ်တဲ့ သူတွေ ခံစားနေရတာကို ကြားသိရတိုင်း စိတ်မကောင်းဖြစ်ရကြောင်း တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG