သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တကျော့ပြန်အကြမ်းဖက်မှုကြောင့် ရခိုင်လူမှုအသိုင်းအဝိုင်းနှစ်ခု ယှဉ်တွဲနေထိုင်ရေး ပိုခက်ခဲ


 ရခိုင်ဒုက္ခသည်များ
ရခိုင်ဒုက္ခသည်များ

တကျော့ပြန်ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်းက မတူညီတဲ့ လူမှုအဖွဲ့အစည်း ၂ခုအကြားမှာ အတူတကွ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ဖို့ အတွက် အခက်အခဲတွေ ရှိလာနေပါတယ်။ အထူးသဖြင့် မောင်တောဒေသက ရခိုင်တိုင်းရင်းသားတွေဟာ လုံခြုံမှုကင်းမဲ့လာနေသလို တဖက်လူမှုအဖွဲ့အစည်းအပေါ်မှာလည်း ယုံကြည်မှုတွေ ပျောက်ဆုံးလာနေပါတယ်။ ဒီသတင်းကို ရခိုင်ပြည်နယ်မြောက်ပိုင်းကို သွားရောက်သတင်းယူခဲ့တဲ့ ကိုမိုးဇော်က တင်ပြထားပါတယ်။

သြဂုတ်လ ၂၅ရက်နေ့က ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်တာ လုံခြုံရေးရဲကင်း၊ ရဲစခန်းနဲ့ တပ်ရင်းဌာနချုပ် စတဲ့ စခန်းနေရာစုစုပေါင်း ၃၀လောက်ကို တပြိုင်တည်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ ဒီတကြိမ်တိုက်ခိုက်တာဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၉ရက်နေ့မှာ ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုထက် ပိုမို စနစ်ကျပြီး ပိုမိုကြီးမားပြင်းထန်ခဲ့ကြောင်း ဒေသခံအာဏာပိုင်တွေက သုံးသပ်ထားပါတယ်။

ဒီတိုက်ခိုက်မှုအပေါ် မောင်တောခရိုင်အုပ်ချုပ်ရေးမှုး ဦးရဲထွဋ်က အခုလို ပြောပါတယ်။

“ အောက်တိုဘာ၉ရက်တုံးက ဖြစ်တဲ့ ဖြစ်စဉ်က တမျိုး။ ဒါက ကျေးရွာထဲမှာ choice ထုတ်ထားတဲ့ သူတွေနဲ့ပဲ ဒီစခန်း၃ခုကို တိုက်တာ၊ အခုဟာကျ ဒီ ၃၀လုံးကို ဒီလောက်အင်အား ထုကြီးကြီးနဲ့ တိုက်နိုင်တယ်ဆိုတာ အမာခံရွာတွေမှာ ရှိတဲ့ဟာတွေအကုန်လုံးက သူတို့ စည်းရုံးထားပြီးသားလူတွေနဲ့ပဲ လုပ်နိုင်တာ။ အင်အားလည်း ပိုပြီးတော့မှ များတယ်။ နေရာတိုင်းနေရာတိုင်းမှာ အနည်းဆုံး ရာဂဏန်းအထက်တွေမှာချည်း တိုက်ကြတဲ့ အဖွဲ့တွေချည်းပဲ ဖြစ်တယ်။ ”

ရခိုင်ပြည်နယ်အတွင်း မတည်ငြိမ်မှုတွေဟာ ၂၀၁၂ခုနှစ်တည်းက စတင်ခဲ့တာဖြစ်ပါတယ်။ အဲဒီကာလကတော့ နှစ်ဖက် လူမှုအဖွဲ့အစည်းတွေအကြားမှာ အဓိက ပဋိပက္ခဖြစ်ပွားခဲ့ပြီး ပြီးတဲ့နှစ်ကတော့ အကြမ်းဖက် သူတွေဟာ အစိုးရရဲ့ လုံခြုံရေးတပ်စခန်းတွေ ပစ်မှတ်ထားတိုက်ခိုက်လာတာဖြစ်ပါတယ်။

သြဂုတ်လ ၂၅ရက်နေ့ တိုက်ခိုက်တာတွေဖြစ်ပွားခဲ့တဲ့နောက်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေဟာ လုံခြုံမှုကင်းမဲ့လာပြီး မယုံကြည်မှုတွေ တိုးမြင့်လာပါတယ်။ ဒီအခြေအနေက အတူယှဉ်တွဲနေထိုင်ဖို့အတွက် မဖြစ်နိုင်တော့ကြောင်း မောင်တောမြို့နယ် ကိုင်းကြီး(ရခိုင်)ရွာက ဦးသန်းမိုးက ပြောပါတယ်။

“ ကျနော်တို့ ၂၀၁၂ ပြဿနာရယ်၊ သြဂုတ်လ ပြဿနာရယ်မှာ ကျနော်တို့နဲ့ သူတို့နဲ့ဆိုရင် သိပ်ပြီးတော့ ယုံကြည်ချက်ဆိုတာ မရှိတော့ဘူး။ ကျနော်တို့နဲ့ သူတို့နဲ့ ယှဉ်တွဲနေထိုင်လို့ ရမှာ မဟုတ်ဘူး။ သူတို့က အမျိုးမျိုးကို တနေ့မဟုတ်တနေ့ အကြမ်းဖက်တွေ နည်းလမ်းတွေ ယူမယ်။ သူတို့က ဒီနယ်မြေကို သိမ်းပိုက်ချင်တဲ့အတွက်ကြောင့် ဒီလိုပဲ အချိန်တိုင်းလို အကြမ်းဖက်လာဖို့ဆိုတာ ကျနော်တို့က သိရတယ်။ အဲဒါကြောင့်မို့ ရခိုင်ပြည်နယ်မှာဆို ဘယ်သောအခါမှ တည်ငြိမ်မှာ မဟုတ်ဘူး။ သူတို့ ရှိနေသ၍။ ”

သြဂုတ်လ ၃ရက်နေ့မှာ ကိုင်းကြီး( မြို)ရွာက တောင်ရွာသွားတဲ့ မြို့တိုင်းရင်းသား၈ယောက် သတ်ဖြတ်ခံခဲ့ရပါတယ်။

မောင်တောမြို့ပေါ်က ဦးထွန်းကျော်ကလည်း အတူတကွနေထိုင်ဖို့ မဖြစ်နိုင်ကြောင်း အခုလို ပြောပါတယ်။

“ အဲလိုမျိုးတော့ ရောက်မယ်မထင်ဘူး။ သူတို့က ကျနော်တို့နဲ့ ဒီလို ခန ခန ဖြစ်လာတော့ ကျနော်တု့ိက လုံးဝသံသယတွေရှိနေတယ်။ ကျနော်တို့က သူတို့လူမျိုးတွေမှာ အေးအေးချမ်းချမ်းနေတဲ့လူလို့ ၊ ဥပမာဘင်္ဂါလီတွေက အကြမ်းဖက်လူလို့ ကျနော်တို့ ခွဲခြားလို့ မရဘူးလေ။ အေးအေးဆေးဆေးနေတဲ့လူတွေကို ကျနော်တို့ ဒေသခံတွေက အမြဲတမ်းကြိုဆိုပါတယ်။ ကျနော်တို့ ဒီဒေသမှာ အမြဲတမ်း ဒီလိုဖြစ်တော့ စိတ်မကောင်းဖြစ်တာပေါ့။ စိုးရိမ်မှုဖြစ်ရတယ်။ ဒီလိုဖြစ်လာပြီဆို ကျနော်တို့ တအားကို ဒုက္ခရောက်တာ။ ”

မောင်တောမြို့ အနီး မောင်နီခေါ် မွတ်ဆလင်ကျေးရွာက အုပ်ချုပ်ရေးမှုး ဦးအဒူရာမန်ကတော့ အခုလို ပြောပါတယ်။

“ ကျနော်တို့ကျတော့ ရခိုင်တိုင်းရင်းသားတွေနဲ့ ကျနော်တို့ ပူးပေါင်းပါတယ်။ ညီအကို မိသားစုလို အဲလို နေကြပါတယ်။ အရင်လည်းအဲလိုနေတယ်။ အခုလို အဲလို ဖုန်းတွေဘာတွေဆက်ပြီး အဲလို နေကြပါတယ်။ ကျနော်တို့က အကြမ်းဖက်လည်း မလိုလားဘူး။ အကြမ်းဖက်ကို ဖမ်းပေးဖို့ ကျနော်တို့ ရွာမှာ အဖွဲ့တွေ ဖွဲ့ထားပါတယ်။ ကျနော်တို့ရွာက ရပ်မိရပ်ဖနဲ့ ပူးပေါင်းပြီးတော့ အကြမ်းဖက်သမား ၂ယောက်ကို ဖမ်းပေးပါတယ်။ ”

မောင်တောခရိုင် ဒု ခရိုင်အုပ်ချုပ်ရေးမှုးဦးရဲထူးကလည်း လူအဖွဲ့အစည်း ၂ရပ်အကြားမှာ ယုံကြည်မှုတွေ ကျဆင်းလာနေတယ်လို့ သုံးသပ်ပါတယ်။

“ အခု ကျနော်တို့ ဖြစ်စဉ်တွေဖြစ်တော့ နှစ်ဖက် လူမှုအသိုင်းအဝိုင်းတွေပေါ့ တယောက်အပေါ်တယောက် ယုံကြည်မှုနည်းနည်းလေး ကျဆင်းသွားတဲ့သဘောရှိတယ်။ ”

အုပ်ချုပ်ရေးအဖွဲ့အနေနဲ့တော့ နှစ်ဖက်အသိုင်းအဝိုင်းက လိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးနေ ကြောင်းလည်း ပြောပါတယ်။

လက်ရှိဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုအတွင်းမှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ဦး၊ နိုင်ငံဝန်ထမ်း၂ဦး သေဆုံးခဲ့သလို အရပ်သားတွေထဲက ဟိန္ဒူဘာသာဝင် ၇ဦး၊ ဒိုင်းနက်တိုင်းရင်းသား ၃ဦးနဲ့ ရခိုင်တိုင်းရင်းသား ၄ဦးသေဆုံးခဲ့ကြောင်း နဲ့ အကြမ်းဖက်သမား၃၇၀ ကို အသေဖမ်းဆီးရမိသလို ၉ယောက်ကို အရှင်ဖမ်းဆီးရမိကြောင်း တပ်မတေ်ာကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရဖက်ကတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ နေရာမှာ အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးမှု မရှိအောင် အတတ်နိုင်ဆုံး ထိန်းသိမ်း ဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပြီးကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကလည်း လက်ရှိ ဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေ လျော့ကျရေးအတွက် အရေးပေါ် အစည်းအဝေးကျင်းပ ဆွေးနွေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG