သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြဿနာနဲ့ ကုန်သွယ်ရေးကိစ္စ အိန္ဒိယဝန်ကြီးချုပ်ခရီးစဉ်အတွင်း ဆွေးနွေးဖွယ်ရှိ


၂၀၁၆ အောက်တိုဘာ ၁၈ ရက်နေ့တုန်းက နိုင်ငံတော်အတိုင်ပင်ခံနှင့် အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံစဉ်
၂၀၁၆ အောက်တိုဘာ ၁၈ ရက်နေ့တုန်းက နိုင်ငံတော်အတိုင်ပင်ခံနှင့် အိန္ဒိယဝန်ကြီးချုပ်တို့တွေ့ဆုံစဉ်

မကြာခင်စတင်တော့မယ့် အိန္ဒိယဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းမှုတွေမှာ အတွေ့အကြုံများတဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကြား လုံခြုံရေးနဲ့ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ကုန်သွယ်စီးပွားနဲ့ နယ်စပ်ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိုပြီး တိုးတက်ကောင်းမွန်လာရေး နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဆွေးနွေးနိုင်ခြေ မျှော်လင့်ချက်တွေရှိပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ရဲ့ သုံးရက်တာခရီးစဉ်အပေါ် သုံးသပ်ချက်တွေကိုတော့ ဆက်သွယ်မေးမြန်းချက်ထားတဲ့ မဆုမွန်က စုစည်းတင်ပြထားပါတယ်။

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ BRICS အဖွဲ့ ထိပ်သီးအစည်းအဝေးကို တက်ရောက်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ အစည်းအဝေးအပြီးမှာတော့မြန်မာနိုင်ငံကို ဒီသီတင်းပတ် ထဲရှေ့ခရီးဆက်မှာပါ။ အိန္ဒိယဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်ကတော့ စက်တင်ဘာလ ၅ ရက်နေ့ ကနေ စက်တင်ဘာလ ၇ ရက်နေ့ အထိ နှစ်နိုင်ငံခရီးစဉ်နဲ့ လာရောက်ဖို့ ရှိပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ လုံခြုံရေး အတွေ့အကြုံများတဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကြား လုံခြုံရေးနဲ့ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ နောက် လတ်တလော အိန္ဒိယနဲ့မြန်မာကြား ပြသနာဖြစ်နေတဲ့ ပဲကုန်သွယ်မှုကိစ္စအပါအဝင် ကုန်သွယ်စီးပွားနဲ့ နှစ်နိုင်ငံ နယ်စပ်ဆက်သွယ်ရေး ခရီးလမ်းကြောင်းတွေ ပိုပြီးတော့မှ တိုးတက်ကောင်းမွန်လာရေး နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဆွေးနွေးနိုင်ခြေရှိတယ်ဆိုတဲ့ မျှော်လင့်ချက်တွေရှိပါတယ်။

လတ်တလောမှာတော့ ရခိုင် မောင်တောဘက်မှာ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရတဲ့ မြန်မာအစိုးရအနေနဲ့အိန္ဒိယဝန်ကြီးချုပ်ရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အိန္ဒိယဘက်က ဘယ်လို ကူညီပံ့ပိုးနိုင်မယ်ဆိုတာနဲ့ ဆွေးနွေးဖို့ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန၊ အကြီးတန်းတာဝန်ရှိသူတဦးကလည်း သတင်းထောက်တွေကို ပြောထားပါတယ်။

Modi ခရီးစဉ်အတွင်း အိန္ဒိယနဲ့မြန်မာနိုင်ငံကြား လုံခြုံရေးနဲ့ ကာကွယ်ရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ အလားအလာနဲ့ပတ်သက်လို့ မြန်မာ့နိုင်ငံရေးလေ့လာအကဲခတ်သူ ဦးဇေယျသူက အခုလိုသုံးသပ်ပါတယ်။

“ကျနော်တို့ အိန္ဒိယနဲ့လည်း နယ်စပ်က အရှည်ကြီးဆက်စပ်နေတာကို ၊ အဲလိုဆက်စပ်နေတဲ့အခါကျတော့ နယ်စပ်ဆက်စပ်နေတဲ့ နိုင်ငံ ခေါင်းဆောင်တွေအပြန်အလှန်သွားတဲ့အခါကျတော့ နယ်စပ်ကိစ္စကတော့ မလွဲမသွေပါလာမှာပေါ့လေ။ ဆိုတော့ နယ်စပ်ဖြတ်ပြီးတော့ လုံခြုံရေးကိစ္စတွေရှိမယ်၊ နောက်ပြီးနယ်စပ်ဖြတ်ပြီးတော့ စီးပွားရေးဆက်ဆံတဲ့ကိစ္စတွေရှိမယ်ပေါ့နော်။

အဲလို စီးပွားရေးဆက်ဆံတဲ့ကိစ္စတွေကလည်း လုံခြုံရေးကိစ္စတွေနဲ့ ဆက်စပ်နေတာကို ဘာလို့လဲဆိုတော့ လမ်းကြောင်းတလျောက်က မလုံခြုံဘူး ၊ ပြီးရင် ဒီလိုဆက်စပ်ပြီး ကုန်သွယ်မယ့်ကိစ္စတွေကို မလိုလားအပ်တဲ့အဖွဲ့အစည်းတွေဘာတွေရှိမယ်ဆိုရင် ဒါတွေက စီးပွားရေးကလည်းလုပ်လို့မရဘူးဆိုတဲ့အခါကျတော့ စီးပွားရေးနဲ့ လုံခြုံရေးက ဆက်စပ်ပြီးတော့ ဆွေးနွေးရမှာပေါ့နော် နောက်ပြီးတဲ့အခါကျတော့ အိန္ဒိယကတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးအတွေ့အကြုံတွေက မြန်မာပြည်ထက်အများကြီးရှိတဲ့အခါကျတော့ ဆွေးနွေးမလားပေါ့နော် အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံ အပြန်အလှန် တယောက်ဆီက တယောက်သင်ယူလို့ရအောင် ဆွေးနွေးမလား ဒါကလည်းကျနော်တို့ ဆွေးနွေးမယ့်အပိုင်းမှာ ပါဝင်မယ်လို့ ထင်ပါတယ်။”

အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ ခရီးစဉ်ဟာ မြန်မာနိုင်ငံရဲ့ အင်အားကြီးနိုင်ငံကြီးနှစ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့ကြား သြဇာလွှမ်းမိုးမှု စီးပွားရေး မဟာဗျူဟာနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နံှမှု ဆက်ဆံမှုတွေ တိုးချဲ့ဖို့ ကြိုးစားတဲ့ ခရီးစဉ်အဖြစ် ရှု့မြင်ကြပါတယ်။ ဒီအပေါ် ဦးဇေယျသူရဲ့ အမြင်ကတော့

“အိမ်နီးချင်းကတော့ အကြီး ၂ နိုင်ငံရှိတာပေါ့ တရုတ်နဲ့ အိန္ဒိယဆိုတော့ ကျနော်တို့က တရုတ်ပေါ်မှာ မှီခိုအားထားတာက ကျနော်တို့ များနေတယ်၊ ဒါလည်း တရုတ်ဘက်က အများကြီးရင်းနှီးမြုပ်နှံထားတဲ့ ဆက်ဆံရေးလုပ်တဲ့အခါတော့ နိုင်ငံအတွက်ကောင်းတဲ့အချက်ပဲ။ ဒါပေမယ့် ကျနော်တို့က ၁ နိုင်ငံထဲမှာ မှီခိုထားရင် မူဝါဒအပြောင်းအလဲတွေဖြစ်တဲ့အခါကျရင် ကျနော်တို့နိုင်ငံက အငိုက်မိသွားနိုင်တာပေါ့နော်။ ဒေသအတွင်းမှာ ဘာပဲပြောပြော စီးပွားရေးအရလည်း တက်လာနေတယ်၊ သံတမန်ရေးအရ အင်အားလည်းရှိ နောက်ပြီးတော့ စီးပွားရေးအရလည်း တက်လာပြီးတော့ အရှိန်အဝါလည်းရှိတဲ့ အိန္ဒိယလိုနိုင်ငံမျိုးနဲ့ ကျနော်တို့ ဆက်ဆံထားနိုင်မယ်ဆိုရင် ကျနော်တို့ တရုတ်ပဲအားကိုးနေရတာမျိုးမဟုတ်ပဲနဲ့ အိန္ဒိယဘက်ကလည်း အခွင့်အလမ်းတွေ ပွင့်လာနိုင်တယ်၊ ဒါ ၂ နိုင်ငံ ခေါင်းဆောင်တွေကလည်း ဆက်ဆံရေးကောင်းတဲ့အချိန်ဖြစ်တဲ့အတွက် ဒါကိုတော့ ကျနော်တို့က အခွင့်ကောင်းယူပြီးလုပ်ဖို့တော့ လိုတာပေါ့နော် မြန်မာဘက်ကနေပြီးတော့လေ။”

ဒါ့အပြင် မြန်မာနိုင်ငံက ပဲအမျိုးမျိုးကို အိန္ဒိယက တင်သွင်းနေတာ ကန့်သတ်လိုက်ပြီးတဲ့ နောက်ပိုင်း အိန္ဒိယဘက်က ခေါင်းဆောင်တဦး ပထမဆုံးလာရောက်မယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒီအပေါ် စာရေးဆရာဒေါက်တာခင်မောင်ညိုကတော့ နှစ်နိုင်ငံ ကုန်သွယ်စီးပွားဆက်ဆံမှု အဆင်ပြေလာစေမယ့် အလားအလာကောင်းအဖြစ် ရှု့မြင်ပါတယ်။

“အတော်လေးကို ပဲကိစ္စကို တိုက်ပွဲလို ဟိုဘက်ကနေလုပ်တော့ သူတို့အနိုင်ရတဲ့သဘောမျိုးကြီးရှိတဲ့အချိန်မှာ ကုန်သွယ်ရေးစစ်ပွဲသဘောမျိုးဖြစ်သွားတယ်။ မြန်မာပြည်က ပထမတုန်းကတော့မိုဒီကိုမေတ္တာရပ်ခံဖို့ ဒီ ပဲ ကိစ္စဆိုတော့ အကောင်းဆုံးဖြစ်အောင်မျှော်လင့်နေကြတာပေ့ါ။ ဝိုင်းပြီးတော့ပြောနေကြတာပေါ့လေ ကူညီဖို့။”

ဝန်ကြီးချုပ်မိုဒီရဲ့ အခုခရီးစဉ်အတွင်းမှာတော့ နေပြည်တော်မှာ နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအစိုးရအဖွဲ့ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။ နှစ်နိုင်ငံကြား ဆွေးနွေးမှုတွေနဲ့အတူ ငလျင်ဒဏ်သင့် ပုဂံဘုရားတွေ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ တရပ်ကိုလဲ လက်မှတ်ရေးထိုးဖို့ရှိတယ်လို့သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG