သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပဋိပက္ခ အမေရိကန်အိမ်ဖြူတော် အနီးကပ်စောင့်ကြည့်


အမေရိကန် သမ္မတ အိမ်ဖြူတော် အနေနဲ့မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေတွေကို အနီးကပ် စောင့်ကြည့် နေတယ်လို့ အင်္ဂါနေ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲ အတွင်း သမ္မတရဲ့ပြောခွင့်ရက ပြောသွားပါတယ်။ အမေရိကန် ကွန်ဂရက် လွှတ်တော်က ထင်ရှားတဲ့ လွှတ်တော်အမတ် နှစ်ဦးကလည်းစက်တင်ဘာလ ၆ ရက်နေ့ တရက်ထဲမှာပဲ ဒေါ်အောင်ဆန်းစု ကြည် ဆီကို ရခိုင်ပြည် အရေးနဲ့ ပတ်သက်လို့ သီးခြားစာတွေ ရေးသားပေးပို့ ခဲ့ကြပါတယ်။ ဒီအကြောင်းတွေနဲ့ အတူ အမေရိကန် အနေနဲ့ ရခိုင်ပြည်က အခြေအနေ အပေါ် ဘယ်လို ချဉ်းကပ် လုပ်ဆောင်သင့်တယ် ဆိုတဲ့အပေါ် သံအမတ်ကြီးဟောင်းရဲ့အမြင် တွေကို ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက စုစည်း တင်ပြထားပါတယ်။

အင်္ဂါနေ့က လုပ်တဲ့ အမေရိကန်သမ္မတ အိမ်ဖြူတော် ပုံမှန် သတင်းစာရှင်းလင်းပွဲ အတွင်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကို အစီရင်ခံတင်ပြ ထားပါသလား ဆိုတာနဲ့ မကြာခင် ကျင်းပတော့မယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ခေါင်းဆောင်တဦးဦးနဲ့ ဆွေးနွေးပြောဆိုဖို့ ရှိပါသလားဆိုတဲ့ မေးခွန်းအပေါ် ပြောခွင့်ရ Sarah Sanders က ပြန်ဖြေသွားတာပါ။

“ဒါဟာ ကျမတို့ အနီးကပ် စောင့်ကြည့်နေတဲ့ အခြေအနေ တခုဆိုတာ ကျမသိပါတယ်။ ဒါပေမဲ့ လက်ရှိ အချိန်မှာတော့ ဆွေးနွေးပြောဆိုဖို့ စီစဉ်ထားတာမျိုး ရှိတယ်လို့ ကျမ သိမထားပါဘူး။ ဒါပေမဲ့ ပုံမှန် လုပ်နေသလိုပါပဲ အဲဒီလို တွေ့ဆုံတာမျိုး ရှိလာရင် သတင်းထုတ်ပြန် ပေးမှာပါ။”

ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်နေတဲ့ အခြေအနေက အားလုံးအတွက် တကယ့်ကို စိုးရိမ်ဖွယ်ရာ ဖြစ်နေတာကြောင့် ပိုပြီးတော့ အလျင်အမြန် လုပ်ဆောင်ဖို့ လိုနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell က ဗွီအိုအေကို ပြောပါတယ်။ ပထမဆုံး အနေနဲ့ လုပ်ရမှာက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဒုက္ခသည်တွေ အဖြစ်နဲ့ ရောက်နေသူတွေကို ကူညီစောင့်ရှောက်ဖို့ ဖြစ်တယ်လို့ သံအမတ်ကြီး Mitchell ကပြောပါတယ်။

“သူတို့ဟာ တကယ့်ကို ဆိုးရွားတဲ့ အခြေအနေမှာ ရောက်နေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ ချမ်းသာတဲ့ နိုင်ငံတခု မဟုတ်ပါဘူး။ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ အပါအဝင် ဒုက္ခသည်တွေ အတွက် အခြေခံ လိုအပ်ချက်တွေ အားလုံး သူတို့ လိုအပ်နေပါတယ်။ ဒါ့အပြင် သူတို့ရဲ့မူလ ကျေးရွာတွေဆီကို အချိန်နဲ့ တပြေးညီ ပြန်သွားနိုင်ရေး အတွက်လည်း ကျနော်တို့ အားပေးသင့်ပါတယ်။ ဆိုတော့ လူတွေကို အကူအညီပေးဖို့က နံပါတ် ၁ အချက်ပါ။”

ဒုတိယ အနေနဲ့ ကိစ္စရပ်နှစ်ခုနဲ့ ပတ်သက်ပြီး အထူး ပွင့်ပွင့်လင်းလင်း ပြောဆိုဖို့ လိုတဲ့အကြောင်း၊ တခုက ရခိုင်မြောက်ပိုင်းမှာ နေထိုင်တဲ့ အခုအခါ ဒုက္ခသည်တွေ ဖြစ်နေကြတဲ့ သူ့အခေါ်အားဖြင့် ရိုဟင်ဂျာတွေ အပါအဝင် အဲဒီဒေသမှာ နေထိုင်သူ အားလုံးကို အစိုးရ အနေနဲ့ အကာအကွယ်ပေးဖို့ ဖြစ်ပြီး နောက်တခု ကတော့ ARSA အဖွဲ့နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း လူသိရှင်ကြား ပြောဆိုဖို့ ဖြစ်တယ်လို့ မစ္စတာမစ်ချဲလ်က အကြံပေးပါတယ်။

“မတော်မတရား လုပ်တာတွေ ရှိတယ်ဆိုရင် အဲဒါကို သေချာပေါက် လူသိရှင်ကြား ပြောဆိုရမှာ ဖြစ်သလို ကျနော်တို့ အချိန်နဲ့ တပြေးညီ တွေ့နေရတဲ့ ဘေးဒုက္ခတွေ ဖြစ်နေတယ်ဆိုတာကို လက်တွေ့ပြရပါမယ်။ တချိန်ထဲမှာပဲ ARSA နဲ့ပတ်သက်ပြီး လူသိရှင်ကြား ပြောရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ ဘာဖြစ်ခဲ့တယ် ဆိုတာနဲ့ ဖြစ်ခဲ့တဲ့ အချိန်ကို ကြည့်မယ်ဆိုရင် သူတို့ဟာ ရိုဟင်ဂျာတွေရဲ့ အကျိုးစီးပွားကို တကယ်ပဲ ထည့်စဉ်းစားပုံတောင် မရပါဘူး။ ဒီအပေါ် တုန့်ပြန်ချက်က လက်ရှိဖြစ်ထားတဲ့ ပုံအတိုင်း ရှိမယ်ဆိုတာ သူတို့ သိထားပြီးသား ဖြစ်ပါမယ်။ ဒါဟာ ရိုဟင်ဂျာ အသိုင်းအဝိုင်းက ဘယ်သူ့ကိုမှ အထောက်အကူ မဖြစ်ပါဘူး။ အကြမ်းဖက် တိုက်ခိုက်တာကနေ ဘာအဖြေမှ မရပါဘူး။ မြန်မာနိုင်ငံဘက်ကပဲ ဖြစ်ဖြစ် ရိုဟင်ဂျာ ဘက်ကပဲဖြစ်ဖြစ် အကြမ်းဖက် လုပ်ရပ်နဲ့တော့ ဒါအတွက် အဖြေကို ရမှာ မဟုတ်ပါဘူး။”

ဒါ့အပြင် ကိုဖီအာနန် ကော်မရှင်ရဲ့အကြံပေးချက်တွေကို အချိန်နဲ့ တပြေးညီ အကောင်အထည်ဖော်ရေး အထူးအလေးထားဖို့လည်း မစ္စတာ မစ်ချဲလ်က ထောက်ပြပါတယ်။

“အခုတော့ ဒီကိစ္စက အတိုင်းအတာတခုထိ အာရုံစိုက်မခံရတဲ့ အခြေအနေမှာရှိနေပါတယ်။ ဒီအပေါ်မှာ သန္နိဋ္ဌာန် အခိုင်အမာ ရှိတယ်ဆိုတာ မကြာသေးခင်ကပဲ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။ အဲဒီ အကြံပေးချက်တွေကို အချိန်နဲ့ တပြေးညီ ဂရုတစိုက်နဲ့ ဘယ်လို အကောင်အထည် ဖော်သင့်တယ် ဆိုတာကို အစိုးရနဲ့ အသေအချာ ပြောဆို ဆွေးနွေးသင့်တယ်လို့ ကျနော် ထင်ပါတယ်။ ဒါဆိုရင် အပေါင်းလက္ခဏာ ဆောင်တဲ့ လမ်းကြောင်းနဲ့ အရှိန်အဟုန်ကို ရလာမှာဖြစ်ပြီး ဘယ်သူမှ အကြမ်းဖက်နည်းလမ်းသုံး ဖြေရှင်းဖို့ အခွင့်အရေး ရတော့မှာ မဟုတ်ပါဘူး။”

ဒီအတောအတွင်းမှာပဲ အမေရိကန် အောက်လွှတ်တော်၊ နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ၊ အောက်လွှတ်တော်အမတ် Ed Royce က စက်တင်ဘာလ ၆ ရက် နေ့စွဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ထံကို စာတစောင် ရေးသား ပေးပို့ခဲ့ပါတယ်။ သူ့အခေါ်အားဖြင့် ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက် လုပ်ရပ်တွေကို ရပ်ဆိုင်းဖို့၊ ရခိုင်ပြည်နယ် အတွက် လူသားချင်း စာနာမှု အကူအညီတွေကို အကန့် အသတ်မရှိ ခွင့်ပြုဖို့နဲ့ သတင်းထောက်တွေကို သွားခွင့်ပြုဖို့ မြန်မာအစိုးရကို တိုက်တွန်းပါကြောင်း အောက်လွှတ်တော်အမတ် Ed Royce ရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

အထက်လွှတ်တော်၊ လက်နက်ကိုင် တပ်ဖွဲ့များရေးရာ ကော်မတီဥက္ကဌ၊ ထင်ရှားတဲ့ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း ကလည်း စက်တင်ဘာလ ၆ ရက်နေ့စွဲနဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်ထံကို စာတစောင် ရေးသား ပေးပို့ခဲ့ပါသေးတယ်။ ရခိုင်ပြည်နယ်က သူ့အခေါ် အတိုင်းဆိုရင် ရိုဟင်ဂျာ လူထုအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ဖြစ်နေတယ် ဆိုတဲ့ သတင်းတွေကြောင့် မိမိရဲ့ပိုကြီးမားလာတဲ့ စိုးရိမ်ချက်ကို ဖော်ပြဖို့ နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ မိတ်ဆွေတဦး အနေနဲ့ ဒီစာကို ရေးပါတယ်လို့ မစ္စတာ မက်ကိန်းက သူ့စာထဲမှာပြောထားပါတယ်။

ဒါ့အပြင် နော်ဝေး နိုင်ငံခြားရေး ဝန်ကြီးကလည်း ရခိုင်ပြည်နယ်က လူသားစာနာမှု ဆိုင်ရာ အခြေအနေ အပေါ် အထူးပဲ စိုးရိမ်တဲ့ အကြောင်း၊ အကြမ်းဖက် လုပ်ရပ်တွေ အဆုံးသတ်ဖို့ အတွက် အထူးသဖြင့် အာဏာပိုင်တွေမှာ တာဝန်ရှိတဲ့ အကြောင်း မကြာသေး ခင်ရက်ပိုင်း ထုတ်ပြန်ချက်တခုမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG