သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအတွက် ၄+၁ အကြံပြုချက် အင်ဒိုနီးရှား ဒါကာမှာ ရှင်းလင်း


အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဘင်္ဂလားဒေရှ့် နိုင်ငံခြားရေး ဝန်ကြီးတို့ တွေ့ဆုံဆွေးနွေး။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ဟာ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေရှ့် နိုင်ငံဘက် ထွက်ပြေးခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ် ရှိခ်ဟာဆီနာ သက်သာစေဖို့ သူ့အစိုးရက အကူအညီပေးဖို့ အသင့်ရှိကြောင်း စက်တင်ဘာလ ၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဆွေးနွေးခဲ့ပြီးနောက် အခုလို ဘင်္ဂလားဒေရှ့် နိုင်ငံဘက်ကို ခရီးဆက်ခဲ့တာပါ။ အကြောင်းစုံကို ဒေါ်လှလှသန်းက ပြောပြမှာ ဖြစ်ပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မောင်တောဒေသမှာ မွတ်ဆလင် အစွန်းရောက်တွေက လုံခြုံရေးစခန်း ၃၀ တို့ကို ဝင်တိုက်ခဲ့ပြီး နောက်ဆက်တွဲ အကြမ်းဖက်မှု ဂယက်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ ကုလသမဂ္ဂအဆို တသိန်းကျော်ရှိတဲ့ လူသားချင်းစာနာမှု ပဋိပက္ခကို ကူညီဖြေရှင်းပေးဖို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ဟာ မြန်မာနိုင်ငံက တဆင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို အင်္ဂါနေ့က ဆိုက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့၂၄ နာရီ ခရီးစဉ် အတွင်း သူဟာ ဝန်ကြီးချုပ် ရှိတ်ဟာစီနာနဲ့ တွေ့ဆုံခဲ့ အပြီး ရိုဟင်ဂျာ ပဋိပက္ခ အဖြေရှာနိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ ဒါကာမြို့တော်ရှိ ဆာနော်ဂွန် ဟိုတယ်မှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောခဲ့ပါတယ်။

“ လူသားချင်း စာနာမှု ပဋိပက္ခကို ချက်ခြင်း အဆုံးသတ်သင့်ပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေး ခိုလှုံခဲ့မှုကြောင့် ပဋိပက္ခရဲ့ဝန်ထုပ်ပိနေတဲ့ ဘင်္ဂလားဒေ့ရှ်ကို သက်သာစေဖို့အတွက် အင်ဒိုနီးရှား အစိုးရက အကူအညီပေးဖို့ အဆင်သင့် ရှိပါတယ်လို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောသွားတာ ဖြစ်ပါတယ်။”

ဒါ့အပြင် ဝန်ကြီးချုပ် ရှိခ်ဟာစီနာနဲ့ ဆွေးနွေးမှုမှာ အဓိက အချက် ၃ ချက်ကို ဦးစားပေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။ ရိုဟင်ဂျာတွေ ထွက်ပြေးခိုလှုံမှုကြောင့် ဘင်္ဂလားဒေ့ရှ် ရင်ဆိုင်နေရတဲ့ ပဋိပက္ခကို အင်ဒိုနီးရှားက စာနာတဲ့အကြောင်း၊ ဒီကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်ကို အင်ဒိုနီးရှားက အကူညီပေးဖို့ အဆင်သင့် ရှိတဲ့အကြောင်းနဲ့ လူသားချင်း စာနာမှု အထောက်အကူတွေ ပေးနိုင်မယ့် နည်းလမ်းကို ဆက်လက် ဆွေးနွေးသွားဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နယ်စပ်ဒေသတွေမှာ လက်တွေ့ဖြစ်ရပ်တွေရဲ့နောက်ဆုံး သတင်းတွေကိုလည်း လက်ခံရရှိဖို့လည်း အရေးကြီးတဲ့ အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြခဲ့ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး Marsudi ဟာ စောစောပိုင်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အာမက်အာလီနဲ့လည်း တွေ့ဆုံ ခဲ့ရာမှာ အင်ဒိုနီးရှားအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ပြည်တွင်းဖိအားပေးမှုကြောင့် ခုလို ဘင်္ဂလားဒေ့ရှ်ကို လာရခြင်း ဖြစ်တဲ့အကြောင်းနဲ့ ပြသနာကို ငြိမ်းချမ်းစွာ အဖြေရှာနိုင်ဖို့ အရေးကြီးတဲ့ အကြောင်း ပြောခဲ့ပါတယ်။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ အင်ဒိုနီးရှား ပြည်တွင်းမှာ ဖိအားပေးခြင်း ခံခဲ့ရတာကတော့ ဂျကာတာရှိ မြန်မာသံရုံး မီးလောင်ဗုံးနဲ့ ပစ်ခံ ရသလို ဆန္ဒပြမှုများလည်း ရှိခဲ့ပြီး အစိုးရအပေါ် တောင်းဆိုမှုတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒို အင်ဒိုနီးရှား ဘာသာစကားနဲ့ စောစောပိုင်းက ဂျကာတာမှာ ပြောသွားခဲ့ တာကတော့

“ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အန်တိုနီယို ဂူတားရက်စ် အပြင် ရခိုင်ပြည်နယ် အကြံပေးကော်မရှင် ကိုဖီအာနန် အပါအဝင် အုပ်စုအားလုံးနဲ့ ဆက်သွယ်ဆွေးနွေးဖို့ ကျနော် နိုင်ငံခြားရေးဝန်ကြီးကို တာဝန်ပေးထားပါတယ်။ သူဟာ မြန်မာနိုင်ငံကို သွားရောက်ရာမှာ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ ထပ်မဖြစ်ဖို့ အပြင် မြန်မာနိုင်ငံရှိ မွတ်ဆလင်များ အားလုံး အပါအဝင် နိုင်ငံသားအားလုံးကို အကာအကွယ်ပေးဖို့နဲ့ လူသားချင်း စာနာမှု အထောက်အကူ ပေးနိုင်ဖို့ မြန်မာအစိုးရကိုမေတ္တာရပ်ခံမှာ ဖြစ်ပါတယ်။”

နိုင်ငံခြားရေးဝန်ကြီး Marsudi အနေနဲ့ အခုလို တာဝန်ပေးချက် အရ တနင်္လာနေ့က မြန်မာနိုင်ငံ ကိုရောက်ရှိခဲ့စဉ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပြင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တို့နဲ့ပါ နေပြည်တော်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ 4+1 ဆိုတဲ့ ၄+၁ ဆိုတဲ့ အဓိက အချက် ၄ ချက်နဲ့ ပင်တိုင် အချက်တချက်တို့ကို ဆွေးနွေးခဲ့တဲ့ အကြောင်း သူက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးကို ရှင်းပြခဲ့ပါတယ်။ အဲဒီ ၄+၁ အကြံပေးချက် တွေကတော့ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး ပြန်လည်ရရှိဖို့၊ အတတ်နိုင်ဆုံး စိတ်ထိန်းချုပ်ပြီး အဓမ္မအင်အား အသုံးမပြုဖို့၊ တိုင်းရင်းသား မရွေး ကိုးကွယ်တဲ့ ဘာသာမရွေး ခွဲခြားဆက်ဆံမှု မရှိပဲ အားလုံးကို အကာအကွယ် ပေးနိုင်ဖို့နဲ့ လူသားချင်းစာနာမှု အထောက်အကူ ပေးနိုင်ရေးအတွက် လမ်းဖွင့်ပေးဖို့တို့ ဖြစ်ပါတယ်။

နောက်ဆုံး အဓိက တချက်ကတော့ ကိုဖီအာနန် ကော်မရှင်ရဲ့ အစီရင်ခံစာပါ အကြံပေးချက်တွေကို အကောင်အထည်ဖေါ်ဖို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အများဆုံးမွတ်ဆလင် ဦးရေ အများဆုံးနိုင်ငံဖြစ်တဲ့ ပြည်တွင်းဖိအား ပေးမှုကို အခြေခံတဲ့ အင်ဒိုနီးရှားရဲ့ ရပ်တည်ချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်ကို သူရှင်းပြခဲ့ပြီး ပြသနာ ဖြေရှင်းရေး အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ အတူ မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ပြောခဲ့တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာ ရှင်းပြခဲ့တယ်လို့လည်း သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG