သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းဒေသခံတွေ လုံခြုံရေးစိုးရိမ်နေရဆဲ


ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်များ (စက်တင်ဘာ ၂၀၁၇)
ရခိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်များ (စက်တင်ဘာ ၂၀၁၇)

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်ရင်းစွန့်ခွာတိမ်းရှောင်နေရသူတွေ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ လာရောက်ခိုလှုံသူပေါင်း သောင်းချီရှိသွားပြီဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ် နေရာချပေးနေတဲ့ လူမှုဝန်ထမ်းပြန်လည် နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။

ရခိုင်မြောက်ပိုင်း အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် နေရပ်ရင်းစွန့်ခွာတိမ်းရှောင်နေရသူတွေ ယာယီကယ်ဆယ်ရေးစခန်းတွေမှာ လာရောက်ခိုလှုံသူပေါင်း သောင်းချီရှိသွားပြီဖြစ်တယ်လို့ ဒုက္ခသည်တွေကို ကူညီကယ်ဆယ် နေရာချပေးနေတဲ့ လူမှုဝန်ထမ်းပြန်လည် နေရာချထားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးက ပြောဆိုလိုက်ပါတယ်။ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေးအခက်အခဲဖြစ်နေကြပြီး သူတို့ရဲ့လုံခြုံရေးဟာ စိုးရိမ်စရာအနေအထားမှာပဲ ရှိနေတုန်းပဲလို့ ဒုက္ခသည်တွေကို လိုက်လံကူညီပေးနေတဲ့ လူမှုအဖွဲ့တွေကလည်းပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့သြဂုတ်လ ၂၄ရက်နေ့ က ရခိုင်မြောက်ပိုင်း မောင်တောဒေသထဲက လုံခြုံရေးရဲစခန်းတွေ ရဲကင်းတွေနဲ့ လုံခြုံရေးအခြေစိုက်တပ်စခန်း ၃၀ကို တပြိုင်နက်တည်း လူအင်အားသုံးအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တပ်မတော်ဘက်က ဒေသခံပြည်သူတွေအတွက် လုံခြုံရေးအထူးအစီအမံတွေနဲ့ တပ်အင်အားတိုးချပြီး နယ်မြေရှင်းလင်းရေးတွေဆောင်ရွက်နေကြပါတယ်။

အခုအချိန်အထိ မောင်တောဒေသတွင်း ကျေးရွာတချို့မှာ ပိတ်မိနေဆဲ ဒုက္ခသည်တွေကို ကူညီရေးနဲ့ နေရပ်စွန့်ခွာပြေးနေရတဲ့ဒေသခံတွေကို ယာယီကယ်ဆယ်ရေးစခန်းတွေမှာ နေရာချထားပေးရေး ပြည်နယ်အစိုးရနဲ့ပြည်ထောင်စုအစိုးရဝန်ကြီးဌာနတွေပူးပေါင်းဆောင်ရွက်နေကြရဆဲအနေအထားဖြစ်ပါတယ်။

အခုဆိုရင်တော့ ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် အသက်ဘေးကလွတ်ရာ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒေသခံပြည်သူတွေရဲ့ အရေအတွက်ပေါင်းက သောင်းဂဏန်းအထိရှိသွားပြီဖြစ်တယ်လို့ မောင်တောက ဒေသခံတွေကို ကိုယ်တိုင်သွားရောက်ကူညီပေးနေတဲ့ လူမှုဝန်ထမ်းပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်သူရိန်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်တို့ နောက်ဆုံးရထားတဲ့ information က ဆိုရင် အားလုံး ၂ သောင်း ၇ ထောင်ကျော်တယ်။ နေရပ်စွန့်ခွာသူပေါ့။ နေရပ်စွန့်ခွာသူမှာ ပုံစံ ၂ မျိုးရှိတယ်။ တစ်မျိုးက ဘာလဲဆိုတော့ စစ်တွေတို့၊ ပုဏ္ဏားကျွန်းတို့၊ ကျောက်တော်တို့၊ အဲဒီမှာရှိတဲ့ ဒီဘုန်းကြီးကျောင်းတွေကို ရွှေ့လာတဲ့သူတွေပေါ့။ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ကနေပြီးတော့ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း အဲဒီမှာ ရှိတဲ့ ဒီ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ အဲဒီဘက်တွေ။ နောက်တစ်ခါကျတော့ ဘူးသီးတောင်၊ မောင်တောမှာ ရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ အဲဒါတွေကို လုံးဝအပြီး ရွှေ့လာကြတဲ့ နေရပ်စွန့်ခွာသူတွေ ရှိတယ်။ အဲဒါက ပုံစံတစ်မျိုး။

နောက်တစ်ခုကကျတော့ သူတို့က အဲဒီ မြို့ပေါ်မရောက်ဘူူး။ မောင်တောမှာပဲ။ ဟိုဘက်ရွာကနေ ဒီဘက်ရွာ၊ ရွာလေးတွေစုနေလိုက်ကြတာ။ ဥပမာ တောင်ပြိုတို့ ဘာတို့မှာ စုနေတာတွေရှိတယ်။ တခြားဒီ သမန်းသားတို့ ဘာတို့ပေါ့နော်။ စသဖြင့် အဲဒီနေရာတွေမှာ သွားပြီးတော့ စုနေတဲ့သူတွေရှိတယ်။ အဲဒါကျတော့ ပုံစံတစ်မျိုး။ အဲဒီ ၂ မျိုးပေါင်းမယ်ဆိုရင် အိမ်ထောင်စုက ၆၅၃၁၊ လူဦးရေကကျတော့ ၂၇၈၇၄ ပေါ့နော်။ အဲဒါ စက်တင်ဘာ ၆ ရက်နေ့ကပေါ့။”

အခုလို နေရပ်ရင်းကို စွန့်ခွာထွက်ပြေးလာရတဲ့ဒေသခံပြည်သူတွေရဲ့ ကလေးငယ်တွေ ထိခိုက်ခဲ့ရတဲ့ ကျောင်းပညာရေး ဆက်လက်သင်ကြားခွင့်နဲ့ ကလေးငယ်တွေရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေအတွက်လည်း ပြန်လည်ကုစားပေးနိုင်ရေး အစီအစဉ်တွေ ဆောင်ရွက်နေတဲ့အကြောင်း ဒေါက်တာအောင်သူရိန်ကပြောပြပါတယ်။

“အကြမ်းဖက်မှုနဲ့ တွေ့ရတဲ့အခါမှာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရှိတယ်။ စိတ်ဓာတ်ဒဏ်ရာတွေရတယ် တချို့ကလေးတွေကလေ။ အဲဒီအတွက်ကို ကျနော်တို့က Psycho-social support ပေါ့နော်။ လူကြီးတွေလည်း ပါတော့ပါတာပေါ့နော်။ ဒီကလေးတွေအတွက်ကိုပါ ကျနော်တို့က ပိုပြီးဦးစားပေးပြီးတော့ ကလေးတွေကို ကျနော်တို့က အဲဒါတွေ လုပ်ပေးမယ်။ ကျနော်တို့ လူမှုဝန်ထမ်းဝန်ကြီးဌာန၊ နောက် ကလေးပျော်နေရာတွေကို ဖန်တီးပေးမယ်။ သူတို့နေနေတဲ့ ခုနကပြောတဲ့ စုရပ်နေရာတွေမှာပဲ ကလေးကစားကွင်း အသေးစားလေးတွေပေါ့နော်။ ဒီကလေးပျော် နေရာလေးတွေ။ အဲဒီလိုမျိုးလေးတွေ ကျနော်တို့က ဖန်တီးပေးပြီးတော့ ဒီကလေးတွေအတွက်ကို ကျနော်တို့က သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အနာတရမဖြစ်အောင် ကျနော်တို့က ဆောင်ရွက်ပေးမယ်။ လုပ်နေပြီပေါ့နော်။”

ဒေသတွင်း ပြည်သူတွေ လူမှုဘဝတွေ စိုးရိမ်ကြောက်လန့်မှုမရှိပဲ ပုံမှန်လည်ပတ်နိုင်ရေးအတွက် အစိုးရတာဝန်ရှိသူတွေနဲ့ စစ်ဘက် အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဝန်ကြီးဌာနတွေ အားလုံးပူးပေါင်းဆောင်ရွက်မယ်ဆိုရင် ဒေသတွင်းရေရှည်လုံခြုံရေးအတွက် အောင်မြင်နိုင်လိမ့်မယ်လို့ စစ်ဘက်၊ အရပ်ဘက်ဆက်ဆံရေး ပညာပေးဆောင်ရွက်နေတဲ့ အမေရိကန်ပြည်ထောင်စု Hawaii ပြည်နယ် Honolulu အခြေစိုက် အာရှနဲ့ ပစိဖိတ်ဒေသ လုံခြုံရေးပညာ တက္ကသိုလ်က လုံခြုံရေးပါမောက္ခလည်းဖြစ်၊ အမေရိကန်ကြည်းတပ် ဗိုလ်မှူးကြီးတဦးလည်းဖြစ်တဲ့ ဒေါက်တာမီမီဝင်းဘတ်က အကြံပြုပါတယ်။

“အကောင်းဆုံးအကြံပေးချက်တာတော့ home of government solution ပေါ့နော်။ ပြီးတော့ coordinate ပူးပေါင်းပြီးတော့ coordinate, cooperate လုပ်လို့ရှိရင် ပိုပြီးတော့ ထိရောက်မယ်လို့ ကျမထင်ပါတယ်။ စစ်ဖက်အရပ်ဖက်ကော နောက်ပြီးတော့လည်း ဝန်ကြီးတွေ၊ ဝန်ကြီးဌာနတွေအားလုံးလည်း စုစုပေါင်းပေါင်း ညီညီညာညာ လုပ်လို့ရှိရင် သူတို့ ပိုပြီးတော့ ကူညီနိုင်မယ်လို့ ထင်ပါတယ်။ community relation ပေါ့နော်။ community relation ဖြစ်ဖြစ်၊ သူတို့နဲ့ community relation, community ဆက်ဆံရေးတွေကို ပိုပြီးတော့ လုပ်ပေးလို့ရှိရင် ပိုကောင်းမယ်လို့ ကျမထင်ပါတယ်။”

အခုလက်ရှိအခြေအနေမှာတော့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် တိမ်းရှောင်လာရတဲ့ ဒုက္ခသည်တွေဟာ ဘူးသီးတောင်၊ မောင်တောနဲ့ အနီးအနားဒေသတွေမှာ ခိုလှုံနေကြရပြီး သူတို့အတွက် စားနပ်ရိက္ခာအခက်အခဲနဲ့ လုံခြုံရေးအထူးစိုးရိမ်မှုတွေရှိနေဆဲပဲလို့ ဒုက္ခသည်တွေကို ကျေးရွာတွေအထိ လိုက်လံကူညီကယ်ဆယ်ပေးနေတဲ့ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံးက လူငယ်ကတဦးဖြစ်တဲ့ ကိုဇော်ဇော်ထွန်းကပြောပါတယ်။

“သူတို့ လုံခြုံရေးအခြေအနေကတော့ တပ်မတော်စစ်ကြောင်းတွေကနေပြီးတော့မှ သူတို့လာပြီးတော့မှ ဒီ လုံခြုံရေးကူညီပေးနေတယ်လို့ ပြောပေမယ့် သူတို့က သိပ်ပြီးတော့ စိတ်ချယုံကြည်မှုတော့ မရှိဘူး။ ဒီ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို အမြဲတမ်းမြင်နေရတာ မရှိတဲ့အခါကျတော့ သူတို့က မလုံခြုံသလို ခံစားရတယ်ပေါ့။ နောက်တစ်ခုက ကျေးရွာကနေပြီးတော့ တခြားကို ထွက်သွားလို့ မရဘူး။ လမ်းခရီးအခြေအနေတွေကလည်းပဲ ဒီစစ်တပ်ကမှအပ ဒီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကမှအပ သူတို့ လုံခြုံမှုအနေအထားကို သူတို့ မသိကြဘူး။ မသိတော့ တခြားရွာတစ်ရွာကို သူတို့ မသွားရဲကြဘူး။ မသွားနိုင်ကြဘူး။ အဲဒီတော့ သူတို့ရဲ့ ဒီစားဝတ်နေရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဘာမှမရှိဘူး။ အဓိက အမျိုးသမီးတွေနဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို ဒီထက်ပို စိတ်ချရတဲ့ လုံခြုံတဲ့နေရာကို ပိုပေးစေချင်တဲ့ဆန္ဒတော့ အကုန်လုံးလိုလိုမှာ ရှိပါတယ်။ ”

လတ်တလောအခြေအနေမှာတော့ ရခိုင်မြောက်ပိုင်းမှာ နေရပ်စွန့်ခွာရသူတွေဟာ ဘေးလွတ်ရာအနှံ့အပြားသို့ ထွက်ပြေး တိမ်းရှောင်နေကြပြီး လူဦးရေပျံ့ကြဲနေကြတဲ့အတွက် လူသားချင်းစာနာထောက်ထားမှု ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အကူအညီများ စနစ်တကျ လုပ်ဆောင်ပေးနိုင်ရေးမောင်တောမြောက်ပိုင်း၊ မောင်တောအလယ်ပိုင်းနှင့် မောင်တောတောင်ပိုင်း နယ်မြေ ၃ ခု ခွဲခြားပြီး ဆောင်ရွက်သွားမှာဖြစ်တဲ့အတွက် ဒုက္ခသည်တွေအနေဖြင့် မိမိတို့နဲ့ အနီးဆုံး ယာယီစုစည်းရာ စခန်းတွေကို ဆက်သွယ်သွားရောက် စုစည်းပေးကြဖို့ကိုအစိုးရတာဝန်ရှိသူတွေက လိုက်လံနိုးဆော်အသိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG