သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် စက်တင်ဘာ ၁၉ နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောမည်


မှတ်တမ်းဓာတ်ပုံ- Forum on Myanmar Democratic Transition တက်ရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်။
မှတ်တမ်းဓာတ်ပုံ- Forum on Myanmar Democratic Transition တက်ရောက်လာတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စက်တင်ဘာလ ၁၉ ရက်နေ့မှာ နိုင်ငံတော်ကို မိန့်ခွန်း ပြောကြားမှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့က နေပြည်တော် နိုင်ငံတော်သမ္မတ အိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ပြောပါတယ်။ အဲဒီ အခမ်းနားကို တက်ရောက် သတင်း ယူဖို့အတွက် ပြည်တွင်း ပြည်ပက မီဒီယာ အစုံအလင်ကို ဖိတ်ကြားမှုတွေ စတင် လုပ်ဆောင်နေပြီဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့် အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေးနေရတဲ့အချိန် အခု ကျင်းပနေတဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတက်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ချေပ ပြောကြားလိုက်တာ ဖြစ်ပါတယ်။

တိုင်းပြည်အတွင်း ဖြစ်ပေါ်နေတဲ့ ရှုပ်ထွေးမှုတွေကြောင့် လုံခြုံရေး အခြေအနေတွေကို စိုးရိမ်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို မတက်နိုင်ပေမယ့်လည်း ကုလသမဂ္ဂမှာ ပြောကြားမယ့် စကားတွေအတိုင်း အတိုင်ပင်ခံပုဂ္ဂိုလ်အနေနဲ့ စက်တင်ဘလာ ၁၉ ရက်နေ့မှာ နိုင်ငံတော်ကို မိန့်ခွန်း ပြောကြားမှာဖြစ်ကြောင်း ဦးဇော်ဌေးက ပြောပါတယ်။

“ ကျနော်တို့က အခု ဖြစ်စဉ်ဖြစ်ရပ် အမှန်တွေ အမှန်အတိုင်း လုပ်ပါမယ်။ အဲဒီ အတွက်လည်း ကျနော်တို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် နောက်အပတ်ထဲမှာ ကျနော်တို့ Speech ပြောပါမယ်။ Speech က ဘာလဲ ဆိုတော့ ကျနော်တို့ State of the Union သဘောမျိုးပေါ့နော် နိုင်ငံတော် အခြေပြ မိန့်ခွန်း သဘောမျိုး ကျနော်တို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ မိန့်ခွန်းပြောမှာ ဖြစ်ပါတယ်။ ပြန်ကြားရေးကနေ ပြီးတော့ အခု မီဒီယာတွေကို ပြောနေတယ်။

၁၉ ရက်နေ့ အဲဒီအတွက် ကျနော်တို့ စီစဉ်ထားတယ်။ စီစဉ်ထားတယ်ဆိုတာက ဒီ Speech က ပေ့ါနော် ထွက်ပြီး ပြောဖို့ လိုမယ်ဆို ကျနော်တို့ ပြောမယ်။ ဟိုသွားလည်း ကျနော်တို့ ပြောမှာ ဒီအတိုင်ပင်ခံ ပုဂ္ဂိုလ် ပြောတာဘဲ။ ဒီ မြန်မာနိုင်ငံကနေပြီးလည်း ပြောမှာဘဲ။ တခြားသော မီဒီယာနဲ့ ပတ်သက်တဲ့ဟာတွေ ကျနော်တို့ လောလောဆယ်တော့ အတည်ပြုနိုင်ခြင်း မရှိသေးလို့ ထုတ်ပြောလို့ မရသေးဘူး။ ကျန်တဲ့ State Councilor ကိုယ်တိုင် လုပ်မယ့်ဟာတွေလည်း ကျနော်တို့ စီစဉ်နေပါတယ်။ အဲလောက်ဘဲ ပြောပါရစေ။ ”

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မိန့်ခွန်းကို မြန်မာလိုတမျိုးထဲ ပြောမလား၊ ဒါမှမဟုတ် အင်္ဂလိပ်လိုပါ ထည့်သွင်း ပြောကြားမလား ဆိုတာကတော့ မသေချာသေးပါဘူး။

ကုလသမဂ္ဂ အထွေထွေညီလာခံကိုတော့ မြန်မာနိုင်ငံကိုယ်စား ဒုသမ္မတ ဟန်နရီ ဗန်ထီးယူ ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်မှာ ဖြစ်ပြီး စက်တင်ဘာလ ၂၀ ရက်နေ့မှာ အထွေထွေညီလာခံကို မိန့်ခွန်း ပြောကြားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ကို မိန့်ခွန်းပြောကြားတဲ့ အခမ်းအနားမှာ နိုင်ငံတကာက သတင်းဌာနကြီးတွေ သတင်း လာယူနိုင်ရေး အတွက် မြန်မာနိုင်ငံခြားရေး ဌာနနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး ဖိတ်ကြားမှုတွေ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ဦးဇော်ဌေးက ပြောပါတယ်။

“ အဲဒီ အခါကျရင် ကျနော်တို့ မီဒီယာတွေကိုလည်း ဝင်ရောက်ခွင့် ပြုမှာပါ။ မီဒီယာတွေ ဝင်ရောက်ခွင့် ပြုတဲ့ နေရာမှာ ကျနော်တို့ ပြည်ပ သတင်းထောက်တွေ အနေနဲ့ ပြည်ပကနေ လာပြီး သတင်းယူမယ်ဆိုရင် ကျနော်တို့ ပြန်ကြားရေး ဝန်ကြီးဌာနကို ကျနော်တို့ ပြောထားပါတယ်။ တကယ်လို့ ဟိုမှာ ရှိတဲ့ အခြေစိုက် ဗျူရိုကနေ လာချင်တယ်ဆိုရင် ဗီဇာတွေ ဘာတွေ လေ ျှာက်တဲ့ အခါမှာ ခက်ခဲမှာ စိုးလို့ ကျနော်တို့ကို စာရင်းပေး ကျနော်တို့ နိုင်ငံခြားရေး ဝန်ကြီးဌာနကနေ ပြီးတော့ ဟို သံရုံးတွေကို ပြောပေးမှာ ဖြစ်ပါတယ်။ ဗီဇာမြန်မြန်ရအောင်။ အဲဒီ opportunity အတွက် လာဖို့ ကျနော်တို့ ဖိတ်မှာ ဖြစ်ပါတယ်။ အခု ပြန်ကြားရေး ဝန်ကြီးဌာနကို ကျနော်တို့ ဖိတ်ခိုင်းထားပါတယ်။”

အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတင်းထောက်တွေနဲ့ အမေးအဖြေ လုပ်မလုပ် ဆိုတာကိုတော့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

မနှစ်က ကျင်းပတဲ့ ၇၁ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အခုနှစ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖို့ မူလက စီစဉ်ထားရာက ရခိုင်ပြည်မှာ တကျော့ပြန် ဖြစ်လာတဲ့ ပဋိပက္ခအပေါ် အခြေခံပြီး တိုင်းပြည်အတွင်း လုံခြုံရေးအခြေအနေတွေကို စိုးရိမ်တဲ့အတွက် အနားကပ်မှ အထွေထွေ ညီလာခံကို တက်မယ့်အစီအစဉ်ကို ဖျက်လိုက်တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ အခုလို ဆိုးရွားလာတာဟာ ကိုဖီ အာနန်းဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဖွဲ့စည်းမှုနဲ့ ကော်မရှင်ရဲ့ တင်ပြချက်တွေအပေါ် အကြမ်းဖက် အုပ်စုတွေဘက်က မလိုလားတဲ့အတွက် ဖြစ်တယ်ဆိုတာ အစိုးရအနေနဲ့ စုံစမ်း သိရှိခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဦးဇော်ဌေးက ပြောပါတယ်။

“ ကျနော်တို့ ပြန်ကြည့်ရင် ဒီ သြဂုတ်လ ၂၄ ရက်နေ့က ကိုဖီအာနန် Report ကို ထုတ်ပြန်တယ်။ သတင်းစာ ရှင်းလင်းပွဲ လုပ်တယ်။ အဲဒီ ၂၅ ရက်နေ့ မနက်မှာ စပြီး ဖြစ်တယ်။ နေရာပေါင်း ၃၀ ကျော် တိုက်တယ်။ ပထမ တကြိမ်တုန်းကလည်း ကျနော်တို့ ပြန်ကြည့်လိုက်ရင် ကိုဖီအာနန် အကြံပေး ကော်မရှင်ကို ကျနော်တို့ ၂၀၁၆ သြဂုတ်လမှာ ဖွဲ့တယ်။ ဒီအကြမ်းဖက် တိုက်ခိုက်မှုတွေကို ကျနော်တို့ ၆ နေရာကို တိုက်ဖို့ ကြိုးစားတယ်။ ၃ နေရာ အောင်မြင်တယ်။ အဲဒီ တိုက်ခိုက်မှုက ဘယ်မှာ ဖြစ်တာလဲ ဆိုတော့ အောက်တိုဘာလ ၆ ရက်နေ့မှာ ဖြစ်တယ်။ အဲတော့ ဒီ ကိုဖီအာနန် ကော်မရှင် ဖွဲ့စည်းပြီးတော့ ဆောင်ရွက်တဲ့ အနေအထားပေါ်မှာ အဲဒါကို လက်မခံ ဖြစ်လာအောင်ပေါ့နော် တိုက်တယ်ဆိုတဲ့ ယူဆချက် ရှိပါတယ်။ အခုဟာက ပို သေချာသွားတာက ဒုတိယ အကြိမ် တိုက်ခိုက်မှုမှာကျ ကျနော်တို့ Report ထွက်တယ်။ ထွက်ပြီးတာနဲ့ ည တိုက်တယ်ပေါ့နော်။ ”

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်က တင်ပြထားတဲ့ အကြံပြုချက်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် မြန်မာအစိုးရအနေနဲ့ - ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကော်အထည်ဖော် ဆောင်ရွက်ရေး ကော်မီတီ - ကို ဖွဲ့စည်းလိုက်ကြောင်း သမ္မတ ဦးထင်ကျော်က စက်တင်ဘာလ ၁၂ ရက်၊ အင်္ဂါနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီ ကော်မရှင်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် နေရာပြန်လည်ချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုက ပူးတွဲဥက္ကဋ္ဌ၊ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌ စသဖြင့် အသီးသီး တာဝန်ယူကြမှာ ဖြစ်ပြီး တခြား ဌာနဆိုင်ရာ အတော်များများက တာဝန်ရှိသူတွေလည်း အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ကြမှာ ဖြစ်ပါတယ်။ ကော်မီတီမှာ ဥက္ကဋ္ဌအပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၅ ဦး ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG