သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလညီလာခံ ဒေါ်စုမတတ်နိုင်ခြင်းအပေါ် အမြင်အယူအဆများ


 နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်

လူမျိုးရေးဘာသာရေးအရ လှုံ့ဆော်မှုတွေ ရှိနေတဲ့အချိန်မှာ ပြည်တွင်း တည်ငြိမ်ရေး အလေးထား ဆောင်ရွက်နေတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နယူးယောက်မှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မှာမဟုတ်ဘူးလို့ မြန်မာအစိုးရက ပြောပါတယ်။ ဒါပေမဲ့လည်း ရခိုင်အရေးပြဿနာနဲ့ပတ်သက်လို့ နိုင်ငံတကာမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိနေတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ဖြေရှင်းမှ ဖြစ်နိုင်မယ်လို့ သုံးသပ်ပြောဆိုတာတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တွင်း အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာက မြန်မာအစိုးရအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ ဒီလထဲကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာမဟုတ်ဘူးလို့ မြန်မာအစိုးရ တာဝန်ရှိသူတွေက ပြောဆိုလိုက်တာပါ။ ဒါနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောခွင့်ရ ဦးဇော်ဌေးက အခုလို ပြောပါတယ်။

“ကျနော်တို့ ပြည်တွင်းမှာ ဒီရခိုင်ပြည်နယ် မောင်တောပြဿနာနဲ့ ပတ်သက်ပြီးတော့ အစိုးရကိုဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေရှိတယ်။ ဆန္ဒပြမှုတွေနဲ့ ဆက်စပ်ပြီးတော့ ကျနော်တို့ လူမျိုးရေးဘာသာရေးဘက်ကိုဆွဲသွားတဲ့ ပဋိပက္ခဖန်တီးမှုတွေလည်းရှိတယ်။ ကျနော်တို့ ပြီးခဲ့တဲ့ တောင်တွင်းကြီးဖြစ်စဉ်မှာ တွေ့ခဲ့ရသလို ကျနော်တို့ ပြည်တွင်းမှာ တည်ငြိမ်မှုအတွက် အထူးအလေးထားပြီးတော့ လုပ်နေရတဲ့အနေအထားတွေရှိပါတယ်။ နောက်တတိယအချက်က ကျနော်တို့ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်နိုင်တယ်ဆိုတဲ့ သတင်းအချက်အလက်တွေရှိတယ်။ အဲဒီအပေါ်မှာလည်း မြန်မာနိုင်ငံမြို့ကြီးတွေမှာ အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတဲ့ပြောကြားချက်တွေ သတင်းအချက်အလက်တွေရတယ်။ အဲဒါတွေကလည်း လုံခြုံရေးအရ အထူးအလေးထား ဆောင်ရွက်နေတဲ့အနေအထားတွေရှိတယ်။”

ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်လို့် နိုင်ငံတကာမှာ ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိနေတာကြောင့် ဒီဝေဖန်မှုတွေကို ထိထိရောက်ရာက် တုံ့ပြန်ဖို့ ဒေါ်အောင်ဆန်းစုကြည် တက်သင့်တယ်ဆိုတဲ့ အမြင်တွေ ရှိသလို၊ ပြည်တွင်းအခြေအနေကို ဦးစားပေးသင့်တယ်လို့ ဆိုပြီး မတက်သင့်ဘူးလို့ ယူဆကြတဲ့သူတွေလည်း ရှိပါတယ်။ မြန်မာပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကတော့ - နိုင်ငံတကာမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အမြင်လွှဲမှားမှုတွေနဲ့ ဖိအားတွေကို တုန်ပြန်ဖို့ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရောက်ဖြေရှင်းသင့်တယ်လို့ ပြောပါတယ်။

“တကယ်ကတော့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့အခြေအနေနဲ့ ပတ်သက်ပြီးတော့ မမှန်မကန်စွပ်စွဲချက်တွေ ပပြောက်သွားအောင် နောက်တခါ အစိုးရက ဆက်လက်ဆောင်ရွက်မယ့် နည်းလမ်းတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာက လက်ခံလာနိုင်အောင်ရောပြောနိုင်စွမ်းရှိတာက ဒေါ်အောင်ဆန်းစုကြည်တယောက်ပဲရှိပါတယ်။ ဒါကြောင့်မို့လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီအခွင့်အရေးကို အပြည့်အဝအသုံးချသင့်တယ်လို့ မြင်ပါတယ်။

ပထမဦးဆုံးတခုက ကျနော်တို့နားလည်ထားရမှာက ဒီကနေ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ဖြစ်နေတဲ့ နိုင်ငံတကာအမြင်နဲ့ နိုင်ငံတကာဖိအားဟာ ၁၉၄၈ ခုနှစ်ကနေ အခုအချိန်အထိမှာ အပြင်းထန်ဆုံးအခြေအနေဖြစ်တယ်ဆိုတာလည်း ကျနော်တို့ လက်ခံဖို့လိုပါတယ်။ ၂ ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အတိုက်အခံဘဝမှာတုန်းက ဒီမိုကရေစီရယ်၊ လူ့အခွင့်အရေးရယ်၊ နောက်တခါ အမျိုးသားပြန်လည်သင့်မြတ်ရေးရယ်၊ ပဋိပက္ခတွေကို ငြိမ်းချမ်းစွာဖြေရှင်းရေးနဲ့ ပတ်သက်ပြီးတော့ ဦးဆောင်လှုပ်ရှားခဲ့တဲ့အတွက် နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုကို ရထားတယ်။ အခုရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေက လုံခြုံရေးအမြင်တခုနဲ့ ချဉ်းကပ်လို့မရပဲနဲ့ လူ့အခွင့်အရေးကိစ္စတွေ လူသားချင်းစာနာမှုအခြေအနေတွေ ဒါတွေအားလုံးမှာ ပေါင်းစည်းပြီးတော့ ဖြေရှင်းရမယ့်ကိစ္စဖြစ်တဲ့အတွက်ကြောင့်မို့လို့ အဲဒါကိုအလုပ်နိုင်ဆုံးက ဒေါ်အောင်ဆန်းစုကြည် တယောက်ပဲ ရှိတာပေါ့။”

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အထွေထွေညီလာခံကို တက်ရောက်ဖို့ အရင်က စီစဉ်ခဲ့ပေမဲ့၊ လတ်တလော ပြည်တွင်းမှာ အရေးကြီးတဲ့ အခြေအနေတချို့ ရှိနေတာကြောင့်သာ အခုလို ဆုံးဖြတ်တာဖြစ်လို့ ဒါဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်တယ်လို့ ရန်ကုန် နိုင်ငံရေးသိပ္ပံကျောင်း ဥက္ကဋ္ဌ ဦးမြတ်သူက ပြောပါတယ်။

“မသွားတာ မှန်တယ်လို့ ကျနော်ထင်တယ်။ ထင်တယ်ဆိုတာကလေ နိုင်ငံတကာကတော့ ဝေဖန်မှုတွေ ရှိတော့ရှိတယ်။ အဲဒီဝေဖန်မူတွေ ကြောက်လို့မသွားတာတော့ ကျနော်လက်မခံဘူးခင်ဗျ။ သူ့မှာက ပြည်တွင်းမှာ သတင်းတွေကို သူ့ အချိန်ကိုက်ကြည့်မယ်ဆိုရင်။ ရခိုင်ကိစ္စပေါ်မှမဟုတ်ဘူးနော် ကာလုံခေါ်ဖို့ဆိုတာက တချိန်လုံးအသံထွက်နေတယ်နော်။ အသံတွေထွက်နေတယ် နည်းပေါင်းစုံနဲ့ပေါ့နော် ဒေါက်တာအေးမောင်တို့ တောင်းတယ် နောက်ပြီးသတင်းစာရှင်းလင်းပွဲ လုပ်ပြီးတော့ တောင်းတယ်။ နောက်ပြီးတော့ ဦးဝီရသူ တောင်းတယ်။ ဒီဟာက တချို့ဟာတွေက ဥပမာ ရခိုင်အရေးဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်က ကာလုံမခေါ်ပဲနဲ့ သူ့ဟာသူ ကာလုံမှာပါတဲ့ စစ်ဗိုလ်ချုပ်တွေအားလုံးပါတဲ့ အစည်းအဝေးပွဲနဲ့ ရှင်းတာကိုတွေ့ရတယ်။ ဆိုတော့ အဲဒီမှာက ဟနေတာလေး တခုတွေ့ရတယ်။ ဟနေတယ်ဆိုတာက တပ်က ကာလုံကို အသည်းအသန်တောင်းနေတယ်၊ တဖက်မှာက ဒေါ်အောင်ဆန်းစုကြည်က ကာလုံမခေါ်ပဲနဲ့ သူတို့အားလုံးပါတဲ့ အစည်းအဝေးနဲ့ ရခိုင်အရေးကိစ္စကို ဖြေရှင်းတာကို တွေ့ရတယ်။ အဲဒီတော့ ပြည်တွင်းမှာ ပြဿနာ တခုခု ရှိနေတယ်ဆိုတာကို ဒီအာဏာ level အဆင့်နဲ့ တိုင်းပြည်အာဏာ level အဆင့်မှာ ပြဿနာ တခုခုရှိနေတယ်လို့ ကျနော်တို့က ယေဘုယျအားဖြင့် ကောက်ချက်ချတယ်။ ဒီပြဿနာကြောင့်ပဲ ဖြစ်လိမ့်မယ်လို့ ကျနေ်ာတို့ ဒီလိုပဲ သုံးသပ်တယ်ခင်ဗျ။”

ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှု နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းမှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက် ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် လေးသိန်း နီးပါးအထိ ရှိတယ်လို့ ကုသလမဂ္ဂက ခန့်မှန်း ပြောဆိုထားသလို၊ ဒါဟာ လူသားမျိုးနွယ်စုပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတာပါ။ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးကိုယ်တိုင်က ဒီလို အသုံးအနှုန်းတွေနဲ့ စွပ်စွဲ ပြောဆိုတာဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ဖြစ်ရပ်တွေ ဖြစ်အောင် လုပ်ဆောင်ရာကျပြီး ကြုံတွေ့နေရတဲ့ လူမှုအသိုင်းအဝိုင်းအကြား စိတ်ဝမ်းကွဲမှုတွေ ပိုဖြစ်အောင်၊ မီးလောင်ရာလေပင့်တဲ့သဘောမျိုး ဖြစ်နေတယ်လို့ ဆိုပြီး ခုလို သုံးနှုန်းစွပ်စွဲမှုတွေကို မြန်မာအစိုးရဘက်က တော့ ပြင်းပြင်းထန်ထန် ကန့်ကွက်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG