သုံးရလွယ်ကူစေသည့် Link များ

မြန်မာသံအမတ်ကြီးကို မလေးရှား နိုင်ငံခြားရေးဌာန ဆင့်ခေါ်


မလေးရှား နိုင်ငံခြားရေး ၀န်ကြီး

မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာတွေ အပေါ် ဆက်တိုက် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အပေါ် အထူး စိုးရိမ် ပူပန်ကြောင်း မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိန်ဦးကို ဆင့်ခေါ်ပြီး မလေးရှား နိုင်ငံခြားရေးဝန်ကြီး Anifah Aman က အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

အခုနောက်ဆုံး ဖြစ်ပေါ်နေတဲ့ ပဋိပက္ခကို ကြည့်ခြင်းအားဖြင့် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ ဒေသတွေမှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး အတွက် မြန်မာအစိုးရက ထိရောက်စွာ ကိုင်တွယ် ဖြေရှင်းတာကို မတွေ့ရဘူးလို့ နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့တယ်လို့ မလေးရှားကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မွတ်ဆလင် အများစု နေထိုင်နေတဲ့ မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာတွေ အရေးကိစ္စ အတွက် မြန်မာအစိုးရကို မကြာခန ဝေဖန် ပြောဆိုလေ့ ရှိပါတယ်။

လူဦးရေအားဖြင့် ပျမ်းမျှ ၁ သန်းကျော် ရှိတယ်လို့ ယူဆရတဲ့ ရိုဟင်ဂျာအပေါ် အကြမ်းဖက် ကျူးလွန်နေတယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုမှုတွေဟာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရအတွက် အကြီးမားဆုံး နိုင်ငံရေးအရ စိန်ခေါ်မှု တခုဖြစ်ပြီး အစ္စလာမ်ဘာသာ ကိုးကွယ်တဲ့ နိုင်ငံတွေ အပါအ၀င် နိုင်ငံအတော်များများရဲ့ပြစ်တင် ဝေဖန်မှုတွေကို ခံနေရတာ ဖြစ်ပါတယ်။

ဒီအတောအတွင်း Malta နိုင်ငံအခြေစိုက်၊ MOAS ကမ်းလွန် အခြေစိုက် အကူအညီရေးအဖွဲ့လို့ အမည်ပေးထားတဲ့ ကယ်ဆယ်ရေး သင်္ဘောဟာ အာဖရိကတိုက်က ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေကို မြေထဲပင်လယ်မှာ ကယ်တင်နေရာက ရခိုင်ပြည်နယ်က ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ကယ်တင်ဖို့အတွက် အာရှတိုက်ကို သွားမယ်လို့ တနင်္လာနေ့က ပြောပါတယ်။

XS
SM
MD
LG