ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံတွင်း ဝင်ရောက်ခွင့်မပြုတာနဲ့ ပတ်သက်လို့ မြန်မာအစိုးရကို အရေးယူဆောင်ရွက်ဖို့ စဉ်းစားနေကြောင်း မလေးရှားဒုဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ အာဆီယံရဲ့ စည်းလုံညီညွတ်ရေးကို ထိခိုက်စေကြောင်း အရှေ့တောင်အာရှဒေသရေးရာ ကျွမ်းကျင်သူတချို့က သုံးသပ်ကြပါတယ်။
ရခိုင်ပြည်နယ်အရေးမှာ အခြေအနေတွေပိုပြီးရှုပ်ထွေးမသွားစေဖို့ အခုလို ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးအဖွဲ့ကို မြန်မာနိုင်ငံကိုလာရောက်ဖို့ ခွင့်မပြုကြောင်း မြန်မာအစိုးရက ပြီးခဲ့သတင်းအပတ်အတွင်း ထပ်မံပြောဆိုခဲ့တာပါ။
မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။
မြန်မာအစိုးရအပေါ် သံတမန်ရေးနည်းလမ်းသာမက လူသားချင်းစာနာမှုဆိုင်ရာနည်းလမ်းအရပါ ဖိအားပေးနိုင်မယ့် လမ်းကြောင်းတွေကို စဉ်းစားမှာဖြစ်ကြောင်း မလေးရှား ဒုဝန်ကြီးချုပ် Ahmad Zahid Hamidi က တနင်္ဂနွေနေ့က သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ နိုင်ငံခြားရေးဝန်ကြီး Seri Anifah Aman နဲ့ ကျနော်စကားပြောပြီးတော့ နိုင်ငံခြားရေးဌာနက တင်ထားတဲ့ အဆိုပြုချက်အသေးစိတ်တွေကို ကျနော်လေ့လာမှာဖြစ်ပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ အစီရင်ခံစာထုတ်ပြန်မှာဖြစ်ပါတယ်။ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးချက်အရ လူသားချင်းစာနာမှုဆိုင်ရာ ခြေလှမ်းအပြင် သံတမန်ရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုတွေကိုလည်း ပြုလုပ်သွားမှာဖြစ်ပါတယ်။”
၂၀၁၆ခုနှစ် ဒီဇင်ဘာလတုန်းကလဲ မလေးရှားဝန်ကြီးချုပ် Najib Razak ဦးဆောင်ပြီး ကွာလာလမ်ပူမြို့တော်မှာကျင်းပတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ရိုဟင်ဂျာ မွတ်စလင်တွေအရေးနဲ့ ပတ်သက်ပြီး ဘာသာရေးအရ လှုံဆော်တဲ့ လူပေါင်းထောင်နဲ့ချီပါဝင်တဲ့ မြန်မာအစိုးရအပေါ် ကန့်ကွက် ရှုတ်ချပွဲ ပြုလုပ်ခဲ့ပါတယ်။ ဒါအပြင် ဇန်နဝါရီလအတွင်းက ကျင်းပတဲ့ OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံမှာ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေအပေါ် ချိုးဖောက် ကျူးလွန်မှု ရှိနေတယ်လို့ ပြောဆိုခဲ့ပြီး ဒါတွေ အဆုံးသတ်ရေး နိုင်ငံတကာက ပါဝင်ဆောင်ရွက်လာအောင် မွတ်ဆလင်နိုင်ငံတွေအနေနဲ့ ဦးဆောင် လုပ်ကိုင်ကြဖို့ Najib Razak တိုက်တွန်း ပြောကြားခဲ့ပါတယ်။
အခုလို မလေးရှားအစိုးရရဲ့ ပြုမူဆောင်ရွက်ပုံတွေကို အာဆီယံဒေသတွင်း ဝေဖန်ထောက်ပြမှုတွေ ရှိခဲ့ပါတယ်။ Najib Razak ဟာ သူ့ကို လူကြိုက်နည်းလာတဲ့အတွက် ရိုဟင်ဂျာ ကိစ္စကိုအသုံးချပြီး နိုင်ငံရေးမှာ လူထုထောက်ခံမှု ပိုပြီးရအောင်ဆိုတဲ့ ရည်ရွယ် ချက်တွေပါဝင်နေတယ်လို့ သုံးသပ်ကြပါတယ်။ အထူးသဖြင့် မလေးရှားရဲ့ လုပ်ရပ်ကြောင့် အာဆီယံဒေသတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက်စေတယ်လို့ လည်း အကဲခပ်တွေက မြင်ကြပါတယ်။
အခုနောက်ဆုံး မလေးရှား ဒုဝန်ကြီးချုပ်က မြန်မာအပေါ် အရေးယူနိုင်မယ့် လမ်းကြောင်းတွေကို စဉ်းစားနေကြောင်း ပြောဆိုလာတဲ့အပေါ် အမေရိကန်အခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့-
“ဘာကြောင့်ပြောသလဲဆိုတာကတော့ တွက်ဆရရင် သူဟာ သူ့ရဲ့ပြည်တွင်းရေး လိုအပ်ချက်လဲဖြစ်နိုင်တယ်။ နောက်ဒီအစ္စလာမ်ဘာသာ မိသားစုအသိုင်းအဝိုင်းမှာလည်း သူနာမည်ရချင်တာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ နောက်တခုက အာဆီယံနိုင်ငံအချင်းချင်းဖြစ်နေတော့ အဲသလို နိုင်ငံတခုရဲ့ ပြည်တွင်းရေးကိစ္စကို အဲဒီလိုပြောတဲ့ အစဉ်အလာ အင်မတန်မှ ရှားပါးပြီးတော့ ရှောင်တဲ့ အစဉ်အလာတွေ ရှိခဲ့ကြပါတယ်ခင်ဗျ။ အခုကြမှ မလေးရှားအစိုးရက အဲဒီလိုပြောလာခြင်းဟာ အာဆီယံရဲ့ စည်းလုံးညီညွတ်ရေးကို ထိခိုက်မယ်လို့တော့ ကျနော်ယုံကြည်တယ်။ နောက်တခါ သူပြောနေတဲ့ ကိစ္စတွေကနေပြီးတော့ မြန်မာနိုင်ငံမှာဖြစ်တဲ့ ပြဿနာကို ဖြေရှင်းရေးမှာ အထောက်အကူပြုမယ့်အစား ပြောင်းပြန်အကျိူးသက် ရောက်မှုဖြစ်နိုင်တယ်လို့ ကျနော်ယူဆပါတယ်ခင်ဗျ။”
မေး။ ။ တကယ်လို့ မလေးရှားကနေပြီး အာဆီယံအတွင်းမှာ မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေနဲ့ ပတ်သက်ပြီးတော့ အရေးယူဖို့ သူတို့က တင်ပြဆွေးနွေးလာမယ်ဆိုရင် အခြားအဖွဲ့ဝင်နိုင်ငံတွေရဲ့ တုန့်ပြန်မှုတွေ ဘယ်လိုရှိလာနိုင်မလဲရှင့်။
ဖြေ။ ။ အာဆီယံနိုင်ငံတွေကတော့ မတူကြဘူးပေါ့။ အခု မလေးရှားက အာဆီယံရဲ့ ပေါ်လစီ လုပ်ထုံးလုပ်နည်းကနေ နဲနဲ ချွန်ထွက်လာပြီးတော့ ပြောတာဆိုတာ ဆိုတော့ ကျန်တဲ့နိုင်ငံတွေကတော့ စဉ်းစားကြလိမ့်မယ်လို့ ယူဆပါတယ်။ အခုထိတော့ အစ္စလာမ်ဘာသာ အများဆုံးကိုးကွယ်တဲ့ အင်ဒိုနီးရှားတောင်မှ ထိန်းထိန်းသိမ်းသိမ်းနဲ့ မြန်မာနိုင်ငံရဲ့ အရေးကိုဆောင်ရွက်နေတယ်လို့ မြင်တယ်။ နောက် ထိုင်းနိုင်ငံကလည်း သူ့မှာလည်း သူ့ပြည်တွင်းရေးနဲ့ မွတ်စလင် လက်နက်ကိုင်အဖွဲ့တွေရှိနေတော့ကာ သူကလည်း မလေးရှားလိုတော့ ဆောင်ရွက်လိမ့်မယ်လို့ မယူဆဘူးခင်ဗျ။
ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတရပ် ကိုမြန်မာအစိုးရက ကမကထပြုပြီး ၂၀၁၆ခုနှစ် ဒီဇင်ဘာလက မြန်မာနိုင်ငံမှာ ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက နောက်ဆုံး အခြေအနေတွေကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရှင်းပြခဲ့သလို ရခိုင်ပြည်နယ် အသိုင်းအဝိုင်း ၂ ခုလုံးအတွက် လူသားချင်းစာနာထောက်ပံ့ကူညီရေး ကိစ္စကိုလည်း တက်ရောက်လာတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆွေးနွေးခဲ့ပါတယ်။
၂၀၁၇ခုနှစ် ဖေဖေါ်ဝါရီလမှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း အပါအဝင် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် မလေးရှား NGO ညွန့်ပေါင်းအဖွဲ့ကြီးဦးဆောင်ပြီး ရိက္ခာနဲ့ ဆေးဝါး တန်ချိန်ပေါင်း ၂၃၀၀ကို တင်ဆောင်လာတဲ့ မလေးရှားသင်္ဘောကို မြန်မာအစိုးရက ခွင့်ပြုပြီး အကူအညီတွေကို ရခိုင်ပြည်နယ်အရောက် ပို့ဆောင်ပေးခဲ့ပါတယ်။