သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာမွတ်ဆလင်တွေကို ခွဲခြားဆက်ဆံမှုတွေရပ်ဖို့ မလေးဝန်ကြီးချုပ် တိုက်တွန်း


မလေးရှားဝန်ကြီးချုပ် Najib Razak

မြန်မာနိုင်ငံ အနောက်ဖက်ခြမ်း ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင်လူနည်းစုတွေကို ခွဲခြားဆက်ဆံတာတွေ ရန်လိုတိုက်ခိုက်တာတွေကို ရပ်ဆိုင်းဖို့ ဆိုပြီး မလေးရှားဝန်ကြီးချုပ် Najib Razak က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။ OIC အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကနေ မလေးရှားနိုင်ငံမှာလုပ်နေတဲ့ မြန်မာနိုင်ငံတွင်းက ရိုဟင်ဂျာမွတ်ဆလင်အရေးဆိုတဲ့ ဆွေးနွေးပွဲအတွင်း မလေးရှားဝန်ကြီးချုပ်က အခုလို ပြောဆိုသွားတာဖြစ်ပါတယ်။ ရိုက်တာသတင်းဌာနက ရေးသားတဲ့ ဒီသတင်းကိုအခြေခံပြီး မအိသန့်စင်က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံတွင်း ရိုဟင်ဂျာမွတ်ဆလင်တွေ အရေးနဲ့ပတ်သက်လို့ OIC ရဲ့ အထူးအစည်းအဝေးတရပ်ကို မလေးရှားနိုင်ငံက ဦးဆောင်ခေါ်ယူတာဖြစ်တယ်လို့ သိရပြီး၊ OIC အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အကြီးတန်းနိုင်ငံခြားရေးအရာရှိတွေ တတ်ရောက်ခဲ့ကြပါတယ်။ အဲဒီမှာ လူသားအဖြစ် ရပ်တည်မှုဆိုင်ရာ ကြေကွဲစရာ အကြပ်အတည်းကြီး အဆုံးသတ်အောင်လို့ နိုင်ငံတကာအနေနဲ့အရေးယူဆောင်ရွက်ကြဖို့ဆိုပြီး အိမ်ရှင် မလေးရှားနိုင်ငံဝန်ကြီးချုပ် Najib Razak က တိုက်တွန်း ခဲ့ပါတယ်။

“ ရိုဟင်ဂျာမွတ်ဆလင်တွေအပေး ခွဲခြားဆက်ဆံမှုတွေ တိုက်ခိုက်မှုတွေ ချက်ခြင်း ရပ်တန့်ပစ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။ ဒီလို ကျူးလွန်သူတွေအပေါ် တရားမျှမျှတတ အရေးယူကိုင်တွယ်မှုတွေ လုပ်စေချင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလက လုံခြုံရေးစခန်းတွေကို အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက်၊ မြန်မာအာဏာပိုင်တွေက ဒီအပေါ် လုံခြုံရေးဆိုင်ရာ အရေးယူကိုင်တွယ်ရာမှာ ဒေသခံ မွတ်ဆလင်တွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး စွပ်စွဲပြစ်တင်မှုတွေ ရှိနေပါတယ်။

ဒီအတွက်လည်း ဒုက္ခသည် ၆သောင်းဝန်းကျင် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေး ၀င်ရောက်ခဲ့ကြတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရဖက်ကတော့ လုပ်ကြံဖန်တီးတဲ့ သတင်းတွေဖြစ်တယ်လို့ ငြင်းဆိုသလို ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ အစိုးရရဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ စုံစမ်းမှုတွေ လုပ်ခဲ့ပါတယ်။

စုံစမ်းရေးကော်မရှင်ရဲ့ ကနဦးအစီရင်ခံစာမှာတော့ ဒီစွတ်စွဲချက်တွေကို ငြင်းထားပါတယ်။ ဒါပေမယ့်လည်း မွတ်ဆလင်ကျေးရွာသားတွေကို လုံခြုံရေးတပ်ဖွဲ့အချို့ နှိပ်စပ်ညှင်းပမ်းနေတဲ့ ဗီဒီယိုခွေ ထွက်လာပြီးတဲ့နောက်၊ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ စုံစမ်း အရေးယူမှုတွေ လုပ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အချို့နဲ့ အထူးသဖြင့် မလေးရှားဝန်ကြီးချုပ် စွတ်စွဲပြောဆိုခဲ့သလို Genocide လူမျိုးတုံး သတ်ဖြတ်မှုတွေလုပ်တယ်ဆိုတဲ့ ဝေါဟာရအပေါ်မှာတော့ မြန်မာအာဏာပိုင်တွေဘက်က လက်မခံပါဘူး။ ရခိုင်ပြည်နယ်တွင်းရှိနေတဲ့ မွတ်ဆလင်အများစုကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တရားမ၀င် လာရောက်အခြေချသူတွေအဖြစ် အာဏာပိုင်တွေက သတ်မှတ်ထားပါတယ်။

ဒါပေမယ့် အာဆီယံပဋိဥာဏ်အရ နိုင်ငံတွေအကြား တနိုင်ငံနဲ့ တနိုင်ငံ သူ့အရေးကိစ္စ ၀င်မစွတ်ရဘူးဆိုတဲ့ မူအရ မလေးရှားဝန်ကြီးချုပ်ဖက်က အခုလို ဝေဖန်ပြောဆိုနေတာတွေမဖြစ်သင့်ဘူးလို့ ဝေဖန်မှုတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း မလေးရှားဝန်ကြီးချုပ်ကတော့ အခုကိစ္စဟာ အခြားနိုင်ငံတွေကိုပါ သက်ရောက်တဲ့ပြသနာဖြစ်တယ်လို့ ရှုမြင်တဲ့အကြောင်း ပြောသွားပါတယ်။

“ကျွန်တော် ထောက်ပြချင်တာက နိုင်ငံတစ်ခုရဲ့ ပြည်တွင်းရေး မငြိမ်သက်မှုက ဒီဒေသက တခြားနိုင်ငံတွေအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။ ပိုဆိုးမသွားပါစေနဲ့လို့ ဆုတောင်းပြီး ဒါကို ဒီအတိုင်းတော့ လက်ပိုက်ကြည့်မနေနိုင်ပါဘူး။”

OIC အဖွဲ့ဟာ နိုင်ငံ ၅၇ နိုင်ငံက လူဦးရေ ၁ ဒသမ ၆ ဘီလီယံကို ကိုယ်စားပြုပြီး မွတ်ဆလင်အသိုင်းအ၀ိုင်းရဲ့ ညီညွတ်တဲ့အသံကို ဖော်ဆောင်တဲ့ အဖွဲ့ဖြစ်ပါတယ်။ မြန်မာနိုင်ငံ အနောက်ခြမ်းက မွတ်ဆလင်အရေးကိစ္စမှာလည်း မကြာမကြာ ဝေဖန်ပြောဆိုလေ့ရှိသလို၊ မြန်မာနိုင်ငံတွင်း ၀င်ရောက်ပြီး အခြေအနေတွေကို လေ့လာစစ်ဆေးမှုတွေလည်း လုပ်ခဲ့ဖူးပါတယ်။

XS
SM
MD
LG