မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ် ဦးဆောင်တဲ့ ရခိုင်အရေးဆန္ဒပြပွဲတွေနဲ့ ပြစ်တင်ဝေဖန် ပြောဆိုမှုတွေဟာ မလေးရှား-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးကို ထိခိုက်ရုံမက အာဆီယံအသိုက်အဝန်း ထူထောင်ရေးအတွက်ပါ စိုးရိမ်စရာဖြစ်စေတယ်လို့ မြန်မာသမ္မတရုံးက ပြောကြားလိုက်ပါတယ်။
တချိန်တည်းမှာပဲ မလေးရှားဝန်ကြီးချုပ်က အခုလို ဆန္ဒပြတာဟာ သူ့ပြည်တွင်းမှာ နိုင်ငံရေး အကျိုးအမြတ်အတွက် လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ အာဆီယံရေးရာ လေ့လာသူတဦးက သုံးသပ်ပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသက မူဆလင်တွေကို အရှင်လတ်လတ် မီးရှို့သတ်တာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာတွေရှိ နေတယ်လို့ မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်က ပြီးခဲ့တဲ့ စနေနေ့မှာ ကျင်းပတဲ့ သူရဲ့ UMNO ပါတီညီလာခံမှာ ပြောသွားခဲ့ပြီး၊ ဒီကျူးလွန်မှုတွေကို အာဆီယံ အပြုအမူတွေအဖြစ် လက်မခံနိုင်ကြောင်းနဲ့ ဒီလိုရက်စက်ကြမ်းကြုတ်ပြီး မယဉ်ကျေးတဲ့လုပ်ရပ်ကို သူတို့အနေနဲ့ သည်းခံမှာ မဟုတ်ကြောင်း ပါတီညီလာခံတက်လာတဲ့ ပါတီဝင်တွေကို မလေးဝန်ကြီးချုပ်က ပြောခဲ့တာပါ။ ဒီလိုပြောဆိုမှုနဲ့အတူ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကလည်း မလေးရှား ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီး ရခိုင်အရေးနဲ့ ပတ်သက်လို့ ကွာလာလမ်ပူမှာ ထောင်နဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။
အခုလို မလေးရှားဝန်ကြီးချုပ်ရဲ့ ပြောဆိုလုပ်ဆောင်မှုတွေဟာ မလေးရှား-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ရုံမက အာဆီယံအသိုက်အဝန်း ထူထောင်ရေးအတွက်ကိုပါ ထိခိုက်စေတယ်လို့ မြန်မာသမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။
“အာဆီယံ-မြန်မာဆက်ဆံရေးတင် မကဘူးဗျ၊ အာဆီယံပေါင်းစည်းမှုပေါ့နော် အာဆီယံအသိုက်ဝန်း ထူထောင်ရေး အာဆီယံမျှော်မှန်းချက် ဖော်ဆောင်ရေးတွေ အတွက်ပါ စိုးရိမ်စရာဖြစ်လာတယ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ဘာကြောင့်လဲဆိုတော့ အာဆီယံနိုင်ငံတွေမှာ အဲလိုမျိုး ပြောစရာဆိုစရာရှိတာ မေးစရာရှိလာပြီဆိုရင် သံတမန်လမ်းကြောင်းတွေ အများကြီးရှိတယ်။ နောက် အာဆီယံအစည်းအဝေးတွေ တနှစ်ပတ်လုံး လုပ်နေတာတွေ အများကြီးရှိတယ် အဆင့်ဆင့်ပေါ့နော်။ အဲဒါတွေမှာပြောလို့ရတယ် နောက်ဆုံး အစိုးရနဲ့ပတ်သက်ပြီးတော့ မြန်မာအစိုးရကို တိတိကျကျ သိချင်တယ် မေးချင်မြန်းချင်တယ်ဆိုရင် မလေးရှားကနေပြီးတော့ ကိုယ်စားလှယ်အဖွဲ့ပေါ့ Delegation ဒါမှ မဟုတ် Special Envoy ဒါမျိုးတွေလွှတ်ပြီးတော့ လုပ်လို့ရတယ်။ နည်းလမ်းပေါင်းစုံရှိတဲ့ အနေအထားမှာ ဒီလိုမျိုး လမ်းပေါ်တက် ဆန္ဒပြတဲ့ ပွဲမှာ ပါဝင်ရုံသာမက ကျနော်တို့နိုင်ငံ ကျနော်တို့ ခေါင်းဆောင်အပေါ် ဝေဖန်ပြစ်တင် ရှုတ်ချတဲ့ဟာအတွက်တော့ ပြောရရင် အာဆီယံ ပေါင်းစည်းမှုအတွက် စိုးရိမ်စရာကောင်းတယ်။”
ဥရောပသမဂ္ဂ EU အဖွဲ့ကြီးလိုပဲ အားကောင်းတဲ့ အာဆီယံအဖွဲ့ ဖြစ်လာစေရေးအတွက် ၂၀၁၅ ခုနှစ် အကုန်ပိုင်းမှာ အာဆီယံအသိုက်အဝန်းအဖြစ် အစပျိုးခဲ့ကြတာပါ။ မလေးဝန်ကြီးချုပ်ရဲ့လုပ်ရပ်ဟာ အာဆီယံအသိုက်အဝန်းကြား ကျင့်သုံးနေတဲ့ အပြုသဘောဆောင်တဲ့ ထောက်ပြ ပြောဆို ချဉ်းကပ်မှု ဆိုတဲ့ လမ်းကြောင်းကို လျစ်လျူရှုရာ ရောက်နေတယ်လို့ ဦးဇော်ဌေးက ဝေဖန်လိုက်ပါတယ်။
“အာဆီယံရဲ့အခြေခံမူကတော့ တနိုင်ငံရဲ့ပြည်တွင်းရေး တနိုင်ငံ ဝင်ရောက်မစွက်ဖက်ရေး ဖြစ်ပါတယ်။ အာဆီယံရဲ့Principle ကိုက အပြု သဘောနဲ့ စေ့စပ်ညှိနှိုင်းတဲ့ အပြုသဘောနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခြေခံနဲ့သွားနေတာ ဖြစ်ပါတယ်။ အခု မလေးရှားသည် မောင်တော ပဋိပက္ခနဲ့ ပတ်သက်လို့ မောင်တောမှာ မဟုတ်တဲ့ အခြားနေရာက အဖြစ်ပျက်တွေပါ ရောပြီးတော့ သတင်းမှားတွေပါ ချဲ့ကားပြီး လုပ်ခဲ့တာလို့ သိရတယ်။ ဒါက အာဆီယံချင်း ပိုပြီးတော့ အထင်မြင်လွှဲမှားမှုတွေ ဖြစ်စေတယ်။ နိုင်ငံစုံ နိုင်ငံအချင်းချင်း ဆက်ဆံရေးမှာ ညှိနှိုင်းဖြေရှင်း မေးမြန်းသင့်တဲ့ ယန္တရားတွေ အများကြီးရှိရဲ့သားနဲ့ ဒီလိုလမ်းပေါ်ထွက်တဲ့အတွက် ကျနော်တို့က အစိုးရတရပ်အနေနဲ့ သူ့ရဲ့ Diplomatic Channel ကိုအသုံးပြု သင့်တယ်ဆိုတာ ကျနော်တို့ ပြောချင်ပါတယ်”
မလေးရှားဝန်ကြီးချုပ် နာဂျစ်က ရခိုင်ပြည်နယ် မူဆလင်အရေးကို ရှေ့တန်းတင် ဆန္ဒပြလာတာဟာ သူ့ရဲ့ နိုင်ငံရေးအကျိုးအမြတ်အတွက် လုပ်ဆောင်ခြင်းသာ ဖြစ်တယ်လို့ အာဆီယံရေးရာ လေ့လာသူ ရန်ကုန်မြို့က ကိုစိုးမြင့်အောင်က ပြောပါတယ်။
“မလေးရှားဝန်ကြီးချုပ် နာဂျစ်အနေနဲ့ သူရွေးထုတ်လိုက်တဲ့ ကိစ္စဟာဆိုလို့ရှိရင် သူ့ရဲ့ ပြည်တွင်းနိုင်ငံရေး အတွက်ကို ပြောင်ပြောင်တင်းတင်း အသုံးချတယ်ဆိုတာက သိသာလွန်းအားကြီးတယ်ပေါ့လေ။ နောက်ပြီ အာဆီယံထဲမှာက လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ပူပင်စရာ ကိစ္စတွေ အများကြီး ရှိတဲ့အထဲကမှ မြန်မာနိုင်ငံက ဒီ ရိုဟင်ဂျာမူဆလင်တွေနဲ့ ပတ်သက်တဲ့ကိစ္စကိုပဲ ရွေးတယ်ဆိုတာကတော့ ကျနော်တို့ မေးခွန်းထုတ်စရာ အများကြီးဖြစ်လာပါတယ်။ ဒါပေမယ့် မလေးရှားမှာလည်း မြန်မာနိုင်ငံက အလုပ်သမားတွေလည်း ရှိတယ်၊ နေနေကြတဲ့ လူတွေလည်း ရှိတဲ့အခါကျတော့ သူက နှစ်နိုင်ငံဆက်ဆံရေး အနေနဲ့ကတော့ မနစ်နာအောင်လို့ ပြောရမယ့်၊ ဆွေးနွေးရမယ့် ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံ အဆင့်မှာကကျတော့ ဒီကိစ္စက ဆက်ဆံရေး ပျက်ပြားဖို့အထိ ဖြစ်ဖို့ကတော့ မလွယ်ပါဘူးခင်ဗျ”
ဒီအတောတွင်း ဒီဇင်ဘာ ၆ ရက် မနေ့မွန်းလွဲပိုင်းတုန်းက မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံအမတ်ကြီး Mr. Mohd Haniff Abd Rahman ကို ဆင့်ခေါ်ပြီး မြန်မာနိုင်ငံခြားရေး ဒုဝန်ကြီးက တွေ့ဆုံကာ အချက် ၄ ချက်ပါတဲ့ သတိထောက်လွှာ တစောင်ပေးအပ်ပြီး ကန့်ကွက် ထောက်ပြခဲ့ပါတယ်။ ဒါ့အပြင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း မလေးရှား ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bin Mohd Zain ကို ဇေယျာသီရိ တပ်မတော် ဧည့်ဂေဟာခန်းမမှာ ဒီဇင်ဘာ ၅ ရက် မနက်ပိုင်းက တွေ့ဆုံခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့က မောင်တောဒေသအရေး ကိုင်တွယ်ရာမှာ တရားဥပဒေမဲ့ သတ်ဖြတ်တာ၊ အမျိုးသမီးတွေပေါ် အဓမ္မကျင့်တာ၊ မီးရှို့ဖျက်ဆီးတာတွေ မလုပ်ခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပါတယ်။
တကယ်တော့ မလေးရှားနိုင်ငံဟာ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်ဖြစ်ရေးအတွက် မလေးဝန်ကြီးချုပ်ဟောင်း ဒေါက်တာမဟာသီယာ လက်ထက် ၁၉၉၅-၉၆ ဝန်းကျင်က တိုက်တွန်း ထောက်ခံခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ ထပ်ပြီး မပေါ်ပေါက်ရအောင် ဂရုစိုက် ကိုင်တွယ်နေချိန်မျိုးမှာ မလေးရှားဝန်ကြီးချုပ်ရဲ့ အခုလို ပြောဆိုလုပ်ဆောင်မှုတွေက ပြဿနာပြေလည်ရေးထက် ဘာသာရေး အစွန်းရောက်လိုစိတ် ပိုပြင်းထန်လာအောင် လှုံ့ဆော်သလိုဖြစ်နေပြီး၊ အဲဒီကတဆင့် အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ထောက်ပြ ပြောဆိုပါတယ်။