သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးဝန်ကြီးချုပ်လုပ်ရပ်အပေါ် မြန်မာမူဆလင် လူငယ်များ တုံ့ပြန်ချက်


မလေးရှား ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်က မူဆလင်တွေ အရေးနဲ့ ပတ်သက်ပြီး လူထုစည်းဝေးပွဲလုပ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ အပေါ် မြန်မာ မူဆလင် လူငယ် အသိုင်းအဝိုင်းက ကန့်ကွက်ပါတယ်။ မလေးရှား ဝန်ကြီးချုပ်ဟာ မြန်မာ့ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ပြီး မလေးရှား အာဏာရပါတီ နိုင်ငံရေး အကျိုးစီးပွား အတွက် ရည်ရွယ်လုပ်ဆောင်တယ်လို့လည်း မြန်မာ မူဆလင် လူငယ်တို့က ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မောင်တော မြို့နယ်တွင်း မြန်မာ အာဏာပိုင်တွေက လုံခြုံရေး ဆောင်ရွက်ချက်တွေအပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေ ၊ စိုးရိမ်မှုတွေကြား မနေ့ တနင်္ဂနွေနေ့မှာတော့ မလေးရှား ဝန်ကြီးချုပ်က မြို့တော် ကွာလာလမ်ပူမှာ လူထု စုဝေးပွဲ တခုလုပ်ပြီး ဒီအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်လိုက်ပါတယ်။ မလေးရှား ဝန်ကြီးချုပ်ရဲ့ ဆောင်ရွက်ချက်က မြန်မာ့ အရေးထက် သူ့ရဲ့ အာဏာရပါတီရဲ့ နိုင်ငံရေး အကျိုးစီးပွား အတွက် ရည်ရွယ်တယ်လို့ မြန်မာ မူဆလင် လူငယ်တွေက သဘောထား ထုတ်ပြန်လိုက်တာပါ။ မြန်မာ မူဆလင် မဟာမိတ် အရပ်ဖက် အဖွဲ့အစည်းရဲ့ ပြောခွင့်ရ မမြတ်နိုးဦးက အခုလို ပြောပါတယ်။

“အဓိကကတော့ ကျမတို့ Muslim ပတ်ဝန်းကျင်ရဲ့အမြင်ပေါ့ ။ ဒါဘာသာရေးဆိုပေမယ့် သူ့တို့ နိုင်ငံရေးအတွက် အမြတ်ထုတ် တယ်လို့ ကျမတို့ အဲဒီလိုမှတ်ယူတယ်။ အဲဒီအတွက် ဘာသာရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ လာပြီးတော့ အဲဒီလိုမျိုး စွက်ဖက်တာ မကြိုက်ဘူး။ ဘာသာရေး ဆိုတဲ့ခေါင်းစဉ်ပေ့ါ့နော် ကျမတို့ Muslim ဖြစ်တယ် ဒါပေမယ့် ကျမသည် မြန်မာနိုင်ငံသူဖြစ်တယ်။ကျမသည် မြန်မာယဉ်ကျေးမူနဲ့ ကြီးပြင်းလာတယ် အဲဒီအတွက် ဒီလိုမျိုး ခြုံငုံပြီးတော့ လာတာကို ကျမက လက်မခံတာပါရှင့်။”

ရခိုင်ဒေသတွင်း အခြေအနေတွေဟာ အငြင်းပွားဖွယ် လူမျိုးရေး ပြသနာလို့ သဘောထားတဲ့ အကြောင်းလည်း မြန်မာ Muslim မဟာမိတ် အရပ်ဖက် အဖွဲ့အစည်းရဲ့ ပြောခွင့်ရ မမြတ်နိုးဦးက ပြောပါတယ်။

“ကျမတို့ ထုတ်ပြန်တာက ကျမတို့ မြန်မာ Muslim တွေရဲ့ ရပ်တည်ချက်ကို ထုတ်ပြန်တာ ပေါ့နော် အဓိကတော့ ဒီပြည်တွင်းကိစ္စ နဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ စံချိန်နဲ့အညီ ၊ စံချိန်စံညွှန်းနဲ့အညီ ပြည်တွင်းကဆောင်ရွက်တာက ပိုပြီးထိရောက်မယ်။ ပြီးတော့ တခြား တနိုင်ငံကနေပြီးတော့ ဝင်ရောက်စွက်ဖက် တာကို ကျမတို့ လက်မခံနိုင်ပါဘူး။ အဲဒီအတွက် ကျမတို့ ဒီ Statement ကို ထုတ်ပြန်တာပါရှင့် ။ အဓိကကတော့ ကျမတို့ ဒီစာကိုထုတ်ပြန်တဲ့ အဓိက ရည်ရွက်ချက်ကတော့ ကိုယ့်ပြည်တွင်းရေးကို ကိုယ့်ဟာကို ဆုံးဖြတ်ရမယ့်ကိစ္မမှာ တခြား တနိုင်ငံကနေ ပြည်တွင်းရေး အချုပ်အခြာအာဏာကို လာထိခိုက်ပြီးတော့ ဘာသာရေးဆိုတဲ့ ခေါင်းစဉ် အောက်မှာ လာတဲ့ဟာကို လက်မခံနိုင်တဲ့အတွက် ကျမတို့ ဒီဟာကိုထုတ်ပြန်တာပါ။”

ရခိုင်ပြည်နယ် အရေးကိစ္စဟာ အလွန်အကဲဆတ်ပြီး သတိထား ကိုင်တွယ်နေရတဲ့ အချိန်မှာ မလေးရှား ဝန်ကြီးချုပ် အနေနဲ့ အကြောင်းပြချက် လုံလုံလောက်လောက် မရှိဘဲ လူထု စည်းဝေးပွဲ ခေါ်ယူတာဟာဆိုရင် အခြေအနေတွေ ပိုပြီး ဆိုးရွားသွားစေနိုင်တယ်လို့လည်း မူစလင် အရပ်ဘက် အဖွဲ့အစည်းတွေက ရှုမြင်တဲ့ အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်နဲ့ ပတ်သက်ပြီးလည်း ပြောခွင့်ရ မမြတ်နိုးဦးက အခုလို ပြောပါတယ်။

“ဒါကျမတို့က အခုလက်ရှိဒီ မြန်မာနိုင်ငံမှာရှိနေတဲ့ Muslim လူငယ်တွေပေါ့နော်။ Civil society တွေထဲမှာ ဝင်ပြီးတော့ လုပ်နေတဲ့ အဖွဲ့အစည်းတွေအကုန်လုံးက အဖွဲ့အကုန်လုံးရဲ့ သဘောတူညီချက်ကို ထုတ်ပြန်တာပါရှင့်။ တခြားဟိုလို အစ္စလာမ်အဖွဲ့အစည်းတို့ တခြားအစိုးရတွေနဲ့ မဆိုင်ပါဘူးရှင့်။ အဓိကတော့ Muslim လူငယ်အများစုပါတယ် ၊ ဒီအဖွဲ့အစည်း ၁၀ ခု ဝန်းကျင် ရှိတယ်ပေါ့နော် အခုညီမတို့ Statement ထုတ်ပြန်တာကတော့။ အခုညီမတို့ အခုလက်ရှိမှာပေါ့နော် ၁၀ ခု ဝန်းကျင်ရှိတယ် ကျမတို့က အားလုံး သဘောတူညီတဲ့ အချက်တွေကိုပဲ ဒီ Statement ထုတ်ပြန်တာပါ။ အားလုံးကလည်း ဒီအချက်တွေကို သဘောတူညီတယ်၊ အားလုံးက လက်ခံ တဲ့အတွက် ဒီဟာကို ထုတ်ပြန်လိုက်တာပါရှင့်။”

မလေးရှား ဝန်ကြီးချုပ် ဦးဆောင်တဲ့ ရခိုင်အရေး ဆန့်ကျင် ကန့်ကွက်တဲ့ လူထု စည်းဝေးပွဲကြီးနောက်ပိုင်း မြန်မာပြည်တွင်းက မူစလင် အဖွဲ့အစည်းတွေရဲ့ တုံ့ပြန်ချက် အဖြစ် အခု အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပူးပေါင်း ထုတ်ပြန်ချက် ပထမဆုံး အကြိမ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ မလေးရှား ဝန်ကြီးချုပ် ဦးဆောင်ခဲ့တဲ့ လူထု စည်းဝေးပွဲဟာဆိုရင် ဒေသတွင်း အစွန်းရောက် အကြမ်းဖက်မှုကို အားပေး လှုံ့ဆော်သလို ဖြစ်စေတယ်လို့လည်း မြန်မာ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရ ဦးဇော်ဌေးက ချက်ချင်း တုံ့ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ အတွင်းက ရခိုင်ပြည်နယ် မောင်တော ဒေသတွင်းက အစိုးရ နယ်ခြားစောင့် တပ်စခန်း ၃ ခု အကြမ်းဖက် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဆုံးရှုံးသွားတဲ့ လက်နက်တွေနဲ့ အကြမ်းဖက် သမားတွေကို မြန်မာ အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေက ရှာဖွေ ရှင်းလင်းနေဆဲလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG