သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက ဝေဖန်


မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာမိသားစု
မြန်မာနိုင်ငံမှ ထွက်ပြေးလာသော ရိုဟင်ဂျာမိသားစု

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အခက်အခဲတွေ တိုးလာတဲ့ အပေါ် နိုင်ငံတကာက ဖိအားတွေ ရှိလာချိန်မှာဘဲ အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးဖို့ အမျိုးသား အဆင့် ကော်မတီ တရပ် ဖွဲ့စည်းမယ်လို့ မြန်မာ အစိုးရက ကြေညာလိုက်ပါတယ်။ စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် လူနည်းစု မူစလင် ရိုဟင်ဂျာ ထောင်နဲ့ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်မှာ အရေးယူ လုပ်ဆောင်ဖို့ ပျက်ကွက်တယ်ဆိုတဲ့ ဝေဖန်မှုနဲ့လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်နေရပါတယ်။ ဗွီအိုအေ သတင်းထောက် Ron Corben ဘန်ကောက်မြို့တော်ကနေ ပေးပို့ထားတဲ့ သတင်းကို မသိင်္ဂ ီထိုက်က ပြန်ပြောပြမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့နယ်တွင်းက အစိုးရရဲ့ နယ်ခြားစောင့် စခန်းတွေ ပြီးခဲ့တဲ့ အောက်တိုဘာလက တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၉ ဦး သေဆုံးခဲ့ရပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဒီနောက်ပိုင်း စစ်ဆင်ရေးတွေ အတွင်း အကြမ်းဖက်မှု သံသယနဲ့ ဖမ်းဆီးထားသူ ၄၀၀ ကျော်ရှိပြီး သေဆုံးသူကလည်း ဒါဇင်နဲ့ချီရှိတယ် လို့လည်း အစိုးရနဲ့ စစ်တပ်တို့က ပြောပါတယ်။ မြန်မာနိုင်ငံတွင်း မူဆလင်တွေ အပေါ် ပြုမူဆက်ဆံမှုတွေကြောင့် ဒေသတွင်းမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ တိုးပွားလာမယ့် အပေါ် လုံခြုံရေးဆိုင်ရာ သုံးသပ်သူတွေက စိုးရိမ်နေကြပါတယ်။ အင်ဒိုနီးရှား နိုင်ငံ ဂျာကာတာ အခြေစိုက် ပဋိပက္ခဆိုင်ရာ မူဝါဒ သုံးသပ်ရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Sidney Jones ကတော့ အခုလို ပြောပါတယ်။

“အခုအချိန်ထိတော့ ဂျီဟဒ်တွေအဖြစ် သစ္စာခံထားတဲ့ မူဆလင် အကြမ်းဖက် အဖွဲ့တွေ မရှိသေးပါဘူး။ အခုတော့ တဖွဲ့ဖွဲ့ ပေါ်လာဖို့ စနေတဲ့ပုံ ရှိပါတယ်။ ဒီအချက်က မိတ်ဖက် အဖွဲ့တဖွဲ့ ပေါ်လာနိုင်ခြေ အပေါ် ဒေသတွင်း အစွန်းရောက် အဖွဲ့တွေက ဘယ်လို မြင်သလဲ ဆိုတာမှာ အသွင်ပြောင်းမှုကြီး တခု ဖြစ်လာနိုင်ပါတယ်။”

လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေကတော့ မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက စစ်ဆင်ရေး အတွင်းမှာ မတော်မတရား ပြုကျင့်တာတွေနဲ့ ရာနဲ့ချီတဲ့ အိမ်တွေကို မီးရှို့ပါတယ်လို့ စွပ်စွဲ ပြောဆိုနေကြတာ ဖြစ်ပါတယ်။ Arakan Project အဖွဲ့က အခွင့်အရေး လှုပ်ရှားသူ Chris Lewa ကတော့ အခုလို ပြောပါတယ်။

“အခြေအနေက သိပ်ကို ဆိုးရွားလွန်းပါတယ်။ အဲဒီဒေသမှာ ရှိနေတဲ့ အခက်အခဲက အိုးအိမ်စွန့် ထွက်ပြေးသူတွေရော မပြေးသူတွေရောကို အကူအညီ ပေးနိုင်ဖို့ပါ။ ဆင်းရဲသူတွေတင် ဒီလို ကြုံတွေ့ရတာ မဟုတ်ပါဘူး။ အထောက်အပံ့တွေ မရတာ၊ နောက် ဈေးတွေ မရှိတာ၊ နောက် စိုက်လို့ ပျိုးလို့ မရတာတွေကြောင့် လူတိုင်းဘဲ ဒီကိစ္စနဲ့ ကြုံတွေ့နေရပါတယ်။ ဒီအခြေအနေက လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးကြီး ဖြစ်သွားစေနိုင်ပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW ကတော့ ဂြိုဟ်တု ဓာတ်ပုံတွေကို အသုံးပြုပြီး မောင်တော အနီးက ရွာသုံးရွာထဲက အဆောက်အအုံ ၄၃၀ ဖျက်စီးခံရတယ်ဆိုပြီး ပြောဆိုပါတယ်။ HRW အဖွဲ့ကြီးရဲ့ အာရှရေးရာ ဒုတိယ ညွန်ကြားရေးမှူး Phil Robertson ကတော့ အခုလို ပြောပါတယ်။

“မြန်မာ စစ်တပ်က စည်းလွတ်ဝါးလွတ် လုပ်ချင်ရာ လုပ်နေတာနဲ့ တူပါတယ်။ အကြမ်းဖက် တိုက်ခိုက်ရေး သမားတွေကို ရှာဖွေနေသယောင် ဒီဒေသတွင်းမှာ မြေလှန်ရှာဖွေနေပြီး အရပ်သားတွေ အပေါ် တိုက်ခိုက်နေပါတယ်။ မြန်မာ စစ်တပ်ရဲ့ အလွန်အကျွံဆောင်ရွက်ချက်တွေဟာ ရိုဟင်ဂျာတွေကို ကွက်ပြီး ဒဏ်ခတ်နေတယ်ဆိုတာ ရှင်းပါတယ်။”

ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးအောင်ဇော်ကတော့ ဒေသတွင်းမှာ အကြမ်းဖက်မှု စွပ်စွဲ ပြောဆိုချက်တွေကို အတည်ပြုနိုင်ဖို့ အတွက် ဒေသတွင်းမှာ နိုင်ငံတကာက ဝင်ရောက်ခွင့်ရဖို့ အရေး သိပ်ပြီး အရေးကြီးတယ်လို့ ပြောပါတယ်။

“အဲဒီ ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေကို အတည်ပြုဖို့ လိုပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နှစ်ဘက်စလုံးက အထောက်အထား ခိုင်ခိုင်မာမာ မရှိဘဲ စွပ်စွဲ ပြောဆိုနေကြလို့ပါ။ အစိုးရကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းထားပါတယ်။ တဖက်ကလည်း လူဘယ်နှယောက် အဓမ္မပြုကျင့်ခံရတယ်၊ ဘယ်နှယောက် အသတ်ခံရတယ်၊ အိမ်တွေ မီးရှို့ခံရတယ်လို့ ပြောတယ်။ ဒီကိစ္စကို သေချာ ဂရုစိုက်ရပါမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ တကယ့် လက်တွေ့ မဖြစ်ဘဲနဲ့ နှစ်ဘက်စလုံးက လှုံ့ဆော်မှုတွေ ရှိနေလို့ပါ။”

မောင်တော ဒေသတွင်း လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်တွေ အပေါ် ဒေသတွင်းမှာလည်း မကျေနပ်မှုတွေ ရှိလာပြီး ပြီးခဲ့တဲ့ သတင်းပတ် အတွင်းမှာ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဆန့်ကျင် ဆန္ဒပြခဲ့ကြသလို မလေးရှား အစိုးရကလည်း ရခိုင်ဒေသတွင်း ကိစ္စကို အရေးယူ လုပ်ဆောင်ဖို့ မြန်မာ အစိုးရကို တောင်းဆိုပါတယ်။ အင်ဒိုနီးရှား နဲ့ ထိုင်းနိုင်ငံတို့မှာလည်း ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG