သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာဝေဖန်မှု ဒေါ်စုကိုယ်တိုင် ရင်ဆိုင်သင့်


 နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၇၁ ကြိမ်မြောက် ကုလအထွေထွေညီလာခံတက်ရောက်မိန့်ခွန်းပြောစဉ်။ (စက်တင်ဘာ ၂၁၊ ၂၀၁၆/ Reuters)
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ၇၁ ကြိမ်မြောက် ကုလအထွေထွေညီလာခံတက်ရောက်မိန့်ခွန်းပြောစဉ်။ (စက်တင်ဘာ ၂၁၊ ၂၀၁၆/ Reuters)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ ပြည်တွင်း နိုင်ငံရေးအခြေအနေအရ စစ်တပ်နဲ့ သင့်မြတ်အောင် ပေါင်းသင်းနေရတဲ့ အနေအထားမျိုး ဖြစ်နေကြောင်း မြန်မာ့အရေး ကျွမ်းကျင်သူ ပါမောက္ခ David Steinburg က ပြောပါတယ်။ ဒေါ်အောင်ဆန်စုကြည်အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ၁ ရက်၊ ၂ ရက် သွားလိုက်ခြင်းအားဖြင့် ပြည်တွင်း နိုင်ငံရေးကို ဦးစားပေး လုပ်ဆောင်နေတာတွေ အရှိန် လျော့သွားနိုင်စရာ အကြောင်းမရှိဘူးလို့ ပါမောက္ခ Steinburg က ပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ကျင်းပနေတဲ့ ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း နိုင်ငံတကာ ခေါင်းဆောင်တွေ အနေနဲ့ မြောက်ကိုရီးယား နျူကလီးယားကိစ္စ၊ အီရန်အရေး စတဲ့ ထိပ်တန်း အကြောင်းအရာတွေအပြင် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ သူတို့အခေါ် ရိုဟင်ဂျာ ပဋိပက္ခဟာလည်း ဦးစားပေး ဆွေးနွေးကြမယ့်အထဲ ပါဝင်နေပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံတက်ဖို့ မူလက စီစဉ်ထားရာက ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ လက်ရှိ နိုင်ငံရေး အခြေအနေတွေကြောင့် အနားကပ်မှ မတက်တော့ဘို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပမှာ ဝေဖန်မှု တွေနဲ့ အမြင်သဘောထားတွေ မျိုးမျိုး ထွက်ပေါ်နေတာပါ။

မြန်မာ့အရေး ကျွမ်းကျင်သူ အမေရိကန်နိုင်ငံ၊ George Town တက္ကသိုလ်က ပါမောက္ခ David Steinburg ကတော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လက်ရှိမှာ စစ်တပ်နဲ့ သင့်မြတ်အောင် ဆက်ဆံနေရတဲ့ ပုံစံမျိုးရှိတယ်လို့ သုံးသပ်ပါတယ်။

“အခုချိန်ထိတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ စစ်တပ်ကို မဝေဖန်မိဘို့ အထူး သတိထားနေတယ်လို့ ထင်ပါတယ်။ အရမ်းကို သတိထား ဆက်ဆံနေပုံ ရပါတယ်။ ဒါကြောင့် သူမရဲ့ ရပ်တည်ချက်ဟာ ဒီအတိုင်းဘဲ ဆက်ရှိသွားလိမ့်မယ်လို့ ကျနော် ထင်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေအရ သူမနေနဲ့ ပြည်တွင်း နိုင်ငံရေးကို ဦးစားပေး လုပ်ဆောင်သင့်တယ် ဆိုပေမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုသွားပြီး နိုင်ငံတကာကို သူမကိုယ်တိုင် ရင်ဆိုင် ရှင်းပြသင့်တယ်လို့ ယူဆကြောင်း ပါမောက္ခ Steinburg က ပြောပါတယ်။

“သူမအနေနဲ့ တိုင်းပြည်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကိုဘဲ ဦးစားပေး လုပ်ဆောင်သင့်ပါတယ်။ ဒါဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို ၁ ရက်၊ ၂ ရက် သွားလိုက်ယုံနဲ့ ပြည်တွင်း နိုင်ငံရေး အခြေအနေကို အများကြီး အကျိုး သက်ရောက်မှု ဖြစ်စေမှာ မဟုတ်ပါဘူး။ သူမအနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ဖို့က အရေးကြီးပါတယ်။ အခုလို မတက်ဖို့ ဆုံးဖြတ်လိုက်တာဟာ သူမကို ပုဂ္ဂိုလ်ရေးအရ ဝေဖန် ပြောဆိုကြမှာတွေကို ရှောင်ရှားလိုတဲ့အတွက် ဖြစ်နိုင်ပါတယ်။”

ဒေါ်အောင်ဆန်းစုကြည် ကုလသမဂ္ဂကို မသွားဘဲ ပြည်တွင်းမှာ ရှိနေခြင်းက ဘယ်လောက်အထိ အကျိုးရှိနိုင်ပါသလဲ ဆိုတာနဲ့ ပတ်သက်လို့လည်း ပါမောက္ခ Steinburg က အခုလို သုံးသပ်ပါတယ်။

“ပြည်တွင်းမှာရှိနေတဲ့အတွက်လည်း သူမအနေနဲ့ အခြေအနေတွေကို ကိုင်တွယ် ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ သူမအနေနဲ့ ပြည်ပက ဝေဖန်မှုတွေကို ရှောင်ရှားနေတာပါ။ လူနည်းစု လူမျိုးတဦးဖြစ်တဲ့ ဒုသမ္မတ ဟန်နရီ ဗန်ထီးယူကို သူမကိုယ်စား လွတ်တယ်ဆိုတာကတော့ မှန်ကန်တဲ့ လုပ်ရပါ။ ဒါဟာ တိုင်းပြည်အတွက် နိုင်ငံရေးအရ ကောင်းမွန်တဲ့ လုပ်ရပ်ပါ။ တဖက်မှာကျတော့လည်း သူမကိုယ်တိုင်သွားတဲ့အတွက် ဝေဖန်ခံရမှာတွေကို ရှောင်ရှားတဲ့ သဘောလို့ ထင်ပါတယ်။”

ကုလသမဂ္ဂ အထွေထွေညီလာခံကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တက်ရင်ရော ဘယ်လို ထူးခြားမှုတွေများ ဖြစ်ပေါ်လာနိုင်ပါသလဲ။။

“ထူးခြား ပြောင်းလဲမှုတော့ မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် တက်ခဲ့မယ်ဆိုရင်တော့ သူမအနေနဲ့ ဘာတွေ လုပ်ခဲ့တယ်ဆိုတာနဲ့ ဘာကြောင့် မလုပ်ဘူး ဆိုတာ တွေကို ကမ္ဘာ့ခေါင်းဆောင်တွေ နားလည်အောင် ရှင်းပြကောင်း ရှင်းပြနိုင်ပါလိမ့်မယ်။ တနည်းအားဖြင်တော့ ဒုသမ္မထံက ကြားရတာထက်စာရင် နိုင်ငံခြားသားတွေကို သူမအနေနဲ့ ပိုပြီး ဆွဲဆောင်ကောင်း ဆွဲဆောင်နိုင်ပါလိမ့်မယ်။”

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာလ ၂၀ ရက်နေ့မှာ တိုင်းပြည်ကို မိန့်ခွန်း ပြောကြားဖို့ စီစဉ်ထားပါတယ်။ ဒေါ်အောင်စုကြည်အနေနဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းပုံစံမျိုး တိုင်းပြည်ကို မိန့်ခွန်း ပြောကြားတယ် ဆိုပေမယ့်လည်း အင်္ဂလိပ်လို ပြောကြားပြီး နိုင်ငံတကာက သတင်းမီဒီယာ အဖွဲ့အစည်းတွေအားလုံးကို ဖိတ်ကြားထားတာကြောင့် ဒီမိန့်ခွန်းရဲ့ ရည်ရွယ်ချက်ဟာ နိုင်ငံတကာက ပရိတ်သက်တွေကို ရခိုင်ပြည်နယ်က အခြေအနေတွေ ရှင်းပြဖို့အတွက် ရည်ရွယ် ပြုလုပ်တာ ဖြစ်နိုင်ပါတယ်။

လက်ရှိကျင်းပနေတဲ့ ၇၂ ကြိမ်မြောက် အထွေထွေညီလာခံမှာ ရခိုင်ပြည်နယ်အတွင်း သြဂုတ်လ ၂၅ ရက်နေ့က တကျော့ပြန် ဖြစ်ပေါ်လာတဲ့ ပဋိက္ခတွေကြောင့် သူတို့အခေါ် ရိုဟင်ဂျာ မွတ်ဆလင်တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးနေရတဲ့ကိစ္စကို တင်ပြ ဆွေးနွေးကြဖို့ အစ္စလာမ်မစ်နိုင်ငံတွေက ပြင်ဆင်နေကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့တုန်းကလည်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်လို့ တံခါးပိတ် ဆွေးနွေးခဲ့တာမှာ - လက်ရှိ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ လူသားချင်း စာနာမှု အထောက်အကူတွေ ပေးအပ်ဖို့ ဆိုတဲ့ ကိုဖီအာနန် အကြံပေး ကော်မရှင်ရဲ့ တိုက်တွန်းချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတဲ့ ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံကို မြန်မာကိုယ်စားလှယ် ခေါင်းဆောင်အဖြစ် တက်ရောက်မယ့် ဒုသမ္မတ ဟန်နရီ ဗန်ထီးယူဟာ စက်တင်ဘာလ ၂၀ ရက်နေ့မှာ မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG