သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်အမတ် Mitch McConnell ဒေါ်စုနဲ့ ဖုန်းဆက် စကားပြော


အမေရိကန်အထက်လွှတ်တော် လူများစုခေါင်းဆောင် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Mitch McConnell က သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တယ်လီဖုန်းနဲ့စကားပြောခဲ့ပြီး - နိုင်ငံတကာက အခေါ်အားဖြင့် - ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေအတွက် အကူအညီတွေရောက်အောင် သူလုပ်ဆောင်နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတဲ့အကြောင်း မစ္စတာ McConnell က ကြာသပတေးနေ့မှာ ပြောတယ်လို့ ရိုက်တာသတင်းတပုဒ်မှာ ရေးထားပါတယ်။

ရခိုင်ဒေသအတွက် အထူးသဖြင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ကနေတဆင့် အရေးပေါ်အကူအညီတွေ ချက်ခြင်းပေးဖို့ လိုအပ်နေပြီး လူသားချင်းစာနာမှုအကူအညီတွေ ပေးတဲ့အခြေအနေ တိုးတက်ဖို့လိုတယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က သဘောတူပြီးတော့ သူ့အနေနဲ့ အဲဒီအတွက် လုပ်ဆောင်နေတဲ့အကြောင်း ပြောခဲ့တယ်လို့ မစ္စတာ McConnell က အထက် လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် John McCain နဲ့ ဒီမိုကရက်အထက်လွှတ်တော်အမတ် Rihcard Durbin တို့က ရခိုင်ပြည်နယ်က အကြမ်းဖက်လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချပြီး အရေးယူဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တရပ်ချဖို့ အထက်လွှတ်တော်မှာ ကြိုးစားတာကို မစ္စတာမက်ကွန်းနဲလ်က ထောက်ခံမှာမဟုတ်ဘူးလို့ အင်္ဂါနေ့မှာ ပြောခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ်စကားပြောတယ်ဆိုတာကို ကြာသပတေးနေ့မှာ ပြောတာပါ။

အစိုးရအဖွဲ့ထဲမှာ ဒေါ်အောင်ဆန်းစုကြည် လုပ်ဆောင်ရတာဟာ သိပ်ကိုခက်ခဲလွန်းပြီး အရပ်သားတယောက်အနေနဲ့ စစ်ဘက် အပေါ် လုံး၀ အာဏာမရှိသလောက်ပဲလို့ မစ္စတာမက်ကွန်းနဲလ်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို အားနည်းသွား အောင်လုပ်တာဟာ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာကြာ စစ်ဘက်အုပ်ချုပ်မှုကနေ နိုင်ငံအသွင်ကူးပြောင်းရေးမှာ အနှောင့် အယှက်ဖြစ်နိုင်တယ်လို့လဲ သူကသတိပေးထားပါတယ်။

မစ္စတာမက်ကွန်းနဲလ်ဟာ မြန်မာ့အရေးကို အစဉ်တစိုက် တွန်းအားပေးလုပ်ဆောင်ခဲ့သူ အမေရိကန်အမတ်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။ အခုလက်ရှိ ရခိုင်ပြည်နယ်က အခြေအနေတွေကြောင့် နိုင်ငံ တကာက ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်ပြစ်တင်နေကြတဲ့ထဲမှာ သူကတော့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကနေ ရပ်တည် ပြောဆိုထားတာပါ။

ကန်အမတ် Mitch McConnell ဒေါ်စုနဲ့ ဖုန်းဆက် စကားပြော
please wait

No media source currently available

0:00 0:01:31 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG