ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ရပ်ဖို့၊ နောက် အကူအညီ လိုအပ်နေသူတွေကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီတွေ ပေးဖို့ ဥရောပ သမဂ္ဂက မြန်မာ အစိုးရကို ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ အကြမ်းဖက်မှုတွေကို မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက အင်အား အလွန်အကျွံသုံး ကိုင်တွယ်မှု အပေါ် အထူးဘဲ စိုးရိမ်တယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ မြန်မာဘက်က အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို လူသိန်းနဲ့ချီ ထွက်ပြေးလာရတဲ့ ကိစ္စက လက်သင့်ခံနိုင်စရာ မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။ မသိင်္ဂီထိုက် စုစည်းတင်ပြမှာပါ။
ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဖို့၊ အကူအညီလိုအပ်နေသူတွေ အားလုံးကို လူသားချင်း စာနာမှု ဆိုင်ရာ အထောက်အကူတွေ ချက်ချင်းပေးဖို့လည်း ဥရောပ သမဂ္ဂက မြန်မာ အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေးရာ မူဝါဒဆိုင်ရာ အကြီးအကဲ Federica Mogherini က ဒီကနေ့ ဥရောပ လွှတ်တော်မှာ အခုလို ပြောကြားခဲ့ပါတယ်။
"ပထမဆုံး ချက်ချင်း အရေးတကြီး လုပ်ရမှာက အကြမ်းဖက်မှုတွေ၊ တင်းမာမှုတွေကို အဆုံးသတ်ဖို့ပါ။ အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်ရပါမယ်။ လူ့အခွင့်အရေးကို အားလုံးက လေးစား လိုက်နာရပါမယ်။ လက်နက်မဲ့ အရပ်သားတွေ အပေါ် အကြမ်းဖက်မှုတွေကနေ ကင်းလွတ်ရေး အတွက်ကတော့ လုံခြုံရေး တပ်ဖွဲ့တွေမှာ အထူးဘဲ တာဝန်ရှိ တာဝန်ယူရမှာ ဖြစ်ပါတယ်။ဒုတိယ အချက် အနေနဲ့ကတော့ လိုအပ်နေသူတွေ အားလုံးကို လူသားချင်း စာနာမှု အထောက်အကူတွေ အရေးပေါ် ပေးအပ်ဖို့ ဖြစ်ပါတယ်။"
ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဥရောပ သမဂ္ဂ ဘက်က ရှုတ်ချကြောင်းလည်း ဒီလူတွေကို ဥပဒေ အတိုင်းဆောင်ရွက်ရမယ်လို့ အတိအလင်း ပြောကြားပါတယ်။ ဒါပေမယ့် ဒေသတွင်း အကြမ်းဖက်မှုတွေကို ကိုင်တွယ်တဲ့ နေရာမှာ မြန်မာ လုံခြုံရေး တပ်တွေ အင်အားအလွန်အကျွံ့ အသုံးပြုမှုကိုတော့ ဥရောပ သမဂ္ဂဘက်က အလွန်ဘဲ စိုးရိမ်တယ်လို့ ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြား မူဝါဒရေးရာ အကြီးအကဲ Federica Mogherini က ပြောဆိုပါတယ်။
"မြန်မာလုံခြုံရေး တပ်ဖွဲ့တွေရဲ့ လုံခြုံရေး စစ်ဆင်ရေးတွေမှာ အင်အားအလွန်အကျွံ့ အသုံးပြုမှုတွေကို သိရှိထားပြီး အလွန်ဘဲ စိုးရိမ်တဲ့ အကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်။ ဒါကြောင့်လည်း ဘင်္ဂလားဒေရှ့်ဘက်ကို လူပေါင်းများစွာ ရောက်ရှိလာပြီး ဒီဘက် ခေတ်ကာလရဲ့ အဆိုးရွားဆုံး ဒုက္ခသည် ပဋိပက္ခကြီး တခု ဖြစ်လာရပါတယ်။ ဒီအခြေအနေက ဘယ်လိုမှ လက်ခံနိုင်စရာ မရှိသလို တခြား ဒေသတွေကိုပါ မတည်မငြိမ် ဖြစ်လာမယ့် အန္တရာယ်လည်း ရှိပါတယ်။"
ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာသူက ၄ သိန်းလောက် ရှိနေပြီလို့ ကုလသမဂ္ဂဘက်က ခန့်မှန်း ပြောဆိုထားတာပါ။ မြန်မာ အစိုးရဘက်ကတော့ ဒေသတွင်းက လူတွေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးအောင် အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ဆိုတဲ့ အဖွဲ့က လုပ်တာလို့ ပြောပါတယ်။ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးထင်လင်းရဲ့ ပြောဆိုချက်ကတော့
"အကြမ်းဖက် ၀ါဒီ အဖွဲ့ Arkhan Rohingya Salvation Army လို့ ခေါ်တဲ့ အဖွဲ့က တတိယ နိုင်ငံမှာ အခြေချခွင့် ရမယ်လို့ လူတွေကို လှည့်ဖျား ပြောဆိုစည်းရုံးပြီး အိမ်တွေကနေ ထွက်ခွာသွားစေဖို့ လုပ်နေတာပါ။" လို့ သံအမတ်ကြီး ဦးထင်လင်းက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မူဆလင်တွေ အများစု နေထိုင်ရာ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် ဒေသတွင်းက မြန်မာ အစိုးရရဲ့ လုံခြုံရေး ကင်းစခန်း ၃၀ လောက်ကို တချိန်တည်း တပြိုင်တည်း အကြမ်းဖက် တိုက်ခိုက်ခံရတာကြောင့် မြန်မာ အစိုးရ ၀န်ထမ်းတွေနဲ့ အရပ်သားတွေ သေဆုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အကြမ်းဖက်မှုတွေကြောင့် ပေါ်ပေါက်လာတဲ့ အခြေအနေကို ချက်ချင်း တုံ့ပြန်မှု အဖြစ်နဲ့ ဥရောပ သမဂ္ဂဘက်က ဘင်္ဂလားဒေရှ့် နိုင်ငံကို နောက်ထပ် ယူရို ၃ သန်း ထပ်တိုးပေးမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်တွင်း ARSA အုပ်စုရဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချ ပြောဆိုကြတာပါ။ ဒါပေမယ့် မြန်မာ လုံခြုံရေး တပ်ဘက်က ဒေသတွင်း တရားဥပဒေ စိုးမိုးရေး ဆောင်ရွက်ချက်တွေမှာ အင်အား အလွန်အကျွံ့မသုံးဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။