သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပြဿနာဟာ ဒေသတွင်း မတည်မငြိမ် ဖြစ်စေတဲ့ အကြောင်းအချက် တခု ဖြစ်လာနေပြီလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က သတိပေးလိုက်ပါတယ်။ အကြမ်းဖက် သံသရာ အဆုံးသတ်အောင် လုပ်ဖို့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းသလို နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အခိုင်အမာ ကြိုးပမ်းလုပ်ဆောင်ဖို့လည်း တိုက်တွန်းပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ ဆက်ပြောပြပါမယ်။

ရခိုင်ပြည်နယ်က လုံခြုံရေး၊ လူသား ဘေးဒုက္ခ အခြေအနေနဲ့ လူ့အခွင့်အရေး အခြေအနေတွေပေါ် အထူးပဲ စိုးရိမ်တဲ့ အကြောင်းနဲ့ အဲဒီပြည်နယ်မှာ ခွဲခြားဆက်ဆံမှု၊ မျှော်လင့်ချက် ကင်းမဲ့မှုနဲ့ အလွန်အမင်း ဆင်းရဲမွဲတေမှုတွေ သမိုင်းကြောင်းနဲ့ ချီပြီး ရှည်လျားစွာ ဖြစ်ခဲ့တာကို မိမိတို့ အနေနဲ့ ကောင်းကောင်း သတိပြုမိတယ်လို့ အတွင်းရေးမှူးချုပ် António Guterres က ပြောပါတယ်။

စက်တင်ဘာလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့က အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း ရခိုင်ပြည်နယ်က လက်ရှိ အခြေအနေတွေနဲ့ ပတ်သက်ပြီး သတင်းထောက်တွေကို ပြောဆိုတာမှာ ဒေသတွင်း မတည်မငြိမ် ဖြစ်စေတဲ့ အကြောင်းတခု ဖြစ်နေပြီ ဆိုတာကိုလည်း ထည့်သွင်း သတိပေးသွားတာပါ။

“ မခံစားနိုင်လောက်တဲ့ ဘေးဒုက္ခတွေ၊ စိုးရိမ် ကြောက်ရွံ့မှုတွေရဲ့ ဒဏ်ကို ခံကြရသူ လူပေါင်း ၁၂၅,၀၀၀ နီးပါးဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေကြရပါတယ်။ အကြမ်းဖက် ဖြစ်ရပ်တွေကနေ ထွက်ပြေးဖို့ ကြိုးစားသူ အများအပြား အသက်ဆုံးရှုံး ခဲ့ကြပါတယ်။ ရိုဟင်ဂျာတွေရဲ့စောဒကတက် ပြောဆိုမှုတွေနဲ့ မဖြေရှင်းရသေးတဲ့ ပန်ကြားချက်တွေ ကျနော်တို့ပေါ် သက်ရောက်မှု ရှိနေတာ သိပ်ကို ကြာလွန်း သွားပါပြီ။ ဒါဟာ ဒေသတွင်း မတည်မငြိမ်ဖြစ်မှုမှာ ငြင်းပယ်လို့ မရတဲ့ အကြောင်းတခုဖြစ်လာနေပါပြီ။”

ထွက်ပြေးသွားတယ် ဆိုတဲ့ လူအရေအတွက်ဟာ အခုဆိုရင် ၃၈၀,၀၀၀ နီးပါးရှိသွားပြီလို့လည်း မစ္စတာ Guterres က ဆိုပါတယ်။ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ အထူးစိုးရိမ်ချက်ကို ဖော်ပြထားတဲ့ စာတစောင်ကို သိပ်မကြာသေးခင်ကပဲ အတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီ ဥက္ကဌဆီကို ပေးပို့ထားတာပါ။ အဲဒီစာထဲမှာ အကြမ်းဖက် အခြေအနေ အဆုံးသတ် စေဖို့နဲ့ အခြေခံ အကြောင်းတရားတွေကို ဖြေရှင်းဖို့ လုပ်ဆောင်ရမယ့် အဆင့်အမျိုးမျိုးကို အဆိုပြု တင်ပြခဲ့တယ်လို့ မစ္စတာ Guterres က သတင်း ထောက်တွေကို ပြောပါတယ်။ တဆက်တည်းမှာပဲ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ လုပ်ဆောင်ရမှာ ကိုလည်း ပြောသွားပါတယ်။

“အခြေအနေတွေ နောက်ထပ် အရှိန်မြင့်လာမှာကို တားဆီးဖို့နဲ့ ပြီးပြည့်စုံတဲ့ အဖြေတခုကို ရဖို့အတွက် နိုင်ငံတကာ အသိုင်း အ၀ိုင်းအနေနဲ့ အားလုံးပူးပေါင်းပြီး ကြိုးပမ်း လုပ်ဆောင်ကြရပါမယ်။”

တကယ်ကတော့ ရခိုင်ပြည်နယ်က ဖြစ်ရပ်တွေ အပေါ်မှာ ကုလသမဂ္ဂနဲ့ ကမ္ဘာ့နိုင်ငံ အများအပြားက မြင်တာနဲ့ မြန်မာအစိုးရ အပါအ၀င် မြန်မာလူထု အများစုက မြင်တာကြားမှာ အကြီးအကျယ်ကို ကွာဟနေတာပါ။ ဒီအခြေအနေ အောက်မှာပဲ မြန်မာအစိုးရကိုလည်း မစ္စတာ Guterres က တိုက်တွန်း ပြောဆိုသွားပါ သေးတယ်။

“ဆိုးရွားတဲ့ အကြမ်းဖက် သံသရာ အဆုံးသတ်စေဖို့၊ လုံခြုံရေး ပေးဖို့နဲ့ လိုအပ်နေသူတွေ အားလုံးကို အကူအညီတွေ ပေးဖို့ မြန်မာအာဏာပိုင်တွေ အနေနဲ့ အခိုင်အမာ လုပ်ဆောင်ရပါမယ်။ အသက်ကယ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ အတွက် လူသားချင်း စာနာမှု အကူအညီတွေကို အကန့်အသတ် မထားဘဲ ခွင့်ပြုဖို့ သူတို့ကို ကျနော် တိုက်တွန်း ပါတယ်။”

လက်ရှိ အကျပ်အတည်းရဲ့အခြေခံ အကြောင်းရင်းတွေလို့ သူယူဆတဲ့ ကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းဖို့လည်း မစ္စတာ Guterres က ထည့်ပြော သွားပါသေးတယ်။ အဲဒီ အကြောင်းရင်းတွေ ထဲမှာ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတာ ဒါမှမဟုတ်လည်း အနိမ့်ဆုံး အဆင့် လက်ရှိ အချိန်မှာ လွတ်လပ်စွာ သွားလာခွင့်၊ အလုပ်အကိုင်၊ ပညာရေးနဲ့ ကျန်းမာရေး ၀န်ဆောင်မှုတွေ ရဖို့အတွက် တရားဥပဒေနဲ့ အညီ လုပ်ဆောင်ရမယ်လို့ ပြောပါတယ်။

သူ့ပြောသွားတဲ့ မူရင်း အတိုင်းအရ Arakan Rohingya Salvation Army အဖွဲ့ရဲ့တိုက်ခိုက်မှု တွေကို သူ့အနေနဲ့ပြစ်တင် ရှုတ်ချ ထားပေမယ့် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေက ခွဲခြားသတ်မှတ်မှု မရှိ တိုက်ခိုက်တယ် ဆိုတဲ့ သတင်းတွေကိုလည်း မပြတ် ရနေတယ်လို့ မစ္စတာ Guterres က ထည့်ပြော သွားပါတယ်။ ဒီတိုက်ခိုက်မှု တွေဟာ အစွန်းရောက်ဝါဒ ပိုပြီး တိုးလာတဲ့ အခြေအနေကိုသာ ရောက်စေမယ်လို့လည်း ဆိုပါတယ်။

အဆုံးသတ် မှာတော့ Kofi Annan ကော်မရှင်ရဲ့အကြံပြုချက်တွေကို အကောင်အထည် ဖော်ဖို့ တိုက်တွန်းသလို ထွက်ပြေးသွားတယ်လို့ ဆိုသူတွေကို ဘင်္ဂလားဒေ့ရှ်က လက်ခံထားတဲ့ အပေါ်လည်း ကျေးဇူးတင်စကား ပြောသွားပါတယ်။

မြန်မာအစိုးရ ကတော့ ARSA အဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်ထား သလို Annan ကော်မရှင်ရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကော်မတီတရပ်ကိုလည်း စက်တင်ဘာလ ၁၂ ရက်နေ့ကပဲ ဖွဲ့စည်းခဲ့ပါတယ်။

ရခိုင်အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် António Guterres က သတင်းထောက်တွေကို ပြောဆိုတဲ့ တနေ့တည်းမှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ဆွေးနွေးခဲ့ကြပြီး အကြမ်းဖက် အခြေအနေတွေ အပေါ်ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန် ခဲ့ပါတယ်။

XS
SM
MD
LG