သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အမှန် စိစစ်လက်ခံရေး ဘင်္ဂလားဒေ့ရ်ှအစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်မည်


အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း
အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်း

မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေထဲက လူမှုသဟာဇာတရှိရှိ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုတဲ့ မြန်မာနိုင်ငံမှာ နေထိုင်ခဲ့သူ ကျေးရွာသားတွေအားလုံးကို စီစစ်ပြီး ပြန်လည် လက်ခံ ခေါ်ယူမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောလိုက်ပါတယ်။ ဒီအတွက် သက်ဆိုင်ရာ ဘင်္ဂလားဒေ့ရ်ှအစိုးရနဲ့ ညှိုနှိုင်းဆောင်ရွက်မှာဖြစ်သလို၊ မြန်မာနိုင်ငံထဲမှာဆိုရင်လည်း ရခိုင်အရေးအကြံပေးကော်မရှင်ရဲ့ အစီရင်ခံစာအကြံပြုချက်ပါ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်မှာဖြစ်တယ်လို့ ပြောပါတယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက ပြောပြမှာပါ။

အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးအောင်လင်းက ဘင်္ဂလားဒေ့ရ်ှရောက်နေတဲ့ မြန်မာနိုင်ငံဖက်ကကျေးရွာသားဆိုသူတွေကို စီစစ်လက်ခံမှာ ဖြစ်တယ်လို့ ပြောပေမယ့်၊ ကုလသမဂ္ဂဖက်ကပြောနေတဲ့ ဒုက္ခသည်အရည်အတွက်အားလုံးကို မြန်မာနိုင်ငံဖက်က ကျေးရွာသားတွေဆိုပြီး လက်ခံတာတော့ မဟုတ်ပါဘူး။ ကုလသမဂ္ဂရဲ့ ခန့်မှန်းချက်တွေအရတော့ မြန်မာဖက်က ဒုက္ခသည် လေးသိန်း ဘင်္ဂလားဒေ့်ရ်ှနိုင်ငံဖက် ရောက်နေတယ်လို့ ဆိုပါတယ်။ သံအမတ်ကြီး ဦးအောင်လင်းကတော့ မြန်မာလုံခြုံရေးတပ်တွေရဲ့စစ်ဆင်ရေးဟာ အကြမ်းဖက်သမားတွေကို နှိမ်နင်းမှုသာဖြစ်ပြီး၊ အရပ်ဖက် ကျေးရွာသားတွေအနေနဲ့ စိုးရိမ်စရာမလိုဘူးလို့ ဗွီအိုအေကို ပြောခဲ့ပါတယ်။

"ဘင်္ဂလားဒေ့ရ်ှကို ထွက်ပြေးရောက်ရှိလာတယ်ဆိုတဲ့ ဒုက္ခသည်အရည်အတွက်နဲ့ပတ်သက်လို့တော့ အချေအတင်မပြောချင်ပါဘူး။ ဒါပေမယ့်လည်းအပြစ်မရှိဘူးဆိုရင်တော့ ကျေးရွာတွေကနေ ထွက်ပြေးသွားစရာ အကြောင်းမရှိပါဘူး။ အကူအညီလိုတဲ့ မွတ်ဆလင်ကျေးရွာတွေအတွက် လုံခြုံရေးတပ်တွေက ကာကွယ်စောင့်ရှောက်မှုပေးပါတယ်။ ဒါကြောင့်လည်း အဲဒီက တကယ့်ကျေးရွာသားတွေဆိုရင်တော့ ထွက်ပြေးသွားစရာမလိုပါဘူး။"

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ရက် အကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်ခဲ့တဲ့ ARSA အဖွဲ့ကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ပြစ်တင်ရှုတ်ချထားပေမယ့်၊ မြန်မာအစိုးရဖက်က ပြန်လည် တုန့်ပြန်တဲ့ စစ်ဆင်ရေးတွေဟာ ခွဲခြားသတ်မှတ်မှုမရှိပဲ အရပ်သားတွေပါ ထိခိုက်ခံစားရတယ်ဆိုတဲ့ သတင်းတွေ ရတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်က မနေ့က ပြောခဲ့ပါတယ်။ သံအမတ်ကြီး ဦးအောင်လင်းကတော့ သြဂုတ်လ ၂၅ ရက်နေ့က မောင်တောခရိုင်အတွင်း လုံခြုံရေးစခန်း ၃၀ နီးပါး အကြမ်းဖက်တိုက်ခိုက်ခံရမှုဟာ အချိန်ကိုက်ပြီး စနစ်တကျ ရည်ရွယ်လုပ်ဆောင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်တယ်လို့ ပြောပါတယ်။

"သြဂုတ်လ ၂၃ မှာ ကိုဖီအာနန် မြန်မာနိုင်ငံကို ရောက်လာပါတယ်။ သြဂုတ် ၂၄ နဲ့ ၂၅ မှာ အစီရင်ခံစာထုတ်ပြန်ဖို့ရှိတယ်။ အဲဒီ မနက်မှာပဲ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်လာတယ်။ ဒါဟာ တကယ့်ကို အစီအစဉ်တကျလုပ်တဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ ကုလသမဂ္ဂအထွေထွေညီလာခံ တတ်ရောက်ဖို့အတွက် မြန်မာကိုယ်စားလှယ်အဖွဲ့ သွားရောက်တော့မယ့် အချိန်နဲ့လည်း နီးကပ်နေပါတယ်။ ဒါက တကယ့်ကို အစီအစဉ်တကျလုပ်တဲ့ကိစ္စပါ။"

ဒုက္ခသည်ပြဿနာဖြေရှင်းရေးနဲ့ပတ်သက်လို့တော့ ဘင်္ဂလားဒေ့ရှ်တာဝန်ရှိသူတွေနဲ့ အနီးကပ် ပူးပေါင်းဆောင်ရွက်မှာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောပါတယ်။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံဟာ မြန်မာ အိမ်နီးချင်းနိုင်ငံကောင်းတနိုင်ငံဖြစ်သလို၊ ဒီလို နယ်စပ်ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ နဂိုကတည်း ပုံမှန်တွေ့ဆုံညှိနှိုင်းမှုတွေ ရှိပြီးသားဖြစ်တယ်လို့လည်း ပြောပါတယ်။ မြန်မာဖက်က ကျေးရွာသားတွေ မှန်ကန်တယ်ဆိုတာ ခိုင်လုံတဲ့အထောက်အထားရှိရင် ပြန်လည် လက်ခံမှာဖြစ်တယ်လို့ သံအမတ်ကြီး ဦးအောင်လင်းက ဗွီအိုအေကို ပြောပါတယ်။

"အဲဒီဒေသမှာနေထိုင်တဲ့ တကယ့်ကျေးရွာသားတွေလို့ သက်သေပြ အတည်ပြုနိုင်ရင် သူတို့အနေနဲ့ အခြားလူမှုအသိုင်းအဝိုင်းတွေနဲ့ သဟဇာတရှိရှိ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လိုတယ်ဆိုရင် အားလုံးကို ပြန်လည်လက်ခံသွားမှာဖြစ်ပါတယ်။"

ဒေသခံတွေ ဟုတ်မဟုတ် စီစစ်ရာမှာတော့ အာဏာပိုင်တွေမှာ ယခင်မှတ်တမ်းမှတ်ရာတွေ ရှိခဲ့သလိုပဲ၊ ကိုယ့်အိမ်နီးချင်း ဆွေမျိုးအသိုင်းအဝိုင်း ဒါမှမဟုတ် ကိုယ့်သိတဲ့ မိတ်ဆွေတွေကတဆင့် အတည်ပြု စီစစ်နိုင်မယ်လို့ ပြောပါတယ်။ နိုင်ငံတွင်း အခြေကျနေထိုင်ခဲ့တဲ့ ဒီလူတွေအနေနဲ့လည်း နိုင်ငံသားဖြစ်လာဖို့ အခွင့်အလမ်းတွေကို အစိုးရက လမ်းဖွင့် ဆောင်ရွက်ပေးမှာဖြစ်တယ်လို့ လည်း ဆိုပါတယ်။

"ကိုဖီအာာနန်ကော်မရှင်ရဲ့ အစီရင်ခံစာမကြာခင်ကပဲ ထွက်ထားပါပြီ။ အစီရင်ခံစာရဲ့ အကြံပြုချက်တွေထဲမှာ နိုင်ငံသားစီစစ်ရေးလုပ်ငန်းစဉ်ဆိုတဲ့ အချက်တချက်ပါဝင်ပါတယ်။ အစိုးရအနေနဲ ဒီအစီရင်ခံစာကို အလေးအနက်ထားပါတယ်။ ဒီ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ကော်မတီတရပ်လည်း ဖွဲ့ထားပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံသားဖြစ်လိုပြီး ပြန်လာသူတွေအတွက် သူတို့အတွက် အခွင့်အလမ်းတွေရှိပါတယ်။"

နိုင်ငံသားစီစစ်ရေးလုပ်ငန်းတွေကို ယခင်ကတည်းက လုပ်ဆောင်ခဲ့တာရှိပေမယ့်၊ ဒေသခံ မွတ်ဆလင်တွေဖက် ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့တာမို့ အဆင်မချောဖြစ်ခဲ့ရတယ်လို့လည်း သံအမတ်ကြီးက အပြစ်တင်ခဲ့ပါတယ်။

အဓိကအချက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အမည်ကို စီစစ်ရေးလုပ်ငန်းစဉ်မှာ ထည့်ခွင့်မပေးခဲ့တာကြောင့် မွတ်ဆလင်တွေဖက်ကလည်း စီစစ်ရေး အလုပ်မခံခဲ့ပါဘူး။အခု ရခိုင်အကြပ်အတည်းအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံတကာရဲ့ စိုးရိမ်ချက်တွေကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တတ်ရောက်ဖြေရှင်းနိုင်မယ်လို့ မူလက ယူဆခဲ့ကြတာပါ။

ဒါပေမယ့် အခုတော့ ပြည်တွင်းအခြေအနေကြောင့် တတ်ရောက်နိုင်တော့မှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း လာမယ့် စက်တင်ဘာ ၁၉ ရက်နေ့ ကျရင်တော့ ကုလသမဂ္ဂ အေဂျင်စီတွေရော နိုင်ငံတကာသံတမန်တွေနဲ့ပါ ဒေါ်အောင်ဆန်းစုကြည်က ရခိုင်အရေး တွေ့ဆုံရှင်းလင်းဖို့ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG