သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက် မကြုံစဖူးများပြား ကုလထုတ်ပြန်


ရခိုင်ပြည်နယ် အတွင်းက အကြမ်းဖက်မှုတွေ ကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်လာကြတဲ့သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်တဲ့ မူဆလင် ဒုက္ခသည် အရေအတွက်ဟာ ၃ သိန်း ၇ သောင်း အထိ ရှိလာခဲ့ပြီလို့ IOM နိုင်ငံ တကာ ရွှေ့ပြောင်းအခြေချသူများ အကူညီပေးရေး အဖွဲ့က ပြောပါတယ်။

အချိန် ၃ ပတ်တောင် မရှိသေးခင်မှာ အခု လောက်အထိ ဒုက္ခသည် အရေအတွက် အမြောက်အများ ထွက်ပြေးလာကြတာဟာ ထူးခြားတဲ့ ဖြစ်ရပ်တခုပဲ ဆိုတဲ့ အကြောင်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ ထားတာကို ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

ရွာတွေမီးရှို့ခံရလို့ အိုးအိမ်စွန့်ခွာပြီး ဘင်္ဂလားဒေ့ချ်ဘက် ထွက်ပြေးလာကြတဲ့ သူတွေရဲ့ အဖြစ်က အထူးကို စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေ တခုပဲလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးက ပြောပါတယ်။ ထွက် ပြေးလာသူတွေ အပြောအရ သူတို့ မိသားစုဝင်တွေ အတိုက်အခိုက် ခံခဲ့ရတယ်လို့ ဆိုပါတယ်။ နယ်စပ်ကိုရောက်အောင် တောတွေ တောင်တွေကို ဖြတ်ပြီး ရက်တွေနဲ့ချီ လမ်းလျှောက်ခဲ့ကြရတယ်လို့ UNHCR အဖွဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် Adrian Edward က ဗွီအိုအေကို ပြောပါတယ်။

“ မိသားစုတွေနဲ့ တကွဲတပြားစီ ဖြစ်ပြီး ရောက်လာကြတဲ့ ကလေး အရေအတွက်က တော်တော်များပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ သေနတ် ဒဏ်ရာရမှု စတဲ့ ပြဿနာတွေ ရှိနေပါတယ်။ ဒီ ဒဏ်ရာတွေကို ကုသပေးဖို့ လိုအပ်နေပါတယ်။ အခြေအနေ ကတော့ တကယ့်ကို အရေးတကြီး အခြေအနေပါပဲ။”

ထွက်ပြေးလာတဲ့ ဒုက္ခသည် အားလုံးရဲ့ ၆၀ ရာခိုင်နှုန်းက ကလေးငယ်တွေ ဖြစ်ကြပြီး လူသားချင်း စာနာမှု အကူအညီတွေ ပိုပြီး လိုအပ်နေတယ်လို့ UNICEF ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့က ပြောပါတယ်။ ဘင်္ဂလားဒေ့ချ် နယ်စပ် Cox’s Bazar မြို့မှာ ရှိတဲ့ UNICEF ရုံးက ကလေးများ ကာကွယ်ရေးဆိုင်ရာ အရာရှိ Jean Lieby နဲ့ တယ်လီဖုန်းဆက်ပြီး ပြောခဲ့တုန်းက ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ ကလေးတွေ အပြည့်ဖြစ်နေပြီး သူတို့ အခြေအနေတွေက စိုးရိမ်ရတယ်လို့ ဆိုပါတယ်။ ကလေးငယ် ၂ သိန်းလောက် ရှိနေပြီး သူတို့အထဲမှာ တော်တော်များများက ရေကနေဖြစ်တဲ့ ရောဂါတွေ ရှိနေလို့ သူတို့ အတွက် အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့လည်း Jean Lieby က ပြောပါတယ်။

“ ရက်တော်တော်များများ မအိပ်ခဲ့ရတဲ့ ကလေးတွေ၊ သူတို့တွေ အားတွေလည်း နည်းနေတယ်။ ဆာလည်း ဆာနေကြတယ်။ ခရီးဝေးကြီးကို အကြာကြီး ဖြတ်ခဲ့ရတဲ့ ကလေးငယ်တွေ တော်တော်များများ နေမကောင်း ဖြစ်နေကြတယ်။ သူတို့ရဲ့ ကျန်းမာရေးအတွက် ကုသဖို့ချက်ချင်းကို လိုအပ်နေတာပါ။ တချို့ ကလေးတွေ ကတော့ တော်တော် ကိုင်တွယ်ရ ခက်တဲ့ အခြေအနေမှာ ရှိနေတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေလို့သူတို့ရဲ့စိတ်တွေ ပြန်လည် လန်းဆန်းလာအောင် လုပ်ပေးဖို့နဲ့ သူတို့အတွက် အကာအကွယ် ပေးဖို့ လိုအပ်နေပါတယ်။ ”

UNICEF အဖွဲ့က သန့်ရှင်းတဲ့ သောက်ရေနဲ့ ကျန်းမာရေး အခြေခံ ပစ္စည်းတွေ ထောက်ပံ့ နေပါတယ်။ ကုလသမဂ္ဂနဲ့နိုင်ငံတချို့က ကူညီရေး ပစ္စည်းတွေ လေယာဉ်တွေနဲ့ သယ်ဆောင်ပြီး ပေးနေတဲ့ အကြောင်းကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric ကပြောပါတယ်။

“ အသစ် ရောက်လာကြတဲ့ ဒုက္ခသည် တော်တော်များများ ကတော့ ယာယီ နေထိုင်နိုင်ဖို့ ကြုံသလို ဖြစ်သလို ဖန်တီးပြီး နေကြတာမျိုး ဒါမှမဟုတ် ဘင်္ဂလားဒေ့ချ် နယ်ခံတွေ ထဲက စေတနာရှင်တွေက ဝေငှပေးကြတာမျိုးတွေ ရှိနေပါတယ်။ ဒီဒုက္ခသည် အသစ်တွေ နေထိုင်ဖို့စခန်းသစ် တခု တည်ဆောက်ရေး အကူအညီပေးဖို့ကုလသမဂ္ဂကို ဘင်္ဂလားဒေ့ချ်က အကူအညီ တောင်းထားပါတယ်။

အိပ်စရာနဲ့ နေစရာ ပစ္စည်းတွေ သယ်လာတဲ့ UNHCR လေယာဉ်တစီး ဘင်္ဂလားဒေ့ချ်ကို ရောက်လာပါပြီ။ UAE အာရပ် စော်ဘွားများ ပြည်ထောင်စု ကလည်း မိသားစု ၂ ထောင်လောက် အတွက် နေစရာ တဲတွေကို လေယာဉ် တစီးနဲ့ သယ်လာခဲ့ပါပြီ။ လောလောဆယ် ရောက်နေတဲ့ လေယာဉ် ၂ စီးမှာ ပါတဲ့ ပစ္စည်းတွေက လူ ၁ သိန်း ၂ သောင်းလောက် အတွက် ဖူလုံ ပါလိမ့်မယ်။”

အထောက်အပံ့ ပေးမယ့် ပစ္စည်းတွေ နောက်လေယာဉ်တွေနဲ့ လည်း ရောက်လာဖို့ ရှိနေပါတယ်။ Cox’s Bazar မြို့ကို ရောက်လာကြတဲ့ ဒုက္ခသည် အသစ်တွေထဲက ၇ သောင်းလောက် ကိုတော့ WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့က စားစရာတွေ ပေးထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG