သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းအပေါ်တုံ့ပြန်ချက်များ


နေပြည်တော်မှာ ဒီကနေ့ ပြောကြားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပေါ် နိုင်ငံတကာ သံတမန်တွေက အကောင်းမြင် ချီးကျူး ပြောဆိုပါတယ်။ ဒီမိန့်ခွန်းဟာ အပြုသဘောဆောင်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာနဲ့ အစိုးရရပ်တည်နေရတဲ့ အနေအထားတွေအပေါ် ပို နားလည်သဘောပေါက်လာစေတယ်လို့လည်း ဆိုပါတယ်။ APသတင်းကို အခြေခံပြီး ကိုအောင်အောင်က တင်ပြထားပါတယ်။

နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန ၂ မှာ ဒီကနေ့ မနက် ၁၀ နာရီက မြန်မာနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ ပါတ်သတ်ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတော် အခြေပြမိန့်ခွန်း ပြောကြားခဲ့တာပါ။ ဒီမိန့်ခွန်းပြောကြားချိန်မှာ မြန်မာနိုင်ငံတွင်းက မြို့ကြီးတချို့မှာ မိန့်ခွန်းပြောချိန်နဲ့ တပြိုင်နက်တည်း လူစုလူဝေးနဲ့ ကြည့်ရှုခဲ့ကြသလို မိန့်ခွန်းပြောကြားတဲ့အခမ်းအနားကိုတော့ နိုင်ငံတကာ သံတမန်တွေ၊ အဖွဲ့အစည်းတွေ ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေ တက်ရောက်ခဲ့ပါတယ်။ကုလသမဂ္ဂ ကလေးငယ်များ အရေးပေါ်ရန်ပုံငွေအဖွဲ့ UNICEF ဒုတိယဌာနေကိုယ်စားလှယ် Paul Edwards က

"ကျနော် အမြဲပဲ အကောင်းမြင်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ပေါင်းစည်း ညီညွတ်ရေးအတွက် သူက အားလုံးအတူတကွလက်တွဲပြီး လုပ်စေချင်ကြောင်း ပြောသွားပါတယ်။ ဒီ အကြံပြုချက်ကို လက်ခံပြီး ဒီအတိုင်း လုပ်သွားရပါမယ်။"

သြဂုတ်လကုန်ပိုင်းက အာဆာ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေက မြန်မာလုံခြုံရေးရဲကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး မြန်မာလုံခြုံရေးတပ်တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့တာမှာ ရခိုင်ပြည်နယ်တွင်းက ဒေသခံ မူစလင် သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေး ခိုလှုံခဲ့တာကြောင့် မြန်မာအစိုးရအပေါ် နိုင်ငံတကာက ဝိုင်းဝန်း ဝေဖန်ခဲ့ပါတယ်။ နိုင်ငံတကာမှာ သတင်းမီဒီယာတွေမှာ ဖေါ်ပြကြတဲ့ အချက်အလက်တိုင်းဟာ အမှန်မဟုတ်ဘူးလို့တော့ အစိုးရဘက်ငြင်းချက်ထုတ်ထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ် Nikolay Listopadov ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းအပေါ် အကောင်းမြင်ပါတယ်။

"ပထမခြေလှမ်းအနေနဲ့ ဒါဟာ ကောင်းမွန်တဲ့ မိန့်ခွန်းပါ။ နိုင်ငံတကာ အသိုင်းအဝိုင်းကို ကောင်းမွန်တဲ့ သတင်းစကားပါးလိုက်တာပါ။ အဲဒီနောက်တော့ လက်တွေ့အကောင်အထည်ဖေါ် ဆက်လှမ်းသွားမယ်ဆိုတာ ကျနော်ယုံပါတယ်။ ဘာလို့လည်းဆိုတော့မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့ အတူလက်တွဲလုပ်ဆောင်ဖို့ အဆင်သင့်ရှိတယ်ဆိုတာနဲ့ နိုင်ငံတကာ မိသားစုတွေရဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပါတ်သတ်ပြီးတော့လည်း အလေးထားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်း ပြောထားလို့ပါ။"

ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဒေသခံ မူစလင် ၄ သိန်းကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီအရေအတွက်နဲ့ ပါတ်သတ်ပြီး အသေအချာ စိစစ်မှုတွေလုပ်ရမှာဖြစ်သလို လူမှုအသိုင်းအဝိုင်းအတွင်း သဟဇာတ ရှိရှိ နေထိုင်နိုင်တဲ့သူတွေကို ပြန်လည် လက်ခံသွားမယ်လို့ မြန်မာအစိုးရဘက်က ပြောထားတာပါ။ ပြဿနာဖြစ်နေတဲ့ နေရာကိုပဲ မကြည့်ပဲ တတိုင်းတပြည်လုံးရဲ့ အနေအထားကို ထည့်တွက်ဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က သူ့မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် Hong Liang ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကြောင့် အခြေအအနေကို ပို သဘောပေါက်လာရတယ်လို့ ပြောပါတယ်။

"အရမ်းကောင်းတဲ့ မိန့်ခွန်းပါ။ မြန်မာနိုင်ငံနဲ့ ရခိုင်ပြည်နယ်အပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ပိုပြီး နားလည်လာနိုင်အောင် အထောက်အကူဖြစ်စေမှာပါ။ ဒါ့အပြင် မြန်မာအစိုးရ ရပ်တည်နေရတဲ့ အနေအထားနဲ့ ပါတ်သတ်ပြီးတော့လည်း နိုင်ငံတကာက ပိုနားစေနိုင်ဖို့ အထောက်အကူဖြစ်မှာပါ။"

သူတို့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရပြီး ဖိနှိပ်ညှဉ်းပမ်းမှုတွေကြောင့် ထွက်ပြေးလာရတယ်လို့ ပြောဆိုသူတွေကို လက်ခံထားရတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် Mohammad Sufiur Rahman ကလည်း ဒေါ်အောင်းဆန်းစုကြည်ပြောကြားတဲ့အတိုင်း လက်တွေ့ အကောင်အထည်ဖေါ်ဖို့လိုတယ်လို့ ဆိုပါတယ်။
"ကျနော် ရှင်းရှင်းပြောနိုင်တဲ့ တခုကတော့ သူပြောတာတွေဟာ အလွန်ကောင်းမွန်ပြီး ကျနော်တို့အနေနဲ့လည်း မှန်မှန်ကန်ကန် အကောင်အထည်ဖေါ် ဆောင်ရွက်သွားဖို့ပါ။"

ပဋိပက္ခတွေ ဖြစ်ပွါးခဲ့တဲ့ ရွာတွေထဲက တဝက်ကျော်ကတော့ ပကတိအတိုင်း ရှိနေခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ အမုန်းတရားနဲ့ ကြောက်ရွံ့ခြင်းကြောင့်ကမ္ဘာကြီးအနေနဲ့ ပူလောင်ကျွမ်းစေပြီး ပဋိပက္ခတိုင်းဟာ အဲဒီ အမုန်းတရားနဲ့ ကြောက်ရွံ့ကြီးစိုးမှုကနေ ဆင်းသက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအမုန်းတရားနဲ့ အကြောက်တရားဆင်းသက်လာရာ အကြောင်းရင်းခံတွေကို ဖယ်ရှားပစ်မှာသာ မြန်မာနိုင်ငံကနေရော ကမ္ဘာကြီးကနေပါ ပဋိပက္ခကို အဆုံးသတ်ချုပ်ငြိမ်းနိုင်မှာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG