သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတော်အတိုင်ပင်ခံမိန့်ခွန်း နိုင်ငံတကာစောင့်ကြည့်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၁၁ ရက်နေ့တုန်းက မိန့်ခွန်းပြောစဉ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သြဂုတ်လ ၁၁ ရက်နေ့တုန်းက မိန့်ခွန်းပြောစဉ်

ဒီကနေ့ ပြောကြားမယ့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း မွတ်ဆလင်ရွာတွေကို အင်အားအလွန်အကျွံအသုံးပြုနှိမ်နင်းနေတဲ့ မြန်မာစစ်တပ်ကို ပြတ်ပြတ်သားသားသတိပေးလိမ့်မယ်လို့ မျှော်လင့်ကြောင်း နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ အထွေထွေညီလာခံကို တက်ရောက်လာတဲ့နိုင်ငံတကာခေါင်းဆောင်တွေက ပြောကြားလိုက်ပါတယ်။

မနေ့က ဗြိတိန်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ရိုဟင်ဂျာ အရေး သီးသန့်ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာအမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကလည်းဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ကြမှာဖြစ်ပြီး လုပ်ငန်းစဉ်အသေးစိတ်ကိုတော့ ဆွေးနွေးနေဆဲဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

မကြာခင်နာရီပိုင်းအတွင်း နေပြည်တော်ကနေ တိုက်ရိုက်ပြောကြားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာလုံခြုံရေးတပ်တွေဘက်က အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့ ကိစ္စမှာ မြန်မာစစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြတ်ပြတ်သားသားပြောဆိုလိမ့်မယ်လို့ နယူးရောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာတဲ့ နိုင်ငံတကာခေါင်းဆောင်တွေက မျှော်လင့်နေကြတာပါ။

အင်အားအလွန်အကျွံသုံးပြီး နှိမ်နင်းမှုတွေကို ချက်ချင်းရပ်ဆိုင်းဖို့၊ အရပ်သားတွေကို အသေအချာ အကာအကွယ်ပေးဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ခွင့်ပြုဖို့ မြန်မာစစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သူရဲ့မိန့်ခွန်းမှာ ထည့်သွင်း ပြောလိမ့်မယ်လို့ မျှော်လင့်ကြောင်း နယူးရောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်လာတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Yves le Drian ဂျင်အီဖ် လီဒရီရမ်းက မနေ့က သတင်းထောက်တွေကို ပြောပါတယ်။

အလားတူ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ တိုင်းပြည်နဲ့ စစ်တပ်အပေါ်မှာ သူ့ရဲ့ဦးဆောင်မှုကို ပြသဖို့ အချိန်ရောက်နေပြီလို့လည်း မနေ့က အထွေထွေညီလာခံပြင်ပ ဗြိတိန်နိုင်ငံက ဦးဆောင်ကျင်းပတဲ့ ရိုဟင်ဂျာအရေး သီးသန့်ဆွေးနွေးပွဲ မတိုင်ခင်မှာအခုလိုပြောပါတယ်။

"ရိုဟင်ဂျာတွေရင်ဆိုင်နေရတဲ့အခြေအနေဟာ ဆိုးရွားပါတယ်။ ဒါကို သံသယဖြစ်စရာအကြောင်းမရှိပါဘူး။ ဒါကလည်း ဒေါ်စုအပေါ်မှာ မူတည်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ခေါင်းဆောင်မှုစွမ်းရည် ပြဖို့ နဲ့ စစ်တပ်အပေါ်မှာ ပြတ်သားခိုင်မာတဲ့ သူရဲ့ စိတ်ဓါတ်ရပ်တည်ချက်ကို ပြသဖို့ ကြိုးစားရမှာဖြစ်ပါတယ်။"

ဒါအပြင် နိုင်ငံတကာကို အကြီးအကျယ်ရိုက်ခတ်လာတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခဖြေရှင်းရေး ပတ်သက်လို့ လည်း သူက အခုလိုဆက်ပြောပါတယ်။

"လူတိုင်းဖြစ်စေချင်တာကတော့ နံပါတ်(၁)အနေနဲ့ သတ်ဖြတ်မှုတွေကိုရပ်ပစ်ဖို့ ဒါကိုလည်း ကျနော် ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြခဲ့ပြီးပါပြီ။ အဲဒီကို လူသားချင်းစာနာမှုအကူအညီတွေရောက်ဖို့ အပြင် ရိုဟင်ဂျာတွေကို နေရပ်ပြန်နိုင်ဖို့ ကိစ္စကို တကယ် ဖြစ်စေချင်တယ်ဆိုတာ လုံးဝသိသာစေချင်ပါတယ်။"

ရိုဟင်ဂျာအရေး သီးသန့်ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ မြန်မာလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းကလည်း ဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေးကိစ္စ မြန်မာဘက်က သဘောတူခဲ့ပေမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးနေဆဲဖြစ်တယ်လို့ အခုလိုပြောပါတယ်။

"သိပ်ကိုအပြုသဘောဆောင်တဲ့ ဆွေးနွေးပွဲတခုပါ။ ကျနော်တို့ အခိုင်အမာပြောလိုတာက အကူအညီလိုအပ်နေသူတိုင်းအတွက် ကျနော်တို့ ကူညီမယ်ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် ခွဲခြားဆက်ဆံမှုလုံးဝရှိမှာမဟုတ်ပါဘူး။ ဒါကလည်း ကျနော်တို့ သဘောတူညီချက်တွေထဲက တခုဖြစ်ပါတယ်။ နောက်ပြီး နေအိမ်တွေကနေ စွန့်ခွာသွားသူ မည်သူမဆို ကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ ကျနော်တို့ အသေအချာဆောင်ရွက်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်နဲ့ ပတ်သက်လို့ အသေးစိတ်လုပ်ငန်းစဉ်တွေကိုတော့ ကျနော်တို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။"

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေဟာ တိုးတက်ပြောင်းလဲမှုမရှိသေးပဲ အကြမ်းဖက်မှုတွေ၊ ဆင်းရဲဒုက္ခရောက်နေမှုတွေကိုပဲ တွေ့မြင်နေရကြောင်း ဆွေနွေးပွဲအပြီးထုတ်ပြန်တဲ့ သူရဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ပဋိပက္ခတွေအဆုံးသတ်ပြီး ရခိုင်ပြည်နယ်နဲ့ မြန်မာတနိုင်ငံလုံး ငြိမ်းချမ်း တည်ငြိမ်ရေးအတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဝိုင်းဝန်းအဖြေရှာဖို့ သံဓိဌာန်ချထားကြောင်းလည်း ရေးသားထားပါတယ်။

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ဂျူလီဘီရှော့ကတော့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး ဒေါ်လာ ၁၅ သန်းနောက်ထပ် ထောက်ပံဖို့ရှိကြောင်း ဆွေးနွေးပွဲအပြီး သတင်းထောက်တွေကို အခုလိုပြောသွားပါတယ်။

"အကြမ်းဖက်မှုတွေလုံးဝရပ်ရမယ် အပစ်အခက်ရပ်ရမယ်ဆိုတဲ့ အမြင်သဘောထားတွေ အားလုံးတညီတညွှတ်တည်းရှိပါတယ်။ လူသားချင်းစာနာမှုဆိုင်ရာရန်ပုံငွေအတွက် သြစတြေးလျနိုင်ငံအနေနဲ့ နောက်ထပ်ဒေါ်လာ ၁၅ သန်းထောက်ပံ့မယ်လို့ ကြေညာခဲ့ပါတယ်။ ကိုဖီအာနန်အစီရင်ခံစာကို အကောင်အထည်ဖော်ဖို့ မြန်မာအစိုးရကလည်း ကတိပေးထားပါတယ်။ ဒါကြောင့်လိုအပ်နေတဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေရဖို့နဲ့ ရိုဟင်ဂျာတွေ အိမ်ကိုမဖြစ်မနေပြန်နိုင်ဖို့အတွက် ကျမတို့ အလေးထားဆောင်ရွက်နေတာဖြစ်ပါတယ်။"

ကုလသမဂ္ဂ အထွေထွေညီလာခံ ပြင်ပမှာကျင်းပတဲ့ရိုဟင်ဂျာအရေး သီးသန့်ဆွေးနွေးပွဲကိုတော့ တူရကီ၊ ဘင်္ဂလားဒေ့ရှ် စတဲ့နိုင်ငံခြားရေးဝန်ကြီးတွေတက်ရောက်ခဲ့ကြပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ယွမ်လီကတော့ တက်ရောက်လာခြင်းမရှိခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG