ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မရှင်ဟာ မြေပြင်ကွင်းဆင်းလေ့လာမှုအစီအစဉ်တွေကို စတင်ဖို့အတွက် ဒီကနေ့ ရခိုင်ပြည်နယ်ကို ရောက်ရှိလာပြီး လုပ်ငန်းတွေစတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်။ ဒီပထမဆုံးခရီးစဉ်မှာ လူထုအကျိုးကို ချက်ချင်းအကောင်အထည်ဖော်နိုင်မယ့်လုပ်ငန်းတွေကို လေ့လာမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ရဲ့နောက်ဆုံးအခြေအနေကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က အခုလို တင်ပြထားပါတယ်။
ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်နဲ့ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ မောင်တော ဒေသ စုံစမ်းစစ်ဆေးရေး ကော်မရှင်တို့ရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းလိုက်တဲ့ ဒီကော်မတီဟာ ဒီလ ၁၂ရက်နေ့မှာ စတင်ဖွဲ့စည်းပြီး ၁၈ရက်နေ့မှာ ကွင်းဆင်းလေ့လာတာတွေ စတင်လုပ်ဆောင်လာတာဖြစ်ပါတယ်။
ဒီကနေ့မှာတော့ ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ အတွင်းဝန် ၁၂ဦး ပါဝင်တဲ့ အဖွဲ့ဟာ ညနေ ၃နာရီလောက်မှာ စစ်တွေမြို့ကို ဆိုက်ရောက်ပြီး စစ်တွေကနေ တဆင့် ကျောက်တော်မြို့ကို သွားရောက်ခဲ့ပါတယ်။
လက်ရှိ ကော်မတီက ဆောင်ရွက်မယ့် လုပ်ငန်းအခြေအနေတွေကို ကော်မတီရဲ့ တွဲဖက်အတွင်းရေးမှုး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်က အခုလို ပြောပါတယ်။
“ ကျနော်တို့က အရေးကြီးတဲ့ မြေပြင်အခြေအနေမှာ တကယ်လုပ်နိုင်ပြီးတော့မှ ချက်ချင်းအကောင်အထည်ဖော်နိုင်မယ့် ကိစ္စတွေ၊ ပြည်သူကို အကျိုးပြုနိုင်မယ့် လုပ်ငန်းပေါ့။ အဲဒီလုပ်ငန်းတွေအတွက်ကို ကျနော်တို့က လာပြီးတော့မှ လေ့လာတာ။ အခုကျနော်တို့ ကျောက်တော်ဖက်ကို သွားနေတယ်။ လေဆိပ်ကနေဆင်းပြီးတာနဲ့။ Camp တွေမှာ လူထုနဲ့ တွေ့မှာပေါ့။ သူတို့ရဲ့အသံတွေနားထောင်မယ်။ သူတို့ဒေသတွေမှာ ဘာတွေဖြည့်ဆည်းပေးဖို့ လိုသလဲ။ ဘာတွေ ဖြည့်ဆည်းလို့ ရမလဲ ဆိုတာကို ဆောင်ရွက်မှာပေါ့။ မနက်ဖန်ကြလို့ ရှိရင်တော့ ဘူးသီးတောင်မောင်တောဖက် သွားမှာပေါ။”
ရရှိလာတဲ့အချက်အလက်တွေကို ဝန်ကြီးဌာနအလိုက် အစီရင်ခံတင်ပြသွားမှာဖြစ်ကြောင်းနဲ့ ဒီခရီးစဉ်ဟာ ၃ရက်ကြာမှာဖြစ်ကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ သြဂုတ်လ ၂၅ရက်က အစိုးရလုံခြုံရေးစခန်း၃၀ကို ARSA ခေါ် အကြမ်းဖက်သမားတွေက တိုက်ခိုက်ခံရတဲ့နောက် ဒေသတွင်း တည်ငြိမ်အေးချမ်းမှု အခြေအနေ ပျက်ပြား ခဲ့ရပါတယ်။
လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်နယ်အစိုးရဟာ ပဋိပက္ခကြော့င် ပြောင်းရွှေ့သူတွေရဲ့ စားဝတ်နေရေး၊ လမ်းပန်းဆက်သွယ်ရေးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူတွေရဲ့ စာရင်းအချက်အလက် မှန်ကန်စွာကောက်ခံရေးကိစ္စတွေကို အဓိက ထားဆောင်ရွက်နေပါတယ်။
ပြောင်းရွှေ့တိုင်းရင်းသားတွေရဲ့ စားဝတ်နေရေးကို အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ကူညီထောက်ပံ့ပေးသလို မူဆလင်ကျေးရွာတွေကိုတော့ အစိုးရနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့က ပူးပေါင်း ကူညီပေးနေကြောင်းနဲ့ အုပ်ချုပ်ရေးနဲ့ ထောက်ပံ့ရေးလွယ်ကူချောမွေ့စေဖို့အတွက် မေယုတောင်တန်းဒေသမှာ ရာသီမရွေးသွားလာနိုင်မယ့် ကွန်ကရိလမ်းတွေဖောက်လုပ်နိုင်ရေးပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိမ်းရှောင်သွားသူတွေကို ပြန်လည်လက်ခံရေးအစီအစဉ်ကို ဦးတင်မောင်ဆွေက အခုလို ဆက်ပြောပါတယ်။
“ တဖက်နိုင်ငံမှာ ရောက်သွားတဲ့ မိမိနိုင်ငံသားတွေကို ပြန်လည် လက်ခံဖို့ ဆိုပြီးတော့ ယခင်တည်းကလည်း အဲဒီအစီအစဉ်က ရှိပါတယ်။ ဒီမှာ နေထိုင်သွားတဲ့သူတွေ တကယ်နေတဲ့သူတွေ ဒီဥစ္စာကို စိစစ်ပြီးတော့ လက်ခံရမှာ ဖြစ်ပါတယ်။ လက်ခံမယ့်နေရာကတော့ တောင်ပြိုလက်ဝဲ -- ဂိတ်ပေါ့။ အဲဒီနေရာကနေ ကျနော်တို့က တဖက်နိုင်ငံကနေ လာတဲ့သူတွေကို လက်ခံသွားမှာဖြစ်ပါတယ်။ ဘယ်ရွာ အိမ်ခြေ လူဦးရေ စတဲ့ Demography က ကျနော်တို့ ဆီမှာ အကုန်လုံးရှိပြီးသားပါ။ အိမ်ထောင်စုစာရင်းတွေက ရှိပြီးသားပါ။ ဒီစာရင်းတွေကြည့်ပြီးတော့ လုပ်လိုက်မယ်ဆိုရင် ဒါ ကျနော်တို့ဆီမှာ ရှိတဲ့စာရင်းက ဘယ်လောက်။ ထွက်ပြေးသွားတာ ဘယ်လောက်ဆိုတာ အကြမ်းဖျဉ်းတော့ ခန့်မှန်းလို့ ရပါတယ်။ သူတို့ ပြောသလို ၄သိန်း၊ ၅သိန်း၊ ၆သိန်းဆိုတာကတော့ လက်ခံနိုင်စရာ မရှိပါဘူး။ ”
လောလောဆည်မှာတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ အခြေအနေ တည်ငြိမ်လာပြီဖြစ်တာကြောင့် ဒေသခံ တိုင်းရင်းသားတွေ နေရပ်ပြန်နေပြီဖြစ်ကြောင်းလည်း ပြောပါတယ်။
“ခုချိန်မှာတော့ တည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့အတွက် အကုန်လုံးက စွန့်ခွာလာတဲ့နေရပ်ကျေးရွာတွေကို ပြန်လည်ပြီးတော့ ထွက်ခွာနေပြီဖြစ်ပါတယ်။ တိုင်းရင်းသားကျေးရွာတွေမှာဆိုရင်လည်း ဒီနေရာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရောက်လာပြီ ရောက်နေပြီဖြစ်တဲ့အတွက် လိုအပ်တဲ့ ပြောင်းရွှေ့ရေးကိစ္စတွေမှာလည်း ကူညီပြီးတော့ ရွှေ့ပေးနေပါတယ်။ မြို့တွေမှာ ရှိတဲ့ ကယ်ဆယ်ရေးစခန်းတွေမှာရှိတဲ့ အဖွဲ့တွေလည်း နေ့စဉ် နေရပ်ကို ပြန်နေတာတွေ ရှိနေပါတယ်။ ”
ပြီးခဲ့တဲ့လက စတင်ဖြစ်ပွားတဲ့ ရခိုင်ပြည်နယ်အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်အတွင်းမှာ ဒေသခံတိုင်းရင်းသားနဲ့ ဟိန္ဒူဘာသာဝင် ၂သောင်း၆ထောင်လောက်ဟာ မောင်တော၊ ဘူးသီးတောင်မြို့နယ်တွေကနေ စစ်တွေနဲ့ အခြားမြို့တွေဆီကို တိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်တဲ့စာရင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားသူ အစ္စလာမ်ဘာသာဝင်ကတော့ ၆သိန်းလောက်ရှိကြောင်း ဖော်ပြနေပါတယ်။