ရခိုင်ပြည်မြောက်ပိုင်း ပြသနာကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အလားအလာ ဘယ်လိုဖြစ်လာမလဲ ဆိုတာဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ သဘောထားပေါ်မှာ မူတည်နေတယ်လို့ အမေရိကန်ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးအောင်လင်းက ပြောကြား လိုက်ပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်နေတဲ့ စီမံကိန်းတွေကိုလည်း ထိခိုက်နိုင်စရာ မရှိဘူးလို့လည်း ဆိုပါတယ်။ ဦးအောင်လင်းနဲ့ ဆက်သွယ်မေးမြန်းချက် ထဲက တချို့ကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
ရခိုင် မြောက်ပိုင်း ပြသနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက မြန်မာကို ဖိအားပေး ဝေဖန်ပြောဆို နေကြပေမယ့် အခု လောလောဆယ်မှာတော့ ဘင်္ဂလားဒေရှ့်က မြန်မာနိုင်ငံကို ဖိအားပေး ပြစ်တင်တဲ့ အနေအထားမှာ ရှိနေပါတယ်။ မကြာသေးခင်က မြန်မာနိုင်ငံ လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့ အကြမ်းဖက် သမားတွေဟာ ဘင်္ဂလားဒေရှ့် နိုင်ငံဘက်က တဆင့် ဝင်ရောက်လာတယ်လို့ ယူဆနေတဲ့ အစိတ်အပိုင်း တချို့လည်း မြန်မာဘက်မှာ ရှိနေတာပါ။ ဒါပေမယ့် မြန်မာဘက်ကတော့ နှစ်နိုင်ငံ ဆက်ဆံရေး မယိုယွင်းရအောင် အိမ်နီးချင်းကောင်း ပီပီသသ ဆက်ဆံလိုတယ်လို့ သံအမတ်ကြီး ဦးအောင်လင်းက ဆိုပါတယ်။
“ ကျနော်တို့ကတော့ အိမ်နီးချင်း နိုင်ငံ အနေနဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ကျနော်တို့ရဲ့ မူဝါဒကို ပြောင်းလဲမှု မရှိပါဘူး ဆိုတဲ့ဟာကိုတော့ မြန်မာ တယောက် အနေနဲ့ ကျနော် ပြောပါရစေ။ နိုင်ငံခြားရေး ဝန်ထမ်း တယောက် အနေနဲ့ ပြောပါရစေ။ အဲဒါနဲ့ ပတ်သက်လို့ တဖက်နိုင်ငံက ကျနော်တို့ အပေါ် ဘယ်လောက် စိတ်ရင်းကောင်း စေတနာ ရှိတဲ့ ၊ ပူးပေါင်း ဆောင်ရွက်မှု ရှိတဲ့ အပေါ်မှာ မူတည်ပြီးတော့ နှစ်နိုင်ငံ ထိတွေ့မှုဟာဆိုရင် အောင်မြင်ပါလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ”
ပြသနာ ဖြစ်နေတဲ့ ဒီဒေသမှာ အိမ်နီးချင်း အင်အားကြီး နိုင်ငံတွေ ဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတို့ကလည်း စီးပွားရေး အရရော မဟာဗျူဟာ အရပါ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီပြသနာ အပေါ် ဒီနိုင်ငံကြီး နှစ်နိုင်ငံရဲ့ ပြိုင်ဆိုင်မှုကရော ဘယ်လို ဂယက်ရိုက်ခတ် လာနိုင်ပါသလဲ။ မြန်မာ အစိုးရ အနေနဲ့ကတော့ ဘယ်လိုပင် ဖြစ်စေ ဒေသဖွံ့ဖြိုးရေး၊ စီးပွားရေး စီမံကိန်းတွေကိုတော့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ သံအမတ်ကြီးက ဆိုပါတယ်။
“ နိုင်ငံတော်ကတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေး အဖွဲ့အစည်းကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကနေ ဦးဆောင်ပြီး ဖွဲ့စည်းပြီး ဖြစ်ပါတယ်။ အခု ဖြစ်ရပ်ဟာဆိုရင် ကျနော်တို့ရဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စကို အနှောင့်အယှက် ဖြစ်အောင်လုပ်တဲ့ ဖြစ်ရပ်တခုသာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ နိုင်ငံတော် အပိုင်းကနေပြီးတော့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆက်လက်ပြီးတော့ ဆောင်ရွက်သွားမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ”
မြန်မာနိုင်ငံ အစိုးရဟာ သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ခေါ်တွင်တဲ့ သူတွေ အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ ဘယ်တုန်းကမှ တွေ့ဆုံဆွေးနွေးခြင်း မရှိသေးပါဘူး။ ရခိုင်မြောက်ပိုင်း ဒေသက လုံခြုံရေး စခန်းတွေကို မကြာခင်က တိုက်ခိုက်ခဲ့ကြတဲ့ ARSA အဖွဲ့ကတော့ ပြီးခဲ့တဲ့ အပတ်ကဘဲ တဖက်သတ် အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆိုပြီးတော့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒါကို မြန်မာ အစိုးရက ပယ်ချထားပါတယ်။ သို့သော်လည်း မနက်ဖြန် ကျရင်တော့ အမေရိကန် ဆိုင်ရာ မြန်မာ သံအမတ်ကြီးက ဒီလူတွေ အတွက် ဆော်သြလှုပ်ရှားနေတဲ့ မူဆလင် အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ ဗွီအိုအေ မြန်မာပိုင်းကို အခုလို ပြောသွားပါတယ်။
“ မနက်ဖြန်ကျရင်တော့ ကျနော်က ဝါရှင်တန် ဒီစီမှာ ရှိတဲ့ မူဆလင် အဖွဲ့တွေနဲ့လည်း တွေ့ဖို့ ရှိပါမယ်။ တွေ့ဖို့ ရှိတဲ့ အထဲမှာ ကျနော်တို့ ဒီအရေးကိစ္စကို အင်မတန် တက်ကြွနေတဲ့ လူတယောက်လည်း ပါကောင်းပါလာလိမ့်ပါမယ်။ ကျနော့် အနေနဲ့ သူတို့ကို ရင်ဆိုင်ဖို့ အဆင်သင့် ရှိပါတယ်။ ”
ဦးကျော်ဇံသာ။ ။ သူတို့ကို ကိုယ်စားပြုတဲ့ အဖွဲ့နဲ့ တွေ့ရတာ သံအမတ်ကြီး ပထမဆုံး အကြိမ်လားခင်ဗျ။
သံအမတ်ကြီး ဦးအောင်လင်း။ ။ သူတို့က ကျနော့်ကို တွေ့ချင်တယ်လို့ ပြောပါတယ်။ ကျနော်က ပြီးခဲ့တဲ့ အပတ်တုန်းက ကျနော် ခရီးသွားနေတဲ့ အတွက်ကြောင့် နောက်တနေ့ ကျနော် လက်ခံပါတယ်လို့ ပြောတဲ့ဟာကို သူတို့က အဲဒါကိုတော့ သူတို့က အဆင်မပြေပါဘူး။ လာမယ့် အပတ်မှ တွေ့နိုင်မယ်လို့ ပြောလို့ မနက်ဖြန်မှာ လာရောက်တွေ့ဆုံတာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံတကာက ပြစ်တင်ဝေဖန်နေကြ သံအမတ်ကြီး ဦးအောင်လင်း တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန် အပါအဝင် မြန်မာနိုင်ငံ အခြေအနေကို နားလည် သဘောပေါက်သူ စာနာသူတွေ ရှိတယ်လို့လည်း သံအမတ်ကြီးက ပြောကြား သွားပါတယ်။