သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တဖက်သတ်အပစ်ရပ်ကြောင်း ARSA ထုတ်ပြန်


လုံခြုံရေး ရဲဝန်ထမ်းတဦး
လုံခြုံရေး ရဲဝန်ထမ်းတဦး

ရခိုင်ပြည်နယ် မောင်တောနဲ့ ဘူးသီးတောင် ဒေသတွင်းက အစိုးရ လုံခြုံရေး စခန်း ၃၀ နီးပါးကို တချိန်တည်း တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့ Arakan Rohingya Salvation Army (ARSA) က တိုက်ခိုက်မှုတွေကို တလကြာ ရပ်ဆိုင်းဖို့ တဖက်သတ် ကြေညာချက် ထုတ်ပါတယ်။

မြန်မာ အစိုးရ ဘက်ကတော့ အကြမ်းဖက် ဝါဒီတွေနဲ့ စေ့စပ်ဆွေးနွေးမယ့် မူဝါဒ မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက သူ့ရဲ့ တွစ်တာ လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။ Arakan Rohingya Salvation Army (ARSA) ကို မြန်မာ အစိုးရက အကြမ်းဖက် အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ သြဂုတ်လ ၂၅ ရက်နေ့က မြန်မာ အစိုးရ လုံခြုံရေး စခန်းတွေကို ARSA အဖွဲ့က တိုက်ခိုက်မှုကြောင့် အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ အစိုးရ ဝန်ထမ်းတွေ အရပ်သားတွေလည်း သေဆုံးခဲ့ရတာပါ။

ARSA အဖွဲ့ကတော့ သူတို့ အဆို အပစ်အခတ် ရပ်စဲရေး ကာလ အတွင်းမှာ အကူအညီပေးရေး အဖွဲ့တွေ အနေနဲ့ အတိဒုက္ခရောက်ရသူတွေ အားလုံးကို လူမျိုးဘာသာ မခွဲခြားဘဲ အကူအညီပေးကြဖို့ မနေ့ စနေနေ့က ပြောဆိုထားပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကို မြန်မာ အစိုးရဘက်က ချေမှုန်းနေတာကို အမေရိကန်ဘက်က ထောက်ခံတဲ့ အကြောင်း၊ နောက် အကူအညီ လိုအပ်နေသူတွေ အားလုံးထံကို လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ မဖြစ်မနေ ရောက်ရှိဖို့ အတွက် လိုအပ်ကြောင်း ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Nikki Haley က ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာခဲ့ပြီးနောက် တနေ့ စနေနေ့မှာဘဲ ARSA အဖွဲ့ဘက်က အပစ်အခတ် ရပ်ကြောင်း ကြေညာချက် ထွက်လာတာပါ။

တချိန်တည်းမှာဘဲ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးလာသူ ရိုဟင်ဂျာ သုံးသိန်းနီးပါး ရှိနေပြီလို့လည်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ခန့်မှန်းထားပါတယ်။ UNHCR ပြောခွင့်ရ Vivian Tan က အခုလို ပြောပါတယ်။

"အဖွဲ့အစည်းတွေဘက်ကလည်း သူတို့ဘက်က တတ်နိုင်သလောက် အစာခံတဲ့ ဘီစကွတ်မုန့်တွေ၊ အစားအသောက်တွေ ဝေပေးနေပါတယ်။ ဒါပေမယ့် အများကြီး ထပ်လိုနေပါတယ်။ တကယ့် လက်တွေ့ အခြေအနေ အရ မလုံလောက်ပါဘူး။ ထပ်ပြီး ရလာဖို့ လှုံ့ဆော်သွားဖို့ ရှိပြီး ဘင်္ဂလားဒေရှ့် အာဏာပိုင်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားပါမယ်" လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရ ဗီဗီယန်တန် ပြောဆိုသွားတာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ် မောင်တော ဘူးသီးတောင် ဒေသကနေ ဘင်္ဂလားဒေရှ့်ဘက်ကို ထွက်ပြေးသူတွေက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာတွေလို့ သုံးနှုန်း ပြောဆိုကြပေမယ့် မြန်မာ အစိုးရ အဆက်ဆက်ကတော့ ရိုဟင်ဂျာဟာ မြန်မာ နိုင်ငံက တိုင်းရင်းသား မဟုတ်ဘူးဆိုပြီး အစဉ်တစိုက် ရပ်တည်ထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG