သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အတိုင်ပင်ခံ မိန့်ခွန်းအပေါ် ပြည်ပမြန်မာတွေ အမြင်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အင်္ဂါနေ့က ပြောကြားတဲ့ မိန့်ခွန်းဟာ နိုင်ငံတကာရဲ့ဝေဖန်ပြောဆိုမှုတွေကို အတိုင်းအတာ တခုထိ လျှော့ကျသွားနိုင်ပေမယ့်၊ မြန်မာအစိုးရကို ဖိအားပေးနေကြတဲ့ ကုလသမဂ္ဂအပါအဝင် အခြားနိုင်ငံတကာအဖွဲ့အစည်းတွေကို စိတ်ကျေနပ်စေလောက်တဲ့ အချက်အလက်တွေ သိပ်ပြီး မပါဝင်ဘူးလို့ အမေရိကန်မှာရှိကြတဲ့ မြန်မာ့အရေးသုံးသပ်သူတွေက ဆိုပါတယ်။ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထား ပါတယ်။

ရခိုင်အရေးမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ ကိုင်တွယ်ဆောင်ရွက်မှုကြောင့် ဒေသခံမွတ်ဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ကိစ္စကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတချို့နဲ့ ပြည်တွင်းပြည်ပက မြန်မာအစိုးရပေါ် ဝေဖန်ဖိအားပေး မှုတွေရှိလာတာပါ။ ဒီလိုအခြေအနေမှာ ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မိန့်ခွန်းပြောခွင့်မယ့် ခရီးစဉ်ကိုဖျက်လိုက်ပြီး စက်တင်ဘာ(၁၉)ရက် အင်္ဂါနေ့ နေပြည်တော်မှာ နိုင်ငံတကာကို ရည်ရွယ်ပြီး အင်္ဂလိပ်ဘာသာနဲ့ ပြောခဲ့တဲ့မိန့်ခွန်းဟာ နိုင်ငံတကာရဲ့ ဖိအားပေး ဝေဖန်မှုတွေကို အတိုင်းအတာ တခုထိ လျှော့ကျသွားစေနိုင်တယ်လို့ သုံးသပ်သူကတော့ အမေရိကန်နိုင်ငံ အင်ဒီယားနား ပြည်နယ်က မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာ တင့်ဆွေ ဖြစ်ပါတယ်။

“ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းက ဒီ နိုင်ငံတကာကို ရည်ရွယ်ပြီး ပြောတာ။ နိုင်ငံတကာက ပူညံ ပူညံ ဖြစ်နေတဲ့ ကိစ္စတွေကတော့ ဖြေရှင်းပြီးသား လို့ထိတော့ ကျနော် မယူဆဘူး။ သို့သော် ပြောဆိုဝေဖန်မှု အကြီးအကျယ်တွေ ကတော့ တန့်သွားမယ်လို့ ကျနော် ယူဆပါတယ်။ ပြန်ပြီးတော့ သူတို့ သုံးသပ်ကောင်း သုံးသပ်နိုင်မှာ ဖြစ်တယ်။ ဒီ ဗိုလ်ချုပ်နေဝင်း လက်ထက် ကတည်းက အခုထိ စွပ်စွဲမှုတွေမှာ လူမျိုးရေး ပြုန်းတီးမှု ဆိုတဲ့ စွပ်စွဲမှုဟာ နိုင်ငံတကာဘက်က လူ့အခွင့်အရေးသမားတွေဘက်က ကုလသမဂ္ဂဘက်က ပထမ ဦးဆုံး သုံးလာတာ ဖြစ်တာကိုက ထူးခြားပြီးတော့ တော်တော် အဆီအငေါ် မတည့်တဲ့ ကိစ္စမှာ ဒီဟာကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကနေ တစုံတရာ ထိရောက်အောင် တားနိုင်တယ်လို့ ကျနော် မြင်ပါတယ် ခင်ဗျ။ ”

ဒေါ်အောင်ဆန်းစုကြည်ကတော့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့၊ စစ်ဆင်ရေးတွေ ဆောင်ရွက်ရာမှာ အပြစ်မဲ့ပြည်သူ တွေ ထိခိုက်မှုမရှိစေဖို့၊ ကျင့်ဝတ်တွေကို အတိအကျ လိုက်နာဖို့ ညွှန်ကြားထားကြောင်း၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ တရားဥပဒေစိုးမိုး တည်ငြိမ်ရေးကို ပျက်ပြားစေမဲ့ လုပ်ဆောင်ချက်တွေကို ဥပဒေအရ အရေးယူသွားမယ်လို့ မိန့်ခွန်းမှာပြောပါတယ်။

ကုလသမဂ္ဂကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ သူတို့အခေါ် ရိုဟင်ဂျာဒုက္ခသည်ပေါင်း (၄)သိန်းကျော် ရှိတယ်လို့ ကြေညာထားပါတယ်။ မြန်မာနိုင်ငံကို ပြန်လာချင်တဲ့ ဒုက္ခသည်တွေကို လက်ခံဖို့ အဆင်သင့်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါပေမယ့် ထင်သာမြင်သာ ရှိအောင် မရှင်းလင်းနိုင်ဘူးလို့ ကယ်လီဖိုးနီးယားပြည်နယ်က ရှမ်းစာပေနဲ့ယဉ်ကျေးမှုအသင်း ဥက္ကဌ ဒေါက်တာစိုင်းထွေးမောင်က ထောက်ပြပါတယ်။

“ သူ့ရဲ့မိန့်ခွန်းက လူတွေ သိချင်နေတဲ့ အထိကို သူမပေးနိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အခု ဒီ ရိုဟင်ဂျာ ခေါ်တဲ့ ဒီ မူဆလင် ၄ သိန်းကျော်ဟာ ဘင်္ဂလားဒေရှ့် နိုင်ငံကို ထွက်ပြေးသွားတာ ဘာဖြစ်လို့ ထွက်ပြေးသွားရသလဲ ဆိုတာ သူမပြောဘူး။ အခု နိုင်ငံတကာရဲ့ ဖိအားက ဘာလဲ ဆိုရင် တကမ္ဘာလုံးက စိုးရိမ်ပူပန်နေတာက ရိုဟင်ဂျာ ခေါ်တဲ့ မူဆလင်တွေ ဒုက္ခသည်အဖြစ် သူများနိုင်ငံမှာ နေစရာ စားစရာ မရှိဖြစ်နေတဲ့ အခါမှာ အဲဒီ ပြသနာကို ဖြေရှင်းဖို့ သူများက သိချင်တာ ဖြစ်တယ်။ ပြန်လည်လက်ခံဖို့ရာ စိစစ်မယ် အဲလိုတော့ သူပြောတယ်။ ဒါပေမယ့် ဘယ်လို လုပ်မလဲ ဆိုတာကို သူက တိတိကျကျ အဖြေမပေးနိုင်ဘူး။ တကမ္ဘာလုံးမှာ ရှိတဲ့ အသိုင်းအဝိုင်းတွေ UN ကစ သိပ်ပြီး ကျေနပ်မယ်လို့ ကျနော် မထင်ဘူး။ ”

ဘင်္ဂလားဒေ့ရှ်ဘက် ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနိုင်ရေးအတွက် မြန်မာနိုင်ငံမှာ အမှန်တကယ် နေထိုင်ခဲ့ကြောင်း စိစစ်မှု လုပ်ငန်းစဉ် (Verification Process) ကို အချိန်မရွေး စတင်နိုင်ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာပြောခဲ့ပါတယ်။ တကယ်တော့ ရခိုင်အရေးကိစ္စမှာ လုံခြုံရေးတပ်တွေရဲ့လုပ်ဆောင်ချက်အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုလဲ နိုင်ငံတကာက ဝေဖန်ဖို့လိုမယ်လို့ ဝါရှင်တန် ဒီစီအခြေစိုက် နိုင်ငံတကာရောက် ကရင်တိုင်းရင်းသားများအဖွဲ့ IKO ရဲ့အထွေထွေအတွင်းရေးမှူး မိုင်းရာတာကပေါက ပြောပါတယ်။

“ အခုကတော့ စစ်တပ်ဘက်မှာလည်း ပြည်သူလူထုတွေ အတွက် လုံခြုံရေး မပေးတဲ့ အတွက် လုပ်တာ အရမ်း ကြမ်းသွားတဲ့ အတွက် ဘင်္ဂလားဒေရှ့် နိုင်ငံဘက်မှာ ဒုက္ခသည် အနေနဲ့ ၄ သိန်းကျော်လောက် ရှိတယ်။ အဲဒီ အပေါ်မှာ မူတည်ပြီးမှ ဒေါ်စုကိုဘဲ အပြစ်တင်ကြမှာ မဟုတ်ဘဲနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာလည်း သူ့မှာလည်း တာဝန် အများကြီး ရှိတယ်။ အဲဒီ အတွက်ကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘဲ ဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဘဲ ဖြစ်ဖြစ် မှန်တဲ့ဟာလည်း မှန်တယ်၊ မှားတဲ့ဟာကို ပွင့်ပွင့်လင်းလင်း ပြောရမယ်။ အဲဒီအချိန်မှဘဲ အခုရှိနေတဲ့ ပြသနာ ရှိနေတဲ့ ကိစ္စကို ဖြေရှင်းဖို့ လွယ်လာနိုင်တဲ့ အနေအထား ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားပေးမယ် ဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုလည်း ဖိအားပေးဖို့ အရမ်းလိုနေတဲ့ အနေအထား ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း အာဏာ ရှိတာ မဟုတ်ဘူး။ ”

ရခိုင်ပြည်နယ်က မွတ်ဆလင်အများစုဟာ တစ်ဖက်ကိုထွက်မပြေးပဲ မွတ်စလင်ကျေးရွာတွေရဲ့ ၅၀ ရာခိုင်နှုန်း ကျော်ဟာ ဘယ်မှမပြေးဘဲ ရှိနေကြပါသေးတာကို လူတွေသိပ်မသိကြပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG