သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြည်တွင်းမှာ ကြိုဆို


စက်တင်ဘာ (၁၉) ရက် အင်္ဂါနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းကို အင်္ဂါနေ့ မနက် ၁၀နာရီမှာ ရန်ကုန်၊ မန္တလေး အစရှိတဲ့ မြို့ကြီးတွေရဲ့ လူစည်ကားတဲ့ နေရာတွေမှာ အလွှာအသီးသီးက ထောင်သောင်းချီတဲ့ပြည်သူလူထုတွေ စိတ်ဝင်တစား နားဆင်ခဲ့ကြတာပါ။ နေပြည်တော်ကနေ တိုက်ရိုက်ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီး အမြင်တွေကိုဗွီအိုအေ သတင်းထောက် ကိုကောင်းစံဟိန်းက စုစည်းတင်ပြပေးမှာပါ။

စက်တင်ဘာလ ၁၉ ရက်နေ့ အင်္ဂါနေ့ မနက် ၁၀နာရီမှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာမိန့်ခွန်းကို အင်္ဂလိပ် ဘာသာစကားနဲ့ ပြောကြားခဲ့တာမို့ အများစုက နားမလည်ပေမယ့် အားပေးနားထောင်သူ အများအပြား ရှိခဲ့ပါတယ်။ မန္တလေးမြို့ မနော်ယမံ လူထုဟစ်တိုင်ကွင်း ထဲကဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း တိုက်ရိုက် နားဆင်ကြတဲ့ ပြည်သူလူထုရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်အောင်မိုးက အခုလိုပြောပါတယ်။

“ ကျနော်တို့ ပြောရရင်တော့ အားရမှုတော့ ရှိတာပေါ့။ ကျနော်တို့ မန္တလေးမှာတင် မကဘဲနဲ့ အနယ်နယ် အရပ်ရပ်မှာပါ ပြည်သူတွေ စိတ်ဝင်တစားနဲ့ပေါ့လေ လာပြီးမှ နားထောင်ကြတာ တွေ့တာပေါ့။ တချို့ကလည်း အင်္ဂလိပ်လို ကြေညာတာ နားမလည်ပေမယ့် သူတို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရဲ့ ပြောတဲ့ ဟန်ပန် အမူအယာကို ကြည့်ပြီးတော့မှ တော်တော်များများက ကျနော်တို့ လေ့လာရသလောက်ပေါ့ ဒီဟာကို ကြည့်ပြီးမှ သူတို့ စိတ်ထဲမှာ အားရမှုတွေ ရှိကြတာ တွေ့ရတာပေါ့။ နောက်တခုက ဒီလာတဲ့ လူတွေထဲမှာမှ နားလည်တဲ့ လူတွေက နားလည်တော့ ကိုယ်နားလည်သလောက်လေးတွေ ဘာသာပြန်ပေးတဲ့ အပေါ်မှာ သိကြရတော့ ပြည်သူတွေကတော့ ဒီအပေါ်မှာ ကျေနပ်မှုတော့ ရှိပါတယ်။ ”

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ရခိုင်ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ဖိအားတွေ ရှိနေပေမဲ့လည်း နိုင်ငံတကာက ခေါင်းဆောင်ကြီးတွေကတော့ သူ့ကို ထောက်ခံကြတာတွေ ရှိတယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူ ဦးစည်သူအောင်မြင့်က ပြောပါတယ်။ ဒါပေမဲ့ သူ့အပေါ် ဝေဖန်နေတဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကတော့ ကျေနပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ လုံခြုံရေး ကောင်စီ အစည်းအဝေးက တောင်းဆိုထားတာတွေတော့ အဲဒီမှာ အဖြေပြန်ပေးလိုက်တာ အဲဒီမှာ တွေ့ရတယ်။ တွေ့ရတဲ့ အခါကျတော့ အကုန်လုံးကတော့ ခုနတုန်းကလိုပေါ့လေ ဝိုင်းပြီးတော့မှ ပြောနေကြတဲ့ လူတွေ အကုန်လုံး ကတော့ မီဒီယာတွေ ပါမယ်၊ နိုင်ငံတကာ အသိုင်းအဝိုင်း ပါမယ် ဒါတွေကတော့ ကျေနပ်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် သူ့ကို ထောက်ခံတယ်၊ နောက် ဗမာပြည် အကြောင်းကို တော်တော်လေး သိတဲ့ လူတွေကတော့ သူ့ရဲ့ မိန့်ခွန်း အပေါ်မှာ နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ”

ရန်ကုန်၊မန္တလေး၊ မုံရွာ အစရှိတဲ့ မြို့ကြီးတွေ အပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာ ရှိတဲ့ နယ်မြို့လေးတွေ မှာပါ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကို လူစည်ကားတဲ့ နေရာတွေမှာ စုဝေးပီး တိုက်ရိုက် နားဆင်အားပေးခဲ့ကြတာပါ။သီပေါမြို့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးရဲထွန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းနဲ့ ပတ်သက်ပြီးသူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

“ တည်ဆဲ ဥပဒေဖြစ်တဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရဘဲ ကျနော်တို့က ၉၂ ခုနှစ်မှာ နောက်ဆုံး ကျနော်တို့က သဘောတူထားတဲ့ ဟာတွေ အရဘဲ လက်ခံမယ်ဆိုတဲ့ ဟာကို အသိပေးလိုက်တာဘဲ။ အဲဒါဟာ ကျနော်တို့ နိုင်ငံရဲ့ အချုပ်အချာအာဏာပိုင်ခွင့် ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒါနဲ့ပတ်သက်လို့ ဝင်ရောက်ပြီးတော့ မစွက်ဖက်ကြနဲ့လို့ ပြောလိုက်တဲ့ သဘောဘဲ။ ကျနော်တို့ကတော့ ဒီဟာကို သဘောကျတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီသဘောထား ရပ်တည်ချက်ကို ထောက်ခံနေပါတယ်။ ”

မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံတကာဘက်က စစ်ဆေးခံရဲတယ်လို့ ပြောဆိုပြီး လူ့အခွင့်အရေး ချိုးဖောက်မှု၊ တည်ငြိမ်ရေးနဲ့ သဟဇာတ ဖြစ်မှုကို ဖျက်လိုဖျက်စီး လုပ်ရပ်တွေကို တရားဥပဒေ ပြဌာန်းချက်တွေနဲ့ အညီ ဆောင်ရွက်သွားမယ်လို့လည်း မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားတာပါ။ ရွှေဘိုမြို့က ကိုကျော်လွှမ်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းဟာ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်ပြီး နိုင်ငံတကာ ဖိအားပေးခံနေရတာတွေ လျော့သွားနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ ထိရောက်တဲ့ ပွိုင့်တွေ သူပြောသွားတယ်။ နောက်ပြီးကျတော့ ပြောသွားတဲ့ နေရာမှာလည်း နိုင်ငံတကာ အကူအညီတွေကိုလည်း သူ လိုလိုလားလား အကူအညီတွေ ယူမယ်။ ပြီးတော့ကျတော့ Cooperation ပေါ့နော် ဒီ မြန်မာအစိုးရနဲ့ တကယ်ပူးပေါင်းကြပါ ဆိုတဲ့သဘောမျိုး ဖိတ်ခေါ်တဲ့ စကားလုံးတွေကို ပြောသွားတယ်။ သိတယ်မဟုတ်လား အဲလို ပုံစံမျိုးတွေ ဆိုတဲ့ အခါကျတော့ ဘယ်လိုပြောမလဲ လစ်ဘရယ်လည်း ဆန်တယ်။ ပြီးတဲ့ အခါကျတော့ နိုင်ငံရဲ့ အချုပ်အချာ အာဏာကိုလည်း မထိခိုက်ဘူး။ အဲဒီအခါကျ သမာသမတ် အရမ်းကျတယ်လို့ မြင်တာပေါ့နော်။ ”

နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးဖြစ်တဲ့ ဒေါက်တာခင်မောင်ညိုကတော့ မြန်မာပြည်သူလူထုရဲ့ စိတ်ထဲမှာရှိတဲ့ အမှန်တရားကို ဒေါ်အောင်ဆန်းစုကြည်က ဒီမိန့်ခွန်းနဲ့ ထုတ်ဖော် ပြောကြားခဲ့တာလို့ မြင်ပါတယ်။ လက်ရှိအစိုးရ လက်ထက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုကို အားမပေးဘူး ဆိုတာဟာ မှန်ကန်ကြောင်းနဲ့ မြန်မာနိုင်ငံတွင်း ဖြစ်နေတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပီး လုပ်သင့်တာကြာပြီဖြစ်တဲ့ ဒေသတွင်း ပွင့်ပွင့်လင်းလင်း လာရောက်လေ့လာဖို့ ဖိတ်ခေါ်ရာမှာ မှန်ကန်ကြောင်း ပြောပါတယ်။

“ ဒီမှာ ဖြစ်နေတဲ့ ကိစ္စတွေကို ထဲထဲဝင်ဝင် လာကြည့်ဖို့ သူက ဖိတ်ခေါ်တဲ့ဟာပေါ့လေ။ ဖိတ်ခေါ်တဲ့ဟာလည်း ကောင်းပါတယ်။ ဒါပေမယ့် အန္တရာယ် ရှိတယ် ဘာညာ ဆိုတော့ ပြောတော့ ပြောပါတယ်။ ဆိုတော့ ကျနော်တို့က အရင်ကတည်းက ဒါက ပြည်တွင်း မီဒီယာတွေနဲ့ ကြည့်ရမယ့်ဟာပေါ့။ အဲတော့ ဒါ နည်းနည်းလေး နောက်ကျတယ်လို့ ကျနော်ထင်တယ်။ စောစောစီးစီးကတည်းက ဒီကိစ္စတွေ ရှင်းရမယ်လို့ ကျနော် ထင်ပါတယ်။”

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဆိုင်ရာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို နေပြည်တော်က အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာနမှာ မြန်မာနိုင်ငံဆိုင်ရာ သံရုံးတာဝန်ခံတွေ၊ သံတမန်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေကိုပါ ဖိတ်ကြားပြီး အခမ်းအနား ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG