သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထောက်ခံအားပေးဖို့ ကန်အစိုးရကို သံအမတ်ဟောင်း တိုက်တွန်း


အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီရှေ့မှောက်မှာ မြန်မာ့အရေး သံအမတ်ကြီးဟောင်း Derek Mitchell ထွက်ဆို။
အထက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီရှေ့မှောက်မှာ မြန်မာ့အရေး သံအမတ်ကြီးဟောင်း Derek Mitchell ထွက်ဆို။

အာရှ ပစိဖိတ်ဒေသ အတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှ နိုင်ငံများမှာ အမေရိကန်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထောက်ခံအားပေးမှု အပေါ်လေ့လာ သုံးသပ်တဲ့ အထက်လွှတ်တော် ကြားနာ စစ်ဆေးပွဲကို ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့ပါတယ်။

ကြားနာစစ်ဆေးပွဲမှာ ထွက်ဆိုခဲ့ကြသူ ၃ ဦးထဲက တဦးကတော့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း Derek Mitchell ဖြစ်ပါတယ်။ ကြားနာပွဲအတွင်း မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး ဆိုင်ရာ အကဲစမ်းမှုတွေကို ထွက်ဆိုခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမေရိကန် အထက်လွှတ်တော်မှာ မနေ့က ကျင်းပတဲ့ ကြားနာပွဲ အစမှာ Massachusetts ပြည်နယ်က ဒီမိုကရက် အထက်လွှတ်တော် အမတ် Ed Markey က မြန်မာနိုင်ငံမှာ လက်ရှိ လုပ်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲရေး အခြေအနေနဲ့ ပတ်သက်လို့ အခုလို ပြောကြားခဲ့ပါတယ်။

“ မြန်မာနိုင်ငံဟာ အာဏာရှင် စနစ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေခဲ့ရာက မကြာသေးခင် နှစ်ပိုင်းအတွင်း အမေရိကန် ပြည်ထောင်စုရဲ့အကူအညီနဲ့ ကြီးမားတဲ့ ပြုပြင် ပြောင်းလဲမှုတွေကို လုပ်ဆောင်နိုင်ခဲ့ ပေမယ့်လည်း လက်ရှိအချိန်မှာ လုပ်ဆောင်ဆဲ ပြုပြင်ပြောင်းလဲမှုတွေ အောင်မြင်မလား၊ ဒါမှမဟုတ် ကျဆုံးခြင်းနဲ့ ရင်ဆိုင်ရမလား ဆိုတဲ့ လမ်းဆုံ လမ်းခွကို ရောက်နေပါတယ်။ ”

မြန်မာနိုင်ငံ အပါအဝင် မြောက်ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ တရုတ်နိုင်ငံ အရေးကိစ္စတွေကို ဆွေးနွေးခဲ့တာမှာ - မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း လည်းဖြစ်၊ လက်ရှိမှာ USIP အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု့က အာရှရေးဌာနရဲ့ အကြီးတန်း အကြံပေးအဖြစ် တာဝန် ထမ်းဆောင်နေသူလည်း ဖြစ်တဲ့ Derek Mitchell ၊ အမေရိကန် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက အရှေ့တောင်အာရှရေးရာ အစီအစဉ်ရဲ့အကြီးတန်း အကြံပေးနဲ့ လက်ထောက် ညွန်ကြားရေးမှူး တာဝန်တွေကို ပူးတွဲ ထမ်းဆောင်နေသူ Murray Hiebert ၊ အမေရိကန် မဟာဗျူဟာနဲ့ နိုင်ငံတကာ လေ့လာရေးဌာနက ကိုရီးယားအရေး တာဝန်ခံရဲ့အကြံပေး အဖြစ် တာဝန်ထမ်းဆောင်နေသူ Robert King တို့ ၃ ဦးက ထွက်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။

အထက်လွှတ်တော် ကြားနာပွဲအတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး အဖြစ် တာဝန်ထမ်းဆောင်ရင်း မြန်မာနိုင်ငံရဲ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်ကိုလည်း ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ Derek Mitchell လည်း ထွက်ဆိုခဲ့တာပါ။

မြန်မာနိုင်ငံ အရေးကို လက်ရှိ အမေရိကန် အစိုးရဘက်က အာရုံစိုက်မှု နည်းလာနေတာကြောင့် လက်ရှိ လုပ်ဆောင်နေတဲ့ ပြုပြင် ပြောင်းလဲမှုတွေ အရှိန်လျော့ မသွားစေရေး အတွက် အာဖရိကတိုက်မှာ လုပ်ဆောင်ခဲ့တဲ့ လျှပ်စစ်မီး ဖြန့်ဖြူးပေးခြင်း အားဖြင့် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုကို အရှိန်မြင့်လာအောင် လုပ်ဆောင်ပေးတဲ့ နည်းကို နမူနာယူပြီး မြန်မာနိုင်ငံမှာ လုပ်ဆောင်လို့ ရနိုင် မရနိုင်ဆိုတာကို စဉ်းစားနေကြောင်း Utah ပြည်နယ်က ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Cory Soctt Gardner က ပြောဆိုတာမှာ - သံအမတ်ကြီးဟောင်း Derek Mitchell က အခုလို ပြန်လည် ဖြေကြားခဲ့ပါတယ်။

“ ဒီမိုကရေစီဆိုတာ တိုးတက်မှုကို ပြနိုင်ရမှာ ဖြစ်ပါတယ်။ လျှပ်စစ်မီးဟာ ပညာရေး၊ စိုက်ပျိုးရေးနဲ့ အစိုးရက လုပ်ဆောင်လိုတဲ့ ဖွံ့ဖြိုးရေး အစီအစဉ် အားလုံးနဲ့ သက်ဆိုင်ပါတယ်။ အာဖရိကတိုက်မှာ ဘယ်လိုလုပ်ခဲ့တယ် ဆိုတာ မသိတဲ့အတွက် အဲဒီအတိုင်း မြန်မာပြည်မှာ အလုပ်ဖြစ်မလား ဆိုတာကို ကျနော် မပြောနိုင်ပါဘူး။ မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ပြဿနာ အခက်အခဲ ရှိနေပါတယ်။ တည်ငြိမ်တဲ့ ငြိမ်းချမ်းရေးကို မရနိုင်သေးပါဘူး။ နေရာ အတော်များများ ရောက်ဖို့ မလွယ်ကူပါဘူး။ မြို့ပြတွေကို အလွယ်တကူ သွားရောက်နိုင်ပေမယ့် နယ်စွန် နယ်ဖျားတွေကို သွားဖို့ အင်မတန် ခက်ခဲပါတယ်။ မြန်မာနိုင်ငံရဲ့လက်ရှိ လျှပ်စစ်မီး ဖြန့်ဖြူးရေး စနစ်ဟာ အင်မတန် ဟောင်းနွမ်းနေပါပြီ။ ”

“ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်က တည်ဆောက်ထားတဲ့ ဂျင်နရေတာတွေနဲ့ လျှပ်စစ်မီးကို ဖြန့်ချိပေးနေတာပါ။ အဲဒီလို အခြေခံ အဆောက်အဦတွေကို အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ ကမ္ဘာ့ဘဏ်က ဒီကိစ္စအတွက် ကူညီပေးနေပါတယ်။ လျှပ်စစ်မီး ဖြန့်ချိရေးစနစ်ကို ဘယ်လို ပြုပြင် ပြောင်းလဲချင်သလဲ ဆိုတာကတော့ မြန်မာအစိုးရကပဲ ဆုံးဖြတ်ချက် ချရမှာ ဖြစ်ပါတယ်။ တကယ်လို့ အမေရိကန်က ဘဏ္ဍာငွေ ပိုထောက်ပံ့ပြီး ကောင်းမွန်တဲ့ စနစ်ကို ချပြပေးနိုင်မယ် ဆိုရင်တော့ ကောင်းပါတယ်။ ဒါပေမယ့်လည်း အဲဒီလို အကူအညီပေးမှုဟာ မြန်မာတွေ ဖြစ်စေချင်တဲ့ ပုံစံမျိုး ဖြစ်သင့်ပြီး ကျနော်တို့က အတင်းအကြပ် လုပ်ဆောင်ခိုင်းတာမျိုး မဖြစ်သင့်ပါဘူး။ ”

မြန်မာနိုင်ငံမှာ လတ်တလော အရေးတကြီး လိုအပ်နေတာဟာ ငြိမ်းချမ်းရေးနဲ့ လျှပ်စစ်မီး ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အနီးကပ် အကြံပေးပုဂ္ဂိုလ်က ပြောဆိုခဲ့ကြောင်း ကော်လိုရာဒို ပြည်နယ်က ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Cory Scott Gardner ရဲ့ ပြောဆိုချက်ကို သံအမတ်ကြီးဟောင်း Derek Mitchell က အဲဒီလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်ပြီး တရားမ ျှတဲ့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော် အကြီးအကဲ ဖြစ်လာပြီးတဲ့နောက် သူမအပေါ် လူထုက မေ ျှာ်လင့်ချက် ကြီးမားပြီး သူမအနေနဲ့ တိုးတက်မှုကို ပြသဖို့ လိုအပ်တဲ့ အကြောင်း Derek Mitchell က ပြောပါတယ်။ နိုင်ငံတွင်း ငြိမ်းချမ်းရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတို့ကို ဖော်ဆောင်နိုင်ဖို့ အပြင် ဗြိတိသ ျှ ကိုလိုနီ လက်ထက်ကတည်းက ပြဌာန်းခဲ့တဲ့ ဥပဒေတွေကို ပြင်ဆင် ရေးဆွဲဖို့ လိုအပ်ကြောင်းလည်း သံအမတ်ကြီးက ပြောခဲ့ပါတယ်။

၂၀၁၆ ခုနှစ်မှာ ကောက်ယူခဲ့တဲ့ Freedom of the Net Survey လို့ခေါ်တဲ့ အင်တာနက် သုံးစွဲမှု လွပ်လပ်ခွင့် စစ်တမ်းအရ ဒေသတွင်းမှာ မြန်မာ၊ တရုတ်၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတို့ဟာ အင်တာနက် သုံးစွဲမှု လွတ်လပ်ခွင့် မရှိဆုံး နိုင်ငံတွေအဖြစ် ဖော်ပြထားတာနဲ့ ပတ်သက်လို့လည်း သံအမတ်ကြီးဟောင်း Derek Mitchell က အခုလို ဖြေကြားခဲ့ပါတယ်။

“ မြန်မာနိုင်ငံကတော့ Facebook နိုင်ငံဖြစ်ပါတယ်။ ရန်ကုန်က အမေရိကန်သံရုံးဆိုရင် Like လုပ်တဲ့သူပေါင်း တသန်းကျော် ရှိပါတယ်။ ဒါပေမယ့် တစုံတယောက်ကို မှားယွင်းစွာ ဝေဖန် ပြောဆိုမိမယ်ဆိုရင်တော့ ထောင်ကျနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတဦး တယောက်ကို ခင်ဗျားက သိက္ခာချ လိုက်တဲ့အတွက်၊ ဝေဖန် ပြောဆိုမိတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အသရေဖျက်မှုနဲ့ ဆိုင်တဲ့ ဥပဒေ မရှိပါဘူး။ အရေးအကြီးဆုံးကတော့ သတင်းလွတ်လပ်ခွင့်ရဲ့ကောင်းကျိုးတွေကို ကျနော်တို့အနေနဲ့ ပြောပြနိုင်ဖို့ လိုပါတယ်။ သတင်းလွတ်လပ်ခွင့် မရှိရင် မတည်ငြိမ်မှုတွေ ပိုဖြစ်နိုင်တယ်၊ ဒီမိုကရေစီ စနစ်အတွက် ပြဿနာတွေ ပိုရှိနိုင်တယ်။”

ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ပြောကြားတာမှာတော့ - သူ သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလအတွင်း မြန်မာနိုင်ငံအတွက် အမည်းစက်ကြီး ဖြစ်ခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ သူ့ရဲ့ အမြင်ကို အခုလို ပြောကြားခဲ့ပါတယ်။

“ ကျနော် လူတိုင်းလိုလိုကိုပဲ အကြံပေးခဲ့တာက လက်ရှိအတိုင်း ဆက်သွားရင် ရိုဟင်ဂျာ အရေးဟာ ဘယ်သူ့အတွက်မှ အကျိုးမရှိဘူး ဆိုတာပါဘဲ။ အဲဒီ အခြေအနေဟာ ရိုဟင်ဂျာတွေ အတွက်သာ ထိခိုက်စေတာ မဟုတ်ဘဲ နိုင်ငံတကာမှာလည်း မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကို ငြိုးနွမ်းစေခဲ့ပါတယ်။ အထူးသဖြင့် ရခိုင်လူမျိုးတွေ၊ ရခိုင်ပြည် အရေးနဲ့ မြန်မာ တနိုင်ငံလုံး အတွက်ပါ ဒီကိစ္စဟာ ဘယ်သူ့ကိုမှ အကျိုးမပြုစေပါဘူး။ အခုဆိုရင် ဒီရက်စက်တဲ့ လုပ်ရပ်တွေကြောင့် ကမ္ဘာရဲ့အဆိုးရွားဆုံး အစွန်းရောက်တွေရဲ့အာရုံစိုက်မှုကို ရရှိနေပြီး အစွန်းရောက်တွေ ရောက်နေကြတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။”

သူ့ရဲ့ သံအမတ်ကြီး အတွေ့အကြုံအပေါ် အခြေခံပြီး မြန်မာနိုင်ငံအတွက် အမေရိကန်အနေနဲ့ အကောင်းဆုံး ဘယ်လို အထောက်အကူ ပေးနိုင်မလဲ ဆိုတာကို အခုလို အကြံပေးခဲ့ပါတယ်။

“ မြန်မာနိုင်ငံမှာ ကျနော် တွေ့ကြုံရတဲ့ အဓိက အကဲစမ်းမှုကတော့ တိုးတက်မှုကို ဘယ်လို တိုင်းတာရမလဲ ဆိုတာပါဘဲ။ တိုးတက်မှုဟာ နှေးကွေးနေလား၊ ဒါမှမဟုတ် လမ်းလွဲနေသလားဆိုတာကို ဘယ်လို သိနိုင်မလဲ။ ဒါကလည်း မြန်မာနိုင်ငံသားတွေ အနေနဲ့ သူတို့ အကျိုးစီးပွား အပေါ် မူတည်ပြီး တိုင်းတာနိုင်မယ့် ပညာရပ်ပါဘဲ။ ဒါပေမယ့် အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ မြန်မာနိုင်ငံ အခြေခံ လူတန်းစားကို စွမ်းအင် မြှင့်တင်ပေးဖို့၊ တိုင်းရင်းသား အမျိုးမျိုး အသံတွေ ပိုပြီး ထင်ရှားလာအောင် သတင်းအချက်အလက်တွေကို ပိုရရှိစေဖို့ လုပ်ဆောင်ပေးရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ သူတို့ရဲ့ ကံကြမ္မာကို သူတို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့တာဝန်ကတော့ သူတို့ရဲ့ စွမ်းရည်ကို မြှင့်တင်ပေးဖို့ပါဘဲ။”

ဒီကြားနာ စစ်ဆေးပွဲအတွင်း အာရှ ပစိတ်ဒေသမှာ အမေရိကန်ရဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်လို့ ဒီမိုကရေစီ ၊ လူ့အခွင့်ရေးကို ထောက်ခံ အားပေးရာမှာ အမေရိကန်နိုင်ငံခြားရေး ဝါဒမှာ ဦးစားပေး လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ပါတယ်။ ဒီမိုကရေစီနဲ့ လူ့ခွင့်ရေးကို ဖော်ဆောင်နိုင်ရေးအတွက် အမေရိကန်နိုင်ငံခြားရေးဌာန၊ USAID ၊ NED ၊ VOA ၊ RFA အစရှိတဲ့ အဖွဲ့အစည်းတွေကိုလည်း လွှတ်တော်အနေနဲ့ လိုအပ်တဲ့ အသုံးစားရိတ်ကို ထောက်ပံ့ကာ အပြည့်အ၀ ထောက်ခံအားပေးဖို့ကိုလည်း သံအမတ်ကြီးဟောင်း Derek Mitchell အကြံပြုခဲ့ပါတယ်။

XS
SM
MD
LG