သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးအသွင်လှုပ်ရှားမှုတွေကြောင့် ဒေသတွင်းဖိအား ရင်ဆိုင်ရနိုင်


မင်္ဂလာတောင်ညွန့်တွင်လုံခြုံရေးရဲများ နေရာယူနေစဉ်
မင်္ဂလာတောင်ညွန့်တွင်လုံခြုံရေးရဲများ နေရာယူနေစဉ်

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေနဲ့ ပြည်သူတချို့ မနေ့ညက ရန်ကုန်မြို့မှာ ဘာသာရေး အသွင်ဆောင်တဲ့ တင်းမာမှု ဖြစ်ခဲ့ပြီး ပြည်သူတချို့ ဒဏ်ရာရခဲ့သလို အပျက်အစီး တချို့လည်း ဖြစ်ခဲ့တာပါ။ ဒီလပိုင်းတွေ အတွင်းမှာတင် ရန်ကုန်မြို့မှာ ဘာသာရေး အသွင်ဆောင်တဲ့ တင်းမာမှုတွေ ခပ်စိပ်စိပ် ဖြစ်ခဲ့တဲ့ အပေါ် ဒေသတွင်းနိုင်ငံတွေရဲ့ ဖိအားပေးမှုတွေနဲ့ သေချာပေါက် ရင်ဆိုင်ရနိုင်တယ်လို့ အမေရိကန် သံတမန်ဟောင်းတဦးက သုံးသပ်ပါတယ်။ ဒါပေမယ့် မြန်မာအစိုးရ အနေနဲ့ဘာသာရေး အသွင်ဆောင်တဲ့ တင်းမာမှုတွေ အပေါ် ကိုင်ရတွယ်ရ ခက်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူက သုံးသပ်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး တချို့ဦးဆောင်တဲ့ အဖွဲ့တဖွဲ့နဲ့ မင်္ဂလာတောင်ညွန့် ရပ်ကွက်နေသူ တချို့တို့ကြား မနေ့ညက ဘာသာရေး အသွင်ဆောင်တဲ့ ထိပ်တိုက်တွေ့မှု ဖြစ်ခဲ့တာပါ။ ဒါဟာဆိုရင် လပိုင်း အတွင်း ရန်ကုန်မြို့မှာ ဖြစ်ခဲ့တဲ့ ဒုတိယမြောက် တင်းမာမှု ဖြစ်ပါတယ်။ မူဆလင် ဆန့်ကျင်ရေး အသွင်ဆောင်တဲ့ တင်းမာမှုတွေကို ကိုင်တွယ်ဖို့ မြန်မာနိုင်ငံ အပေါ် ဒေသတွင်းရဲ့ ဖိအားပေးမှု ပိုများလာမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း၊ အမေရိကန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဌာန အာရှ အစီအစဉ်ရဲ့ အကြီးတန်း အကြံပေး ဖြစ်သူ Derek Mitchell က ပြောဆိုပါတယ်။

"မြန်မာက အာဆီယံ နိုင်ငံတနိုင်ငံ ဖြစ်နေပြီး အထူးသဖြင့် အင်ဒိုနီးရှားလို ကမ္ဘာ့အကြီးဆုံး မူဆလင် နိုင်ငံကြီးတွေကြားမှာ နေနေရတာဆိုတော့ ဒီအခြေအနေပေါ်မှာ အနီးကပ် စောင့်ကြည့်နေကြမှာပါ။ ဆိုတော့ မြန်မာ အစိုးရ အပေါ်မှာ ဖိအားတွေ ပိုများလာမှာကတော့ သေချာပါတယ်။ လူထုကြား အကြမ်းဖက် နှိပ်စက်မှုတွေကို ဘယ်လို ကိုင်တွယ် မလဲဆိုတာကို အထူးသဖြင့် မူဆလင် နိုင်ငံတွေက စောင့်ကြည့်နေကြမှာပါ။"

ရန်ကုန်မြို့က ဘာသာရေး အသွင်ဆောင်တဲ့ တင်းမာမှုတွေ ကတော့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပ နိုင်ငံများ ခရီးစဉ် အတွင်း တိုက်တိုက်ဆိုင်ဆိုင် ပေါ်ပေါက်ခဲ့တာပါ။ ရခိုင်ပြည်နယ်က ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ဖိအားပေးခံနေရတဲ့ မြန်မာ အစိုးရ အနေနဲ့ အခု ပေါ်ပေါက်နေတဲ့ ဘာသာရေးဆန်တဲ့ တင်းမာမှုတွေ အပေါ်မှာတော့ အနောက်နိုင်ငံတွေဘက်က ဖိအားတွေ တိုးလာမယ့် အနေအထား ရှိနိုင်ပါသလားဆိုတဲ့ အပေါ်မှာတော့ သံအမတ်ကြီးဟောင်း Dereck Mitchell က အခုလို တုံ့ပြန်ပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အပေါ်မှာတော့ အပြစ်ဖို့ကြမယ်လို့ ကျနော် မထင်ပါဘူး။ ဒီကိစ္စက ရခိုင်ကိစ္စနဲ့ မပတ်သက်တဲ့ သီးခြား ကိစ္စ တခု ဖြစ်ပါတယ်။ ရခိုင် ပြသနာကသာ အနောက်နိုင်ငံတွေ အဓိက အာရုံစိုက်ကြတဲ့ ကိစ္စ တခု ဖြစ်ပါတယ်။ ဒီကိစ္စကတော့ ပိုပြီး ကျယ်ပြန့်တဲ့ မူဆလင် ဆန့်ကျင်ရေး အယူအဆ ဖြစ်နေတာပါ။ ဒီလိုကိစ္စတွေကို ကြိုတင် ကာကွယ်နိုင်ဖို့ အခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ရော NLD အစိုးရရောက သူတို့ လုပ်နိုင်သလောက် အားလုံးကို လုပ်ဆောင်နေတယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်တွေကို ပြောင်းလဲပေးဖို့က သိပ်ကို ခက်ခဲတဲ့ အလုပ်ပါ။ ဒီအတွက် မြန်မာနိုင်ငံ အနေနဲ့ အချိန်ယူရမယ်ဆိုတာကို အနောက်နိုင်ငံတွေက နားလည်ထားပါတယ်။"

နိုင်ငံတွင်းက ဘာသာရေးဆန်တဲ့ လှုပ်ရှားမှုတွေ အပေါ် မြန်မာ အစိုးရဘက်က ကိုင်တွယ်လုပ်ဆောင်နေပေမယ့် ထိလွယ်ရှလွယ် အခြေအနေမျိုးမှာ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေရတဲ့ အခြေအနေရှိတယ်လို့လည်း မစ္စတာ Mitchell က ပြောပါတယ်။

" အစိုးရဘက်က အရေးယူ လုပ်ဆောင်ဖို့ လက်တွန့်နေတယ်လို့ ကျနော် မထင်ပါဘူး။ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက်ပြီး ရန်ပြုမှုတွေဟာ ဥပဒေ ချိုးဖောက်တယ်ဆိုတာကို အခြေခံ ဥပဒေမှာ ရှင်းရှင်းလင်းလင်း ရေးထားပြီးသားပါ။ ရဟန်းတွေကို ကိုင်တွယ်နိုင်ဖို့ ကြိုးစားရတာက မြန်မာနိုင်ငံလို ဗုဒ္ဓဘာသာကို အထွဋ်အမြတ်ထားတဲ့ နိုင်ငံမှာ သိပ်ပြီး ကိုင်ရ တွယ်ရ ခက်ပါတယ်။ သိပ်ပြီးလည်း အကဲဆတ်ပါတယ်။ တချို့ စိုးရိမ် ကြောက်ရွံ့မှုတွေကလည်း နက်နက်နဲနဲကို ရှိနေတာပါ။ မတူညီတဲ့ အယူအဆတွေနဲ့ သဟဇာတရှိရှိ အတူ နေထိုင်နိုင်ဖို့ဆိုရင်တော့ ပညာပေး ကိုင်တွယ်ရပါလိမ့်မယ်။"

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဦးဆောင်တဲ့ အရပ်သား အစိုးရလက်ထက်မှာ ဘာသာရေးဆန်တဲ့ တင်းမာမှုတွေ ကြိုကြားပေါ်ပေါက်လာတာက နိုင်ငံရေး အကျိုးအမြတ်အတွက် လှုပ်ရှားနေတဲ့ အုပ်စုတွေ ရှိနေပေမယ့် ဘာကြောင့် လုပ်တယ်ဆိုတာကိုတော့ ပြောဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်ပြီး စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ သံအမတ်ကြီးဟောင်း Dereck Mitchell က သုံးသပ် ပြောဆိုပါတယ်။

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်းက တိုက်ခန်းတခုမှာ တရားမဝင် ရိုဟင်ဂျာတွေ နေထိုင်နေတယ်ဆိုပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး နှစ်ပါးက အာဏာပိုင်တွေကို ခေါ်ယူပြီး ဝင်ရောက် ကြည့်ရှုခဲ့ပြီးနောက်ပိုင်း လမ်းမပေါ်မှာ ရပ်ကွက်နေသူ တချို့နဲ့ လှုပ်ရှားသူတွေကြား ထိပ်တိုက်တွေ့ခဲ့ကြပြီး ရဲက သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG