သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာတောင်ညွှန်ဆူပူမှုကို အရေးယူကိုင်တွယ်ဖို့ မြို့ခံတွေလိုလား


ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာရှိတဲ့ တိုက်ခန်းတခုမှာ တရားမဝင်နေထိုင်သူတွေရှိတယ်ဆိုပြီး သံဃာတချို့ ပါဝင်တဲ့ မျိုးချစ်အင်အားစုဆိုသူ လူတစုက အတင်းဝင်ရောက်ရှာဖွေပြီးတော့ ရုန်းရင်းဆန်ခတ်လုပ်ခဲ့တဲ့အပေါ် အဲဒီမှာ နေထိုင်သူတွေက ရှုတ်ချကြပါတယ်။ ဒီဖြစ်ရပ်အပေါ် ရဲဖက်ကကိုင်တွယ်တာ အားနည်းတဲ့အတွက် ပြဿနာကြီးထွားခဲ့ရတာလို့ တိုင်းလွှတ်တော် ကိုယ်စားလှယ်က ဝေဖန်သလို အစိုးရပိုင်းက ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်သင့်ပြီလို့လဲ ပြောပါတယ်။အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

အမျိုးသားရေးအင်အားစုဆိုတဲ့ လူအုပ်ရဲ့ ရုန်းရင်းဆန်ခတ်လုပ်ရပ်အပေါ် အဲဒီနေရာမှာနေထိုင်သူတွေက ရှုံ့ချကြသလို ဘာသာ ရေးအသွင်ဆောင် ဖြစ်ရပ်တွေ ထပ်ဖြစ်မလာအောင် အစိုးရဘက်က ကြပ်မတ်လုပ်ဆောင်ပေးဖို့ တောင်းဆိုလိုက်ကြပါတယ်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၁၂၂ လမ်းထိပ်မှာ ဈေးရောင်းအသက်မွေးသူ ကိုသန်းစိုး က အင်္ဂါညကအဖြစ်အပျက်ကြောင့် မတူညီတဲ့လူမှုအဝန်းအဝိုင်းတွေကြား တည်ဆောက်ထားပြီးသား ဆက်ဆံရေး ပျက်မသွားအောင် လက်တွဲ ကာကွယ်မယ်လို့ပြောလိုက်ပါတယ်။

“အားလုံးကတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲနေချင်တာလေ၊ ဘယ်သူမှ ပြဿနာနဲ့ မနေချင်ဘူး။ အေးအေးချမ်းချမ်းပဲ နေချင်တာ အေးချမ်းရင်ပြီးတာပဲ အားလုံးကတော့ အဓိက အေးချမ်းဖို့ပဲ။ အေးချမ်းပြီဆိုရင်အကုန်လုံး အလုပ်တွေဘာတွေရောကောင်းနေမှာပဲလေ။ သူက ပြဿနာမှ မရှိတာ။ အဓိက အေးချမ်းဖို့ပဲလိုချင်တာပေါ့နော်။ တရားဥပဒေစိုးမိုးရေးနဲ့ အေးချမ်းဖို့ပဲ။”

အဲဒီ ၁၂၂ လမ်းထဲမှာနေထိုင်လာတာ နှစ် ၄၀ ကျော်နေပြီဖြစ်တဲ့ ကို ဝင်းခိုင် ကတော့ ဘယ်ဘာသာဝင်တွေနဲ့မဆို ငြိမ်းချမ်းစွာ အတူနေထိုင်မှုကို အပျက်မခံဘဲ ဒီလိုအကြမ်းဖက်မှုတွေကို စုပေါင်း ကာကွယ်သွားမယ်လို့ ပြောပါတယ်။

“ကျနေ်ာတို့ကတော့ မနေ့က တွေ့တဲ့အမြင်ကတော့ ရဲကားတွေကတော့ ရှိပါတယ် ဒီလမ်းမမှာ။ ရဲကားတွေရှိပေမယ့် ကျနော်တို့လမ်းကို ကျနော်တို့ ကာကွယ်ရမယ် ဒီလမ်းမှာ ။ ကျနော်တို့ကတော့ မလုံခြုံဘူးလို့ထင်တယ်၊ ထင်တဲ့အတွက် ကိုယ့်လမ်းကို ကိုယ်ကာကွယ်တယ်။ ကာကွယ်တယ်ဆိုတာက ကျနော်တို့ ရမ်းကားဖို့အတွက်မဟုတ်ဘူး။ ကျနော်တို့ကြောက်တာက ကျနော်တို့လမ်းကိုလာပြီးမီးရှို့မှာတို့၊ တချို့ရှိတယ် ဓါတ်ဆီပုလင်းနဲ့ ပစ်သွားတာ ကားတစီးကို ထိတာနဲ့ဆက်တိုက်ပေါက်မှာ ဒါလေးတွေ ကိုယ့်မိသားစုကို ကာကွယ်တာ စည်းစည်းရုံးရုံး။ ညကဆိုရင်လည်း လူမျိုးရေးတွေအားလုံးဆဲတယ် အားလုံးကာကွယ်တယ် စည်းစည်းရုံးရုံးပဲ။”

အင်္ဂါညက အခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင်သွားပြီး ကူညီဖြေရှင်းပေးခဲ့တဲ့ မင်္ဂလာတောင်ညွန့်မဲဆန္ဒနယ်က ရန်ကုန်တိုင်းဒေသ ကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်ကတော့ ဒီဖြစ်ရပ်ကို ရဲတပ်ဖွဲ့က ကိုင်တွယ်လုပ်ဆောင်တဲ့အပေါ် အခုလို ဝေဖန်ပါ တယ်။

“အစိုးရအနေနဲ့ ဒီကိစ္စကို စနစ်တကျစုံစမ်းစစ်ဆေးရေးအဖွဲ့တွေဖွဲ့တာမျိုးပေါ့နော်။ သို့မဟုတ်ထိရောက်မြန်ဆန်တဲ့အရေးယူဆောင်ရွက်မှုတွေနဲ့ ဥပဒေနဲ့ မညီတဲ့ ကိစ္စတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းဖို့လိုတယ်။ အဲဒီလိုဖြေရှင်းမှလည်း အဆင်ပြေမယ် မဟုတ်ဘူးဆိုရင် တစတစပိုပြီးတော့ လူထုက သူတို့ကိုသူတို့ လုံခြံမှုမရှိဘူးလို့ ခံယူလာရပြီဆိုရင် သူတို့နည်းသူတို့ဟန်နဲ့ လုံခြံရေးကို တည်ဆောက်ရပြီဆိုရင်တော့ အစိုးရရဲ့ အာနိသင် ကလည်း ကျဆင်းမှာဖြစ်တယ်။ ဒါကိုလည်း အစိုးရအနေနဲ့ အလေးအနက်ထားလိမ့်မယ်လို့ ယုံကြည်ပါတယ်။”

မင်္ဂလာတောင်ညွှန့်မြို့နယ်တဝိုက် လက်ရှိအခြေအနေကတော့ တည်ငြိမ်နေပြီး အခင်းဖြစ်တဲ့ ၁၂၂ လမ်းထိပ်မှာလဲ ပုံမှန် ဈေးရောင်းဈေးဝယ်တွေနဲ့ လည်ပတ်နေတာကို ဒီကနေ့မနက်ပိုင်းမှာတွေ့ခဲ့ရပါတယ်။

ဒီဖြစ်ရပ်အပေါ် သက်ဆိုင်ရာ ဝန်ကြီးဌာန တာဝန်ရှိသူတွေအနေနဲ့ ဘယ်လိုအရေးယူ လုပ်ဆောင်မလဲဆိုတာကို သိရဖို့ ဗွီအိုအေက သာသနာရေးဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပါတယ်။

သာသနာရေးဝန်ကြီးဌာန၊ ပြန်ကြားရေးတာဝန်ခံ၊ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး သူတို့ဌာနကို အကြောင်း ကြားစာ ရောက်မလာသေးတဲ့အကြောင်းနဲ့ အရေးယူတဲ့အပိုင်းက တိုင်းဒေသကြီးအစိုးရနဲ့ပဲ သက်ဆိုင်တဲ့အကြောင်း တုန့်ပြန်ဖြေဆိုပါ တယ်။

“ကျနော်တို့ကတော့ ဘာမှမပြောနိုင်သေးပါဘူးခင်ဗျ၊ ဒါ ကျနေ်ာတို့ဆီကတော့ ဆောင်ရွက်တာမဟုတ်တော့ တိုင်းဒေသကြီးအစိုးရကို မေးကြည့်လိုက်ပါ ခင်ဗျ။ ကျနော်တို့ဆီကိုတော့ တင်ပြတာတော့ မရှိသေးပါဘူးခင်ဗျ။ ကျနော်တို့ဆီက ဘုန်းကြီးဘယ်နှစ်ပါး ပါသလဲခင်ဗျ ၊ ကျနော်တို့ဆီကို ဘယ်နှစ်ပါးပါတယ်ဆိုတဲ့သတင်းအတိအကျ မထွက်လာသေးပါဘူးခင်ဗျ။”

ဒါ့အပြင် မင်္ဂလာတောင်ညွှန့်ရဲစခန်းကို VOA က လူကိုယ်တိုင် သွားရောက်မေးမြန်းတာကို ဖြေဆိုဖို့ငြင်းသလို တယ်လီဖုန်းဆက် မေးမြန်းတဲ့အခါမှာလဲ အချက်အလက်တွေ စုဆောင်းနေဆဲရှိတာကြောင့် ပြောလို့မရတဲ့အကြောင်းပဲ အကြောင်းပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ (၂၈) ရက်နေ့ကလဲ သံဃာတော်တချို့နဲ့ အမျိုးသားရေးအင်အားစုဆိုသူတွေ အပါအဝင် လူအင်အား ၁၀၀ နီးပါး ဟာ မြို့နယ်အာဏာပိုင်တွေကို သွားရောက်ဖိအားပေးတာကြောင့် သာကေတမြို့နယ်မှာရှိတဲ့ အစ္စလာမ် စာသင်ကျောင်း နှစ်ကျောင်းကို အာဏာပိုင်တွေက ယာယီ ချိတ်ပိတ်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG