သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲပြီးရလဒ် လိုက်နာရေး ကန်အလေးထား


ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နှင့် VOA တွေ့ဆုံစဉ် (စက်တင်ဘာလ ၁၁၊ ၂၀၁၅)
ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel နှင့် VOA တွေ့ဆုံစဉ် (စက်တင်ဘာလ ၁၁၊ ၂၀၁၅)

မြန်မာနိုင်ငံမှာ လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲအပြီး အာဏာလွှဲပေးဖို့ ပျက်ကွက်မှုမရှိအောင် ဆောင်ရွက်ဖို့ အမေရိကန်အစိုးရမှာ အစီအစဉ် ရှိထားတယ်လို့ နိုင်ငံခြားရေး အရာရှိကြီးတဦးက ပြောကြားလိုက်ပါတယ်။

မနေ့က Carnegie ဗိမ္မာန် အဆောက်အဦးမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ပြည်ထောင်စု အာရှနဲ့ ပစိဖိတ်ရေးရာ ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel က ဗွီအိုအေမြန်မာပိုင်းရဲ့ မေးမြန်းချက်ကို အဲဒီလို ဖြေကြားသွားတာ ဖြစ်ပါတယ်။ ဒီသတင်းစာရှင်းလင်းပွဲကို ဦးကျော်ဇံသာက တက်ရောက် သတင်းယူခဲ့တာ ဖြစ်ပါတယ်။

မနေ့က ဝါရှင်တန်ဒီစီ Carnegie Center လို့ခေါ်တဲ့ Carnegie ဗိမ္မာန်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲဟာ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်အပြီး အခြေအနေကို ပြန်လည်တင်ပြတဲ့ သတင်းစာရှင်းလင်းပွဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ သမိုင်းဝင် ရွေးကောက်ပွဲကြီးအတွက် ပြင်ဆင်နေတဲ့အချိန်မှာ မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရရဲ့ မူဝါဒကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ဖို့ သွားရောက်လေ့လာခဲ့တဲ့ ခရီးစဉ်ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်အတွင်း သူ့ရဲ့ အတွေ့အကြုံကို ပထမဦးစွာ ရှင်းလင်းတင်ပြပြီးတဲ့နောက် ကျနော်က အခုလို မေးခွန်းမေးခဲ့ပါတယ်။

မေး - ၁၉၉ဝ ပြည့် ရွေးကောက်ပွဲတုန်းက စစ်တပ်ဟာ သူတို့ ကျောထောက်နောက်ခံပြုထားတဲ့ တစညပါတီ နိုင်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲကျတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ် တောင်ပြိုကမ်းပြို အနိုင်ရရှိသွားတဲ့အခါမှာ စစ်တပ်ရဲ့ မျှော်လင့်ချက် ပြိုကွဲသွားပါတယ်။ အဲဒီမှာ စစ်တပ်ဟာ ရွေးကောက်ပွဲရလဒ်ကို မလိုက်နာတဲ့အပြင် အနိုင်ရသူတွေကို နှိပ်ကွပ်ခဲ့ပါတယ်။ ဆိုတော့ အခုလာမယ့် ရွေးကောက်ပွဲကြီး အပြီးမှာ အဲဒီလို မဖြစ်လာအောင် ဘာတွေလုပ်မယ်ဆိုတဲ့ အစီအစဉ်မျိုး အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှာ အစီအစဉ် ရှိပါသလားခင်ဗျ။

ဖြေ - ကျနော်တို့ အစီအစဉ် ရှိပါတယ်။ ဒီအစီအစဉ်တွေဟာ ရွေးကောက်ပွဲပြီးလို့ စိန်ခေါ်မှုတွေ ရှိလာတဲ့အခါ စတင်မယ့် အစီအစဉ် မဟုတ်ပါဘူး။ ဒီအစီအစဉ်ဟာ နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ အစီအစဉ် ဖြစ်ပါတယ်။ တစိုက်မတ်မတ် လိုက်လံ ဆောင်ရွက်လာခဲ့တာပါ။ မဲဆန္ဒရှင်တွေကို ပညာပေးရေး၊ အားလုံးပါဝင်ခွင့်ရှိရေး၊ NGO တွေ နိုင်ငံတကာ အဖွဲ့အစည်းတွေ ပါဝင်ရေး ဒါတွေဟာ မူဝါဒ ဖြစ်ပါတယ်။ သံတမန်ရေးအရလား သမ္မတ အိုဘားမားရဲ့ ခိုင်မာပြတ်သားတဲ့ ပြောကြားချက်၊ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ တိုက်တွန်းချက်တွေ၊ ကျနော်တို့ရဲ့ ထက်မြက်တဲ့ သံအမတ်ကြီး Derek Mitchell ကိုယ်တိုင် တက်တက်ကြွကြွ ထိတွေ့ဆက်ဆံနေမှုတွေ၊ နိုင်ငံခြားရေးဝန်ကြီး John Kerry နှင့်တကွ တခြားအရာရှိကြီးတွေရဲ့ ခရီးစဉ်အားလုံးမှာ ကျနော်တို့ရဲ့ မျှော်မှန်းချက်တွေကို ထိပ်တန်း စစ်အရာရှိကြီးတွေဆီရောက်အောင် ဆောင်ရွက်ခဲ့ပါတယ်။ တခါ မြန်မာပြည်သူတွေရဲ့ အဖွဲ့အစည်းတွေ ပေါ်ထွန်းလာဖို့ အားပေးပါတယ်။ ဒါတွေဟာ ကျနော်တို့ရဲ့ အစီအစဉ်တွေပါ။

မေး - တကယ်လို့ အရင်လိုပဲ အာဏာမလွှဲဘဲ နှိပ်ကွပ်တဲ့ ကိစ္စတွေ ဖြစ်လာပြီဆိုရင်ကော ဘယ်လိုလုပ်ဖို့ အစီအစဉ်ရှိပါသလဲ။

ဖြေ - ရွေးကောက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း အချက်အလက်တွေအပေါ် မူတည်ပြီး ကျနော်တို့ သုံးသပ်မှာ ဖြစ်ပါတယ်။ ရှင်းရှင်းလင်းလင်းနဲ့ အခြေအနေမှန်ကို သုံးသပ်မှာပါ။ အဆိုးမြင်တဲ့ အပြစ်ရှာတဲ့ သဘောမျိုး မဟုတ်ပါဘူး။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ရေးသာမက ဒီမိုကရေစီ နည်းကျကျ ရရှိလာတဲ့ ရလဒ်ကို ပျက်ကွက်တယ်ဆိုရင် မြန်မာနိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက လက်ခံဖို့ မဖြစ်နိုင်ဘူး။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေး အလားအလာ မရှိနိုင်ဘူးဆိုတာ အသိပေးထားပါတယ်။

နောက်တခါ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အရွေးခံနိုင်ခွင့် ရရှိရေးဆိုတာဟာ အမေရိကန်မူဝါဒမှာ ဦးစားပေး အစီအစဉ်တရပ်အဖြစ် ရှိနေဆဲပဲလား။ ဒါမှမဟုတ် ဒီ သက်မှတ်ချက်ကို အလျှော့ပေးလိုက်ပြီလား ဆိုတဲ့မေးခွန်းကို Mr. Russel က အခုလို ဖြေခဲ့ပါတယ်။

ဖြေ - နိုင်ငံသားတယောက်ကို သူ့သားသမီးတွေ ဘယ်နိုင်ငံသားဖြစ်နေလို့ဆိုပြီး နိုင်ငံသားတယောက် ရသင့်တဲ့ အခွင့်အရေး အပြည့်အဝ မပေးဘူးဆိုတာ တကယ်တော့ ကျနော်တို့ရဲ့ ဖွဲ့စည်းပုံ မဟုတ်ပါဘူး။ သူတို့ရဲ့ ဖွဲ့စည်းပုံပါ။ ဒါပေမဲ့ ဖွဲ့စည်းပုံရဲ့ အစိတ်အပိုင်းကို ပြင်ဆင်ရမယ်ဆိုတဲ့ အယူအဆဟာ ခွန်အားရှိတဲ့ မှန်ကန်တဲ့ ယူဆချက်ပါ။ အလားတူ အရေးကြီးတဲ့ အချက်တရပ်လို့ ကျနော်တို့ ယူဆတာကတော့ စစ်တပ်ကိုယ်စားလှယ် ၂၅ % အရွေးမခံဘဲ ပါဝင်နေခြင်း ဖြစ်ပါတယ်။ ဒါကိုလည်း ပြင်ဖို့လိုပါတယ်။ ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီဖြစ်စဉ်နဲ့ မကိုက်ညီဘူးလို့ လူတိုင်းသတ်မှတ်ကြပါတယ်။

ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Daniel Russel ဟာ အမေရိကန်သမ္မတ Barack Obama ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒချမှတ်တဲ့ နေရာမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ပုဂ္ဂိုလ်တဦးလည်း ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG