သုံးရလွယ်ကူစေသည့် Link များ

မောင်တောဒေသမြောက်ပိုင်း နိုင်ငံတကာသံတမန်အဖွဲ့ သွားရောက်မည်


အကြမ်းဖက် မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသ (VOA)

အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မောင်တောဒေသ မြောက်ပိုင်းကို ရန်ကုန်အခြေစိုက် နိုင်ငံတကာ သံတမန်တွေ သွားရောက် လေ့လာနိုင်ဖို့ အစိုးရ တာဝန်ရှိသူတွေက စီစဉ်နေပါတယ်။ ဒီသတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခ ပေးပို့ထားတာပါ။

ရခိုင် ပြည်နယ် မြောက်ပိုင်းမှာ မကြာသေးခင်ကမှ တူးဖော်ရရှိ ခဲ့တဲ့ အကြမ်းဖက် သတ်ဖြတ်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ ရုပ်အလောင်းတွေ မြုပ်နှံ ထားတဲ့နေရာတွေကို ပြည်တွင်းအခြေစိုက် သံရုံး (၄၇) ရုံးမှ သံတမန်တွေကို လိုက်လံ ပြသမှာ ဖြစ်ပါတယ်။

မနက်ဖြန် သွားရောက်ဖို့ စီစဉ်ထားတဲ့ ဒီခရီးစဉ်မှာ နိုင်ငံတကာ သံတမန် အယောက် ၇၀ နီးပါးလောက်သွားရောက်ဖို့ ဖိတ်ကြား ထားတယ်လို့ ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေ ကပြောပါတယ်။ တရက်သာကြာမယ့် ဒီခရီးစဉ် မှာ အဓိက အနေနဲ့ ပဋိပက္ခဖြစ်တဲ့နေရာတွေ နဲ့ လက်ရှိ မောင်တော အခြေအနေတွေကို လေ့လာနိုင်ဖို့ ဖိတ်ကြား ထားတာဖြစ်ပါတယ်။

မောင်တောမြို့ ရဲဘော်ကျား ကျေးရွာ အနီး အကြမ်းဖက်သမားတွေရဲ့ ရက်ရက်စက်စက် သတ်တာခံရတဲ့ ဟိန္ဒူဘာသာဝင် ရွာသားတွေရဲ့ ဆွေမျိုး သားချင်းတွေနဲ့ တွေ့ဆုံ နိုင်ဖို့ စီစဉ်ပေးသွားမယ်လို့ သူကပြော ပါတယ်။

“နေ့ချင်းပြန်မှာပဲ ၊ နေ့ချင်းပြန်နဲ့လာမယ်သူတို့ မောင်တော ဘက်ကိုသွားပါမယ်၊ မောင်တောမြောက်ဘက်အခြမ်း ။ အကြမ်းဖက်လုပ်ရက်တွေနဲ့ ပတ်သက်ပြီးတော့ ဒီမှာ လူနည်းစုတိုင်းရင်းသားတွေကို လူမျိုးတုံး ရက်ရက်စက်စက် လုပ်ခဲ့တာလေးတွေကို တကယ်ဖြစ်စဉ်ဖြစ်ခဲ့တဲ့ နေရာလေးတွေနဲ့ ခံရတဲ့ ကာယကံရှင် တိုင်းရင်းသားတွေနဲ့ အဲဒီနေရာလေးတွေကို သွားပြီးတော့ သူတို့နဲ့ တွေ့ပြီးတော့ dialogue လုပ်လို့ရအောင် လုပ်ပေးထားပါတယ်။”

ဒီခရီးစဉ် မတိုင်ခင် မကြာခင်ရင်ပိုင်းကဘဲ အမေရိကန် သံတမန်အဖွဲတွေ နဲ့ ဂျပန်သံတမန်အဖွဲ့တို့ ကိုလည်း မောင် တောကို သွားရောက် နိုင်ဖို့ စီစဉ်ပေးခဲ့ ပါသေးတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင် ဆန်းစုကြည် ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အကြမ်း ဖက်တိုက်ခိုက် မှုကြောင့် မွတ်ဆလင် ဒုက္ခသည် အမြောက်အမြား ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးကြ တယ်လို့ ဆိုနေကြပေမယ့် ရခိုင်ပြည်နယ်ရှိ မွတ်ဆလင် အသိုင်း အဝိုင်းရဲ့ ၅၀%ကျော် ဟာ ပဋိပက္ခဇုံထဲမှာ ဆက်လက် နေထိုင် တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဘယ်သူ မဆို ဒီအခြေအနေကို ကိုယ်တိုင် သွားရောက် လေ့လာ ဆန်းစစ်သင့်တယ်လို့ လည်း ပြောဆိုခဲ့တာ ဖြစ်ပြီး အခု မတည်ငြိမ်တဲ့ ဒေသတွင်း အခြေနေတွေကို ကိုယ်တိုင် သွားရောက် ကြည့်ရှု နိုင်အောင် စီစဉ်ပေးတာလို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

ဒါ့အပြင် သံတမန်တွေ အနေနဲ့ လက်တွေ့ သိရှိနိုင်အောင် လွတ်လပ်စွာ တွေ့ဆုံ မေးမြန်းခွင့်တွေ ပြုသွာမယ်လို့လည်း ပြောပါတယ်။

“ကွင်းဆင်းမယ့်နေရာတွေမှာတော့ ဒေသခံတွေနဲ့တော့တွေ့မှာပေါ့၊ ဒေသခံတွေနဲ့ လွတ်လွတ်လပ်လပ်တွေ့ဆုံစကားပြောကြမှာပေါ့ ။ ဒီအတိုင်ပင်ခံကြီးရဲ့ မိန့်ခွန်းတွေမှာလည်းပါပြီးသားပါ။ တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့လူတွေရှိသလို ဒီမှာထွက်မပြေးပဲနဲ့ တ၀က်ကျော်ကျော်လောက်က အေးအေးဆေးဆေးနဲ့ ဒီမှာကျန်ခဲ့တာတွေရှိတယ်။ ခုနပြောသလို အားလုံးက မီဒီယာတွေအားလုံးက စိတ်ဝင်စားပြီးမေးနေတဲ့ ဟိုဘက်က ထွက်ပြေးသွားတဲ့လူတွေကိုလက်ခံဖို့ ဒီဟာပဲမေးနေတာဖြစ်တဲ့အတွက် သူတို့ဘက်ကိုလည်းမေးမြန်းသလို ဒီဘက်မှာလည်း ကျန်နေတဲ့လူတွေကို လာပြီးတော့ မေးမြန်းကြည့်ပါ။ ဘာဖြစ်လို့ ခင်ဗျားတို့က ကျန်နေတာလဲ၊ ဘာဖြစ်လို့ မထွက်ပြေးတာလဲ ဒီဥစ္စာလေးပါပဲ သူတို့ ဒီဘက်မှာလာရင် ပေးတွေ့ပါမယ်။”

ပြီးခဲ့တဲ့ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့တွေမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ လူမဆန်စွာ ရက်ရက်စက်စက် သတ်ဖြတ်မှု ခံရတဲ့ ဟိန္ဒူဘာသာဝင်အလောင်း ၄၅ လောင်းမြုပ်နှံ ထားတဲ့နေရာကို ရှာတွေ့ခဲ့ပါတယ်။ သေဆုံးသူ အချို့ဟာ လက်ကိုကြိုးနဲ့ တုတ်ခံထား ရသလို လည်ပင်းကိုလည်း ဓါးနဲ့ လှီးဖြတ်ထားတဲ့ ဒဏ်ရာတွေတွေ့ရှိကြောင်း နဲ့ ဒါဟာအစွန်းရောက် ARSA အကြမ်းဖက်သမားတွေလက်ချက်ဖြစ်ကြောင်း အစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG