သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာစုံစမ်းမှုတွေ လက်ခံဖို့ အကဲခတ်တွေတိုက်တွန်း


ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေနဲ့ ပတ်သက်လို့ နောက်ဆက်တွဲ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ တိတိကျကျ ဖြစ်အောင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေကို လက်ခံဖို့ တိုက်တွန်းမှုတွေ ဆက်လက် ထွက်ပေါ်နေပါတယ်။ ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေအပြင် အခုနောက်ဆုံး ဟိန္ဒူဘာသာဝင် အများအပြား အသတ်ခံခဲ့ရကြောင်း သတင်းတွေကြောင့် တိတိကျကျဖြစ်အောင် ဖော်ထုတ်နိုင်ဖို့ အကဲခတ်တွေက တိုက်တွန်းနေကြတာပါ။ အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူတွေရဲ့ အမြင်တွေကို ဗွီအိုအေ သတင်းထောက် Victor Beattie ဆက်သွယ် မေးမြန်းထားတာတွေကိုတော့ နန်းလောင်ဝ်က စုစည်းတင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေအတွင်း စွပ်စွဲချက်တွေ အမျိုးမျိုး ထွက်ပေါ်နေတာနဲ့ ပတ်သက်လို့ အများလက်ခံနိုင်အောင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေကို လက်ခံသင့်တယ်လို့ အကဲခတ်တွေက တိုက်တွန်းနေကြတာပါ။ ရိုဟင်ဂျာတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ စွပ်စွဲချက်တွေကို မြန်မာတာဝန်ရှိသူတွေက ပယ်ချထားသလို၊ အခုနောက်ဆုံး ဟိန္ဒူဘာသာဝင် ၄၅ ယောက် သေဆုံးမှု အပေါ်မှာလည်း ဘယ်သူ့လက်ချက်ဆိုတာ အငြင်းပွားမှုတွေ ရှိနေကြတာပါ။ Myanmar’s Enemy within ဆိုတဲ့ စာအုပ်ကို ပြုစုခဲ့သူ၊ အလွတ်သတင်းထောက် Francis Wade ကတော့ အခြေအနေတွေ ရှင်းရှင်းလင်းလင်းဖြစ်အောင် နိုင်ငံတကာက ကျွမ်းကျင်သူတွေ ဝင်ရောက်စစ်ဆေးခွင့် ပြုသင့်တယ်လို့ ဆိုပါတယ်။

“လတ်တလောမှာပဲ၊ ရိုဟင်ဂျာအစွန်းရောက်တွေက သတ်ဖြတ်တာခံခဲ့ရတယ်လို့ စွပ်စွဲထားတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အလောင်းတွေကို ရှာဖွေတွေ့ရှိထားကြောင်း သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒီလိုအကြောင်းတွေကြောင့် အစိုးရအနေနဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ဝင်ခွင့်ပြုသင့်ပါတယ်။ ဒါမှလည်း ရိုဟင်ဂျာအစွန်းရောက်တွေနဲ့ မြန်မာစစ်တပ်က ဘယ်လို ရာဇဝတ်မှုတွေ ကျုးလွန်ခဲ့သလဲဆိုတာကို ဆုံးဖြတ်နိုင်မှာပါ။”

အမေရိကန် ပြည်ထောင်စု Illinois ပြည်နယ် တက္ကသိုလ်က အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူ ပါမောက္ခ Ali Riaz ကလည်း မြန်မာအာဏာပိုင်တွေ အနေနဲ့ အများလက်ခံနိုင်အောင် နိုင်ငံတကာက စုံစမ်းစစ်ဆေးမှုတွေကို လက်ခံဖို့ တိုက်တွန်းခဲ့ပါတယ်။

“လတ်တလော အခြေအနေမှာ ဒီလိုစွပ်စွဲချက်တွေဟာ စိုးရိမ်စရာကောင်းသလို၊ သံသယဖြစ်စရာလည်း ကောင်းပါတယ်။ ဒါတွေကို အရင်က မပြောခဲ့ဖူးပါဘူး။ စစ်သွေးကြွအုပ်စုက ကျုးလွန်ခဲ့တာလား၊ စစ်တပ်က ကျုးလွန်ခဲ့တာလား ဆိုတာလည်း ဘယ်သူမှ မပြောနိုင်ပါဘူး။ ဒီလိုစွပ်စွဲမယ် ဆိုရင်လည်း နိုင်ငံတကာက ဝင်ရောက် စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုနိုင်ရမှာပေါ့။”

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee အပါအဝင် ကျွမ်းကျင်သူ ၇ ယောက်ကတော့ ရိုဟင်ဂျာတွေ အပေါ် ကြီးမားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်နေတယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေ အခိုင်အမာ ရှိနေကြောင်း ဒီကနေ့ပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုထားတာပါ။ အလွတ်သတင်းထောက် Francis Wade ကတော့ မြန်မာနိုင်ငံ ဘက်ခြမ်းမှာ သတင်းသမားတွေ လွတ်လွတ်လပ်လပ် သွားရောက် သတင်းယူခွင့် မရတာဟာလည်း စွပ်စွဲချက်တွေ ကြီးထွားလာရတဲ့ အကြောင်းရင်းတခုဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

“ရွာပေါင်း ၂၂၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရပြီး၊ မြို့နယ်တမြို့နယ်ထဲမှာတင် မူဆလင် ၄ ပုံ ၃ ပုံ ဟာ တိုင်းပြည်ကနေ မောင်းထုတ်ခံခဲ့ရသလို၊ အများအပြား အသတ်ခံခဲ့ရတယ်လို့ဆိုတဲ့ ရာဇဝတ်မှုတွေကြောင့် လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်တွေ ထွက်ပေါ်လာတာပါ။ ဒါပေမဲ့လည်း အစိုးရက အမည်းရောင် နယ်မြေတခုလို ပြောင်းလဲကျင့်သုံးထားတဲ့အတွက် လက်တွေ့ ဖြစ်ပျက်နေတာတွေကို အတိအကျ ဆုံးဖြတ်နိုင်ဖို့ကတော့ မလွယ်ပါဘူး။ ဒါကြောင့်လည်း ဒီဒေသက ထွက်လာတဲ့ သတင်းတွေကို မှန်မမှန်စစ်ဆေးဖို့ ခက်ခဲနေတာကြောင့်၊ အချက်အလက် ရှာဖွေရေးအဖွဲ့ကို တကယ်သွားရမယ့် မြန်မာနိုင်ငံအစား၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုပဲ စေလွှတ်ခဲ့တာပါ။”

ရခိုင်ပြည်နယ်အရေး နိုင်ငံတကာက ဖိအားတွေ ထွက်ပေါ်နေချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် Antonio Guterres က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့မှာ တင်ပြဖို့လည်း စီစဉ်ထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG