သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိုယ်စားလှယ်အဖွဲ့ ရှေ့တပတ် ဘင်္ဂလားဒေ့ရှ်သွားမည်


ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ အလံများ
ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာ အလံများ

ရခိုင်ပြည်နယ်အတွင်းက ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ချ်နိုင်ငံဘက်ကို လူတွေအမြောက်အများ ထွက်ပြေးခိုလှုံတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သံတမန်နည်းလမ်းတွေအရ ပြောဆိုဆွေးနွေး အဖြေရှာနိုင်ဖို့ကြိုးပမ်းတဲ့အနေနဲ့ မြန်မာနိုင်ငံကအဖွဲ့တခု နောက်တပတ်ထဲမှာ ဘင်္ဂလားဒေ့ချ်နိုင်ငံကိုရောက်လာမယ်လို့ မနေ့ကထုတ်ပြန်တဲ့ AFPသတင်းမှာဖေါ်ပြထားပါတယ်။

နောက်သတင်းပတ်စောစောပိုင်းမှာ မြန်မာအဖွဲ့ရောက်လာမယ့်အကြောင်း ဘင်္ဂလားဒေ့ချ်နိုင်ငံခြားရေးဝန်ကြီး Shahidul Haque ရဲ့ မနေ့ကပြောဆိုချက်ကိုကိုးကားပြီး AFP သတင်းမှာဖေါ်ပြထားတာပါ။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေခေါင်းဆောင်ပါဝင်မယ့်အဖွဲ့ဖြစ်လိမ့်မယ်လို့မျှော်လင့်ရတဲ့အကြောင်း ဘင်္ဂလား ဒေ့ချ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတဦးက ပြောတယ်လို့ ဆိုပါတယ်။ ရခိုင်ပြည်နယ်အတွင်းက အခု နောက်ဆုံးဖြစ်ခဲ့တဲ့ အကြမ်းဘက်မှုတွေ မတိုင်ခင် စောစောပိုင်းတုန်းကလည်း ဝန်းကြီးဦးကျော်တင့်ဆွေနဲ့ဆွေးနွေးပြော ဆိုဖို့ ဘင်္ဂလားဒေ့ချ်ဘက်ကဖိတ်ခေါ်ခဲ့ဖူးပါတယ်။ မြန်မာအဖွဲ့တခု ဘင်္ဂလားဒေ့ချ်ကိုလာမယ်ဆိုတဲ့သတင်းကတော့ သြဂုတ်လ၂၅ရက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ပွါးခဲ့တဲ့အကြမ်းဘက်မှုတွေကြောင့် မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ မူဆလင်ဒုက္ခသည်ပေါင်း၄သိန်း၈သောင်းရှိသွားပြီလို့ ကုလသမဂ္ဂကကြေညာပြီးတဲ့နောက်ပိုင်းမှာဖြစ်လာတာပါ။

ဘင်္ဂလားဒေ့ချ်နယ်စပ်မြို့ Cox’s Bazar တဝိုက်က ဒုက္ခသည်စခန်းတွေမှာ အရင်က ရှိနေပြီးသား ရိုဟင်ဂျာဒုက္ခသည် ၃သိန်းလောက်နဲ့ အခုနောက်ဆုံးရောက်လာတဲ့သူတွေနဲ့ပေါင်းရင် စုစုပေါင်းဒုက္ခသည်အရေအတွက်က ၈သိန်းနီးပါးရှိ နေပါပြီ။ အသစ်ထပ်ရောက်လာတဲ့ဒုက္ခသည်တွေက ယာယီတဲတွေနဲ့ဖြစ်သလိုနေနေရပြီး ဝမ်းရောဂါအပါအဝင် ကူးစက် ရောဂါတွေဖြစ်ပေါ်ပြန့်ပွါးလာလိမ့်မယ်လို့ သတိပေးမှုတွေလည်းရှိနေပါတယ်။ ရိုဟင်ဂျာပြဿနာကိုအဆုံးသတ်အောင် ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုရှာဖွေနိုင်ရေးနဲ့ဒုက္ခသည်တွေအားလုံး သူတို့ရဲ့ဇာတိမြေကိုပြန်နိုင်အောင်မြန်မာဘက်က ခေါ်ယူနိုင်ရေး ဘင်္ဂလားဒေ့ချ်ဘက်က အကြီးအကျယ်သံတမန်နည်းလမ်းသုံးကြိုးပမ်းခဲ့ပြီးနောက်ပိုင်း အခုလို၂နိုင်ငံပြော ဆိုဆွေးနွေးဖို့ဖြစ်ပေါ်လာခဲ့တာလို့ AFP သတင်းကဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG