သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် မောင်တောဒေသသွားရောက်စုံစမ်း


မောင်တောဈေးတနေရာ
မောင်တောဈေးတနေရာ

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က အကြမ်းဖက်မှုတွေဖြစ်နေတဲ့ ရခိုင်ဒေသမှာ နိုင်ငံတကာက ပြောဆိုဝေဖန် နေသလို လုမျိုးတုံးသတ်ဖြတ်မှုအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုရှိမရှိ စုံစမ်းဖို့သွားရောက်နေပါတယ်။ ကနဦးတွေ့ချက်အရ နိုင်ငံတကာစွပ်စွဲပြောဆိုနေတဲ့ လုမျိုးတုံးသတ်ဖြတ်မှုကို အမှန်တကယ်ကျူးလွန်သူတွေဟာ အစွန်းရောက် ARSA အကြမ်းဖက်သမားတွေသာဖြစ်ကြောင်း တွေ့ရတယ်လို့ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းက မေခကပေးပို့ထားပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့အခုခရီးစဉ်ဟာ သီးခြားလွတ်လပ်တဲ့ ကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးမှုဖြစ်တယ်လို့ ခရီးစဉ်ကိုဦးဆောင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးယုလွင်အောင်က ပြောပါတယ်။ တနလာၤနေ့က စတင်ခဲ့တဲ့ လေ့လာမူဟာ သီတင်း ၁ ပတ်နီးပါးကြာမှာဖြစ်ပြီး လေ့လာတွေ့ရှိချက်တွေကို နိုင်ငံတော်သမ္မတ ၊ လွှတ်တော်အပါအဝင် တနိုင်ငံလုံးကို ချပြသွားမယ်လို့ သူကပြောပါတယ်။ ဒီကနေ့မှာတော့ အကြမ်းဖက်မူတွေဖြစ်ပွားခဲ့တဲ့ မောင်တောဒေသမြောက်ပိုင်းက နေရာ ၅ နေရာ နီးပါးကို သွားရောက်လေ့လာခဲ့တယ်လို့ သူကပြောပါတယ်။

"လက်တလောကျနော်တို့ တွေ့ရတာကတော့ လူမျိုးတုံးသတ်ဖြတ်နေတယ်ဆိုတာက စစ်တပ်မဟုတ်ပဲနဲ့ ဘင်္ဂလီအကြမ်းဖက် သောင်းကျန်းသူတွေ ဖြစ်နေတယ်ဆိုတာ ကျနော်တို့ တွေ့ရပါတယ်ခင်ဗျ။ ကျန်ရှိနေတဲ့ အစ္စလာမ်မိသားစုတွေ နောက်ပြီးတော့ ဟိန္ဒူမိသားစုတွေ ၊ ရခိုင်မိသားစုတွေကိုလိုက်ပြီးတော့ တွေ့ဆုံပြီးတော့ ၊ သူတို့အတွေ့အကြုံ သူတို့အခက်အခဲ ၊ ဘာတွေဖြစ်သလဲဆိုပြီးတော့ ကျနော်တို့ လက်ပြီးတော့ မေးမြန်းနေပါတယ်ခင်ဗျ အခြေအနေကတော့ အခုဆိုရင်လည်း မှန်းဆလို့တော်တော်လေးရနေပါပြီ။ မနက်ဖြန်ကျရင်လည်း နောက်ထပ်မြို့ ၊ ကျေးရွာ ၅-၄-၆ ရွာလောက်ကို ပတ်သွားနိုင်ပါတယ်ခင်ဗျ။”

လူ့အခွင့်အရေးကော်မရှင်ရဲ့လေ့လာဆန်းစစ်မှုတွေက နိုင်ငံတကာက ပြောဆိုဝေဖန်မှုတွေနဲ့ စွပ်စွဲမှုတွေကို ချေဖျက်နိုင်မှုရှိမရှိဆိုတာကတော့ မသိရသေးပါဘူး။ ဒီသီတင်းတပတ်အကြာလေ့လာတဲ့အတွင်းမှာ လုံခြုံရေးအရ သွားနိုင်သမျှနေရာတိုင်းကို သွားရောက်လေ့လာက ရလာသမျှအချက်အလက်တွေအပေါ်မူတည်ပြီး ခြုံငုံလေ့လာသုံးသပ်သွားဖို့ ရှိတယ်လို့ သူကပြောပါတယ်။

“ဘယ်သူပဲ ချိုးဖောက်ချိုးဖောက် ကျနော်တို့ကတော့ စုံစမ်းမေးမြန်းပြီးတော့ တွေ့ရှိချက်ကို တင်ပြပါမယ်။ ကျနော်တို့ကတော့ အစီရင်ခံစာကို သမ္မတရုံးကို တင်ပြပါမယ်။ ပြီးတော့ အများပြည်သူသိအောင်လည်း ကြေညာချက်ကျနော်တို့ ထုတ်ပါမယ်။ နိုင်ငံတကာက သုံးသပ်ချင်တယ်ဆိုရင်တေ့ာ ကျနော်တို့အခုလိုလုပ်သလို တကယ့် နယ်မြေအထိကွင်းဆင်းပြီးတော့မှ ခံစားနေရတဲ့ ပြည်သူလူထုနဲ့ တွေ့လိုက်ရင် သူတို့ အမှန်တရားရနိုင်ပါတယ်။အပြင်ကနေပြီးတေ့ မြန်မာနိုင်ငံ ပြင်ပကနေပြီးတော့ သူများပြောတာ နားထောင်ပြီးတော့ ဝေဖန်မယ်ဆိုရင်တော့ သူတို့ဝေဖန်ချက်သုံးသပ်ချက်တွေ မှားနိုင်တယ်လို့ ကျနေ်ာတင်ပြချင်ပါတယ်။

အခုလို လူ့အခွင့်အရေးကော်မရှင်အပါအဝင် လေ့လာတဲ့အဖွဲ့တော်တေ်ာများများအနေနဲ့ ရခိုင်ပြည်နယ်မှာရှိနေတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေကို အရင်ကလည်း ဖြေရှင်းပေးနိုင်ခဲ့ခြင်းမရှိသလို အခုလည်း ဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ ဆိုလာသူကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဥက္ကဋ္ဌ အစ္စလာမ်ဘာသာဝင် ဦးကျော်မင်းဖြစ်ပါတယ်။

“အရင့်အရင် ကော်မရှင်ပေါင်းမြောက်များစွာထွက်လာပြီလေ အခုကိစ္စကို ဘာမှဖြေရှင်းတာမရှိဘူး ။ လူ ၄ သိန်းကျော် ဟိုဘက်ရောက်သွားတယ်ဆိုကတည်းက တခုခုတော့ ဖြစ်နေတယ်။ အဲဒါကို တကမ္ဘာလုံးကပြောနေတယ်၊ Facebook တွေကြည့်ရင်လည်း အားလုံးမမှန်သည့်တိုင် တချို့တဝက်ကတော့ မှန်တာပေါ့ ။ အဲဒါကို ဆက်လက်ပြီးစုံစမ်းဖို့လိုတာကို တကမ္ဘာလုံးကသိနေတဲ့ကိစ္စ။လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတာကို ကော်မရှင်ကရှာဖွေသိရှိပါတယ်ဆိုရင် ဘာဖြစ်မှာလို့လဲ။”

ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်ထုမေကတော့

“နိုင်ငံတကာက လူ့အခွင့်အရေးချိုးဖောက်နေတဲ့ဟာမျိုး တကယ်လို့သာ ဒါအမြင်နဲ့ အကြားနဲ့ စွပ်စွဲနေမယ်ဆိုရင် ဒါမဖြစ်သင့်ဘူးပေါ့နော် ဒါရခိုင်ပြည်နယ် လက်ရှိအခြေအနေက လူ့အခွင့်အရေးချိုးဖောက်တဲ့ ရှုထောင့်တခုကနေ သုံးသပ်လို့ရတဲ့အခြေအနေမျိုးမဟုတ်ပါဘူးရှင့်။ ဒီထက်ရှုပ်ထွေးပါတယ်။ လူ့အခွင့်အရေး ရှုထောင့်တခုကနေ ပြောဆိုနေမယ်ဆိုရင်တော့ ဒါတရားမျှတမှုမရှိပါဘူးရှင့်၊ အပြုသဘောဆောင်တဲ့ အကြံပေးချက်မျိုးမြန်မာနိုင်ငံကို နိုင်ငံတကာ က ကြည့်ဖို့လိုပါတယ်။ စွပ်စွဲချက်က အဖြေတခုကို ပေးနိုင်မှာတော့ မဟုတ်ပါဘူး။”

ဒီကနေ့မှာလည်း မောင်တောမြို့မြောက်ဘက်မှာနေထိုင်ကြတဲ့ ပျောက်ဆုံးနေတဲ့ ဟိန္ဒူဘာသာဝင်တွေကို ဆက်လက်ရှာဖွေမှုတွေရှိပါတယ်။ ပြီးခဲ့တဲ့ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့ကတော့ ဟိန္ဒူဘာသာဝင်အလောင်း ၄၅ လောင်းမြုပ်နှံထားတာကို ပြန်လည်တွေ့ရှိခဲ့ရပါတယ်။ သေဆုံးသူအချို့ဟာ လက်ကိုကြိုးနဲ့ တုတ်ခံထားရသလို လည်ပင်းကိုလည်း ဓါးနဲ့ လှီးဖြတ်ထားတဲ့ ဒဏ်ရာတွေတွေ့ရှိကြောင်းနဲ့ ဒါဟာအစွန်းရောက်သမားတွေလက်ချက်ဖြစ်ကြောင်း အစိုးရဘက်ကတော့ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG