သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမှာ ဟိန္ဒူ ၂၈ ယောက်အလောင်းတွေ့


 ဟိန္ဒူဘာသာဝင်များ၏ အလောင်းများရှာဖွေတွေ့ရှိသည့်နေရာ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
ဟိန္ဒူဘာသာဝင်များ၏ အလောင်းများရှာဖွေတွေ့ရှိသည့်နေရာ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ရဲဘော်ကျ ကျေးရွာအနီးမှာ ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက်သမားတွေ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ဟိန္ဒူဘာသာဝင် ရုပ်အလောင်း ၂၈ လောင်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက တနင်္ဂနွေနေ့မှာ တွေ့ရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တော ဒေသတွေမှာ သြဂုတ်လ ၂၅ ရက်နေ့က လုံခြုံရေး ကင်းစခန်း (၃၀) ကျော်ကို ARSA လို့ခေါ်တဲ့ အကြမ်းဖက်သမားတွေက ဝင်ရောက် တိုက်ခိုက်မှုရဲ့ နောက်ဆက်တွဲအဖြစ် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ တကြော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ အကြမ်းဖက်မှု အစပိုင်းမှာ မွတ်ဆလင် လက်နက်ကိုင်အဖွဲ့က သတ်ဖြတ်ခဲ့တာဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ ကြေညာချက်မှာတော့ - ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား အင်အား ၃၀၀ ခန့် ဝင်ရောက်လာပြီး အဲဒီ ရဲဘော်ကျ ကျေးရွာရှိ အမျိုးသား/အမျိုးသမီး ၁၀၀ ဦးခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း၊ အဲဒီနောက် ရွာအနီးမှာဘဲ အကြမ်း ဖက်သမားတွေက အမျိုးသား/အမျိုးသမီး အားလုံးနီးပါးကို ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ပြီး အမျိုးသမီး ၈ ဦးကို အစ္စလာမ်ဘာသထဲ ဝင်ခိုင်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဖမ်းဆီး ခေါ်သွားခဲ့ကြောင်း - စစ်တွေမြို့မှာ ထွက်ပြေး တိမ်းရှောင်နေတဲ့ ရဲဘော်ကျရွာသား ဟိန္ဒူဘာသာဝင် ကူညီရေးခေါင်းဆောင် ဦးနီမော်လ်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။

ဦးနီမော်လ်ရဲ့ ပြောကြားချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ အခင်းဖြစ်ပွားတဲ့နေရာကို တနင်္ဂနွေနေ့က သွားရောက် ရှာဖွေတာမှာ အလောင်းတွေကို တွေ့ရှိခဲ့ရခြင်း ဖြစ်တယ်လို့လည်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သေဆုံးသူတွေထဲက ၂၀ ဦးဟာ အမျိုးသမီးတွေဖြစ်ပြီး၊ ကျန် ၈ ဦးကတော့ အမျိုးသား ၂ ဦးနဲ့ အသက် ၁၀ နှစ်အောက် ယောကျ်ားလေး ကလေးငယ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။ လုံခြုံရေး တပ်ဖွဲ့တွေအနေနဲ့ ကျန်ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေကို လိုက်လံ ရှာဖွေနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာသမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးကတော့ ဒီ လူ ၂၈ ဦးကို ဘယ်သူ သတ်ဖြတ်တယ်ဆိုတဲ့ ထင်မြင်ချက်ပေးဖို့ ငြင်းဆိုခဲ့ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG