သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အခြေအနေမှန်သိရှိနိုင်ရေး မီဒီယာတွေလွတ်လပ်စွာ သွားခွင့်ပြုသင့်


လုံခြုံရေးရဲများ
လုံခြုံရေးရဲများ

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ပြဿနာတွေနဲ့ပတ်သက်လို့ နိုင်ငံတကာမီဒီယာတွေရဲ့ သတင်းတင်ပြမှုတွေဟာ ဘက်လိုက်တယ်လို့ မြန်မာနိုင်ငံထဲမှာ အများစုမြင်နေကြပါတယ်။ တချို့သတင်းလုပ်ငန်းကြီးတွေအပေါ် အစ္စလာမ်အဖွဲ့အစည်းတွေရဲ့ လွှမ်းမိုးမှုရှိနေတယ်လို့လည်း တော်တော်များများစွပ်စွဲနေကြပါတယ်။ ဒီအမြင်တွေရှင်းသွားအောင် ဘယ်လိုလုပ်နိုင်ပါမလဲ။ သတင်းထောက် Joe Freeman က ရန်ကုန်မြို့ကနေ ပေးပို့တဲ့သတင်းနဲ့အတူ မစုမြတ်မွန်က စုံစမ်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ်မောင်တောခရိုင်ထဲက လုံခြုံရေးစခန်း ၃၀ ကျော်အပေါ် ARSA ရိုဟင်ဂျာ အကြမ်းဖက်အဖွဲ့က August လ ၂၅ ရက်နေ့မှာ စတင်တိုက်ခိုက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းက မွတ်ဆလင်အမြောက်အများ Bangladesh နိုင်ငံဖက်ကို ထွက်ပြေးခဲ့ကြပါတယ်။ ကုလသမဂ္ဂအဆိုအရ Bangladesh ဖက်ရောက်လာတဲ့ ရိုဟင်ဂျာမွတ်ဆလင် ၄ သိန်းလောက်ရှိနေပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ တရားလက်လွတ်သတ်ဖြတ်မှုတွေကြောင့် ထွက်ပြေးရတယ်ဆိုတဲ့ သူတို့ရဲ့စွပ်စွဲချက်တွေကို နိုင်ငံတကာသတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရတာဟာ ARSA ရိုဟင်ဂျာအကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့်ဖြစ်တယ်ဆိုတာကို ပြည်ပသတင်းထောက်တွေက မသိချင်ယောင်ဆောင်နေတယ်။ ဖော်ပြခြင်းမရှိဘူးလို့ မြန်မာပြည်သူအများအပြားက ပြောနေကြပါတယ်။ မွတ်ဆလင်မဟုတ်တဲ့ ဒေသခံသောင်းနဲ့ချီလည်းထွက်ပြေးနေတဲ့အကြောင်း။ ဗုဒ္ဓဘာသာဝင်။ ဟိန္ဒူနဲ့ တခြားလူနည်းစုတွေလည်း ပဋိပက္ခကြောင့် သေဆုံးနေကြတယ်ဆိုတာကို နိုင်ငံတကာသတင်းတွေမှာ မပြောကြသလို။ အဲဒီသတင်းတွေကို ဖတ်ကြတဲ့ကမ္ဘာ့ခေါင်းဆောင်တွေက ဒီကိစ္စတွေ လှစ်လျူရှုထားကြတယ်လို့ ပြည်တွင်းမှာ ဝေဖန်နေကြပါတယ်။ တချို့သတင်းဌာနကြီးတွေဆိုရင် မွတ်ဆလင်နိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေရှိနေတယ်လို့လည်း မြင်နေကြပါတယ်။ အခုရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စအပေါ် ပြည်ပက လူ့အခွင်အရေးရှုဒေါင့်ကနေ အဓိကကြည့်နေတာကြောင့် အမြင်မတူတာလို့ ပြည်ပရောက်သတင်းသမားတယောက်ဖြစ်တဲ့ ကိုထက်အောင်ကျော်က ပြောပါတယ်။

“ဒီ issue အပေါ်မှာ အပြင်ကမြင်တာ အပြင်ကဆိုတာက နိုင်ငံတကာက မြင်တာကျတော့ လူ့အခွင့်အရေးချိုးဖောက်မှုအနေနဲ့ လူ့အခွင့်အရေးအနေနဲ့ မြင်တာပေါ့နော်။ အထဲကလူတွေကျတော့ သူတို့က အမျိုးဘာသာ သာသနာတို့ ၊ နောက်အချုပ်အခြာအာဏာတို့ အဲလိုမြင်တဲ့အခါကျတော့ ပထမတချက်ကအမြင်က မတူဘူး။ ဒုတိယတချက်ကတော့ အပြင်ကမီဒီယာတွေက သွားလို့မရဘူးလေ ၊ အထဲမီဒီယာတောင်သွားလို့မရဘူး အခုပြဿနာ ဖြစ်နေတဲ့ ရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဘယ်သူမှသွားလို့မရဘူး ဟိုတလောကတောင် မီဒီယာတချို့ကို အစိုးရကနေခေါ်ပြတယ်လို့တော့ သိရတာပေါ့ သွားလို့မရတဲ့အခါကျတော့ အပြင်က မီဒီယာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ story လုပ်တဲ့အခါကျတော့ သူတို့ရတဲ့ဟာပဲ ပြတာပေါ့နော် တဖက်ကလည်း မြန်မာပြည်ထဲကပြောသလို အကြမ်းဖက်တိုက်ခိုက်တာက ဘင်္ဂလီအုပ်စုတွေပေါ့နော် ခံရတာက ရခိုင်တွေ အများစုခံရတယ်၊ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ထွက်ပြေးလာတာကျတော့ ရိုဟင်ဂျာတွေပဲ ထွက်ပြေးလာတဲ့အခါကျတော့ တဖက်သက်ပြောတဲ့ story လိုဖြစ်နေတာပေါ့နော်။ အထဲမှာဖြစ်နေတဲ့ ခုနက ရခိုင်တွေနဲ့ တခြားလူမျိုးစုတွေ ခံရတာကတော့ ဒီမီဒီယာတွေမသိဘူးလေ။ နောက်တခါ ထင်မြင်ချက်တွေပြောတာကလည်း ဒီ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်တို့ တခြားလူ့အခွင့်အရေးအဖွဲ့တွေက များတဲ့အခါကျတော့ ဝေဖန်တာပဲများပြီးတော့ တကယ့်အထဲမှာ ဘယ်လိုဖြစ်နေသလဲဆိုတာ မီဒီယာတွေရော အပြင်ကလူတွေရော သိပ်မသိဘူးဖြစ်နေတဲ့သဘောလို့ ကျနော်ကတော့ အဲဒီလိုမြင်တယ်။”

မောင်တောခရိုင်ဖက်မှာ အကြမ်းဖက်တိုက်ခိုက်သူတွေရဲ့ရန်ကြောင့် ထွက်ပြေးခဲ့ကြတဲ့ ဒေသခံတိုင်းရင်းသားတွေရဲ့ပမာဏနဲ့ Bangladesh ဖက်ထွက်ပြေးကြသူ အရေအတွက်ပမာဏမတူတာကြောင့်လည်း ဒီပြဿနာကို နိုင်ငံတကာက အသားပေးဖော်ပြကြတယ်လို့ သတင်းသမားကိုထက်အောင်ကျော်က မြင်ပါတယ်။

“တခြားနိုင်ငံကို ထွက်ပြေးတာကျတော့ သတင်းက အကြီးကြီးဖြစ်သွားတယ်လေ၊ အပြင်ကိုထွက်လာတာ အခု ၄ သိန်းဆိုတာက နည်းတာမှမဟုတ်တာ ဆိုတော့ အဲလိုမျိုး focus လုပ်တာကွာသွားတာပေါ့။”

ရခိုင်ဒေသအခြေအနေနဲ့ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က သံတမန်တွေကိုရှင်းလင်းပြောကြားခဲ့တဲ့ မိန့်ခွန်းထဲမှာလည်း ရခိုင်ပြည်နယ်ထဲမှာ မွတ်ဆလင်တွေ၊ ရခိုင်တိုင်းရင်းသားတွေတင်မဟုတ်ဘဲ။ ဒိုင်းနက်။ မြို။ သက်။ မရမာကြီးနဲ့ ဟိန္ဒူတွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရတာကို သိသူသိပ်မရှိကြဘူးလို့ ပြောကြားခဲ့ပါတယ်။ ပဋိပက္ခဖြစ်နေတဲ့နေရာတွေက သတင်းတွေကို သတင်းမီဒီယာတွေက အကန့်အသတ်နဲ့ပဲ သွားရောက်သတင်းယူနိုင်တာက ပြဿနာတခုဖြစ်တယ်လို့ DVB သတင်းဌာနရဲ့ အကြီးအကဲ ကိုအေးချမ်းနိုင်က ပြောကြားကြောင်း VOA သတင်းထောက် Joe Freeman ကပြောပါတယ်။ မောင်တောဒေသဖက်ကို အစိုးရအစီအစဉ်နဲ့ သတင်းထောက်တချို့သာသွားရောက်ခဲ့ပေမဲ့ လွတ်လွတ်လပ်လပ် သွားလာသတင်းယူခွင့်မရပါဘူး။ တကယ်လို့ လွတ်လပ်စွာသတင်းယူနိုင်မယ်ဆိုရင်တော့ အမြင်တွေရှင်းသွားနိုင်တယ်လို့ ကိုအေးချမ်းနိုင်က VOA ကိုပြောပါတယ်။ ပြည်ပရောက်သတင်းထောက် ကိုထက်အောင်ကျော်ကတော့ သတင်းထောက်တွေကို ပေးသွားဖို့အရေးကြီးသလို ပဋိပက္ခကို ဦးစားပေးဖြေရှင်းတဲ့နေရာမှာ လူမျိုးရေး ဘာသာရေးကို ရှေ့တန်းမတင်ဖို့လည်း အရေးကြီးတယ်လို့ ပြောပါတယ်။

“အမျိုးဘာသာ သာသနာတို့ အချုပ်အခြာအာဏာတို့ အဲဒီဘက်ကလူတွေကလည်း အခုဆိုရင် ကျနော်တွေ့နေရတယ် ဟိုတနေ့ကဆိုရင် ထားဝယ်မှာရော ပွဲတွေ ၊ သူတို့ကတော့ ခေါင်းစဉ်တပ်တာကတော့ အကြမ်းဖက်မှု ရှုတ်ချရေးတို့ခေါင်းစဉ်တပ်ပေမယ့် လူတွေက information က မြန်မာပြည်မှာက ကောင်းကောင်းမရဘူးလေ ထောင့်စေ့အောင်မရတဲ့အခါကျတော့ နိုင်ငံတကာအမြင်အားနည်းတဲ့လူတွေကို အဲဒီလိုမြောက်ပေးတဲ့လူတွေလည်းရှိတယ်ခင်ဗျ။ အဲဒီဟာက ကျနော်တို့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို မစဉ်းစားပဲနဲ့ ခုန ဒီအထဲမှာ လူမျိုးရေးတို့ ဘာသာရေးတို့ အဲဒါတွေ ရှေ့တန်းတင်တာတွေကလည်း ဒီနားလည်မှုလွဲမှားခြင်းရဲ့ ပြဿနာ တခုဖြစ်တယ်လို့ မြင်တယ်။ ပထမတခုက နိုင်ငံတကာမီဒီယာတွေ ပြည်တွင်းမီဒီယာတွေကို အဲဒီမှာ သွားခွင့်ပေးဖို့လိုတယ်၊ ဒုတိယတခုက ဒီပြဿနာကို ပဋိပက္ခကို ဖြေရှင်းတာကို ဦးစားပေးပြီးတော့ ဘာသာရေးတို့ လူမျိုးရေးတို့ကို ရှေ့ကိုမတင်ဖို့ လိုတယ်လို့ ကျနော်မြင်ပါတယ်ခင်ဗျ။”

နိုင်ငံတကာ NGO အဖွဲ့အစည်းတွေဟာ ဒေသခံရခိုင်တိုင်းရင်းသားတွေထက် မွတ်ဆလင်တွေအပေါ် ပိုပြီးအလေးပေးတယ်ဆိုတဲ့ ဟိုးအရင်ထဲကရှိနေတဲ့ စွပ်စွဲချက်တွေကြောင့်လည်း နိုင်ငံတကာသတင်းမီဒီယာတွေဟာ ဘက်လိုက်နေတယ်ဆိုတဲ့ အမြင်တွေ ပိုပြီးထွက်ပေါ်နေတာဖြစ်တယ်လို့ သတင်းထောက် Joe Freeman ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG