သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောခရိုင် လုံခြုံရေးတိုးမြင့်ဆောင်ရွက်


မောင်တောခရိုင်မှာ အစွန်းရောက်အကြမ်းဖက်များက အကြမ်းဖက် မူတွေပိုမို လုပ်ဆောင်လာတဲ့ အတွက် ဥပဒေနဲ့အညီ ဒီထက်ပိုပြီး ထိထိရောက်ရောက်နှိမ်နင်းသွားမယ်လို့ ပြည်တဲရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။ အပြစ်မဲ့အရပ်သားတွေကိုကာကွယ်နိုင်ဖို့ လုံခြုံရေးပိုင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြင့်မယ် လို့လည်း ပြောဆိုလိုက် ပါတယ်။ လက်ရှိ အစိုးရရဲ့ ရခိုင်အရေးဆောင်ရွက်နေမှုဟာ အားနည်းနေတယ်လို့ ဒီကနေ့ုပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်အချို့ပြောဆိုချက်တွေကို တန်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းဌာန ကမေခကပေးပို့ လိုက်တာပါ။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ရသေ့တောင်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ရခိုင်ပြည်နယ် မြောက်ပိုင်း ဒေသကို ပိုမိုကောင်းမွန် တဲ့ အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ် ကာ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက် ဖို့အဆိုတင်သွင်း တဲ့အတွက် ပြည်တဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

“မောင်တောခရိုင်မှာ အစိုးရက တည်ဆဲဥပဒေစည်းမျဉ်းစည်းကမ်းနဲ့ လုပ်ဆောင်နေတာကို အခွင့်ကောင်းယူပြီး အစွန်းရောက်အကြမ်းဖက်များက အကြမ်းဖက် အလုပ်များကိုပိုမို လုပ်ဆောင်လာတဲ့အတွက် ဥပဒေနဲ့အညီ ထိထိရောက်ရောက်နှိမ်နင်း သွားမှာဖြစ်ပါတယ်။ အပြစ်မဲ့အရပ်သားတွေကိုကာကွယ်နိုင်ဖို့ လုံခြုံရေးတိုးမြင့်ဆောင်ရွက်သွားပါမယ်ဖြစ်ကြောင်းနှင့် အစွန်းရောက်အကြမ်းဖက်သမားတွေနဲ့ အားပေးကူညီသူတွေကို အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒေသတွင်းတိုးမြင့်လာတဲ့ အကြမ်းဖက်လုပ်ငန်းများချုပ်ငြိမ်းစေရေး၊ လုံခြုံစေရေး အတွက် တပ်မတော်တပ်ရင်းတပ်ဖွဲ့များနဲ့ ပူးပေါင်းပြီး နယ်မြေရှင်းလျက်ရှိပါကြောင်း သတင်း ထုတ်ပြန်ပေးပြီး အကောင်အထည်ဖော်ဆောင်ရွက် ပေးလျက်ရှိပါတယ်။”

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက အခုလိုပြောဆို လိုက်တာပါ။လုံခြုံရေးတိုးမြင့်လုပ်ဆောင်နေဆဲကာလမှာဘဲ အကြမ်းဖက်လုပ်ငန်းတွေ တိုးလာနေတာတွေ့ရတယ် လို့ လည်း ဝန်ကြီးကပြောပါတယ်။ နယ်မြေလုံခြုံရေး လုပ်ဆောင်နေတာနဲ့ပတ်သတ်လို့ သူက

“နတ်မြစ်ကြောင်းလုံခြုံရေးအတွက် ပင်လယ်ပြင်လှည့်ကင်းနဲ့လုံခြုံရေးတို့ကို ဆောင်ရွက် ပေး လျက်ရှိပါတယ်။ ဒေသတွင်းမှာရှိတဲ့ တိုင်းရင်းသားကျေးရွာတွေနဲ့ အစွန်အဖျားကျေးရွာများမှာ အကြမ်းဖက်တိုက်ထုတ်မှုမခံရစေရေးအတွက် ရွာနီးပတ်ဝန်းကျင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြန့် ခွဲထားပြီး ချေးမှုန်းရေးလက်နက်၊ ပစ်ကူလက်နက်၊ အဓိကရုန်းလက်နက် များမျှတစွာခွဲဝေထားတဲ့ အပြင် စခန်းတခုနဲ့တခု စစ်ကူပေးနိုင်ဖို့ စီမံဆောင်ရွက်ထားပြီး အကြမ်းဖက်သမားများ၏ သတင်းရရှိမှု ပေါ်မူတည်၍ နယ်မြေရှင်းလင်းဆောင်ရွက်ရာမှာ နီးစပ်ရာတိုင်းရင်းသားကျေးရွာ များသို့ ခိုအောင်းမှု မရှိစေရေး ကြိုတင်စီမံဆောင်ရွက်ထားရှိပါတယ်။ အကြမ်းဖက်အဖွဲ့များနဲ့ မသင်္ကာအဖွဲ့တွေကို ကြိုတင်လက်ဦးမှုရယူကာ အသင့်ပစ်ခတ်ရှင်းလင်းရေးနဲ့ တိုင်းရင်းသား ကျေးရွာတွေ အကြမ်း ဖက်မခံရစေရေးအတွက် လုံခြုံရေးရဲကင်းများချထား လေ့ရှိသော်လည်း အချို့ရဲကင်းမရှိကျေးရွာများမှာ လုံခြုံရေးအဖွဲ့ဝင်တွေ အလှည့်ကျ စနစ်ဖြင့်လှည့်ကင်းဝပ်ကင်း ဆောင်ရွက်နေပါတယ်။ ”

ရခိုင်အရေးနဲ့ပတ်သတ်လို့ ရခိုင်လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်က လွှတ်တော်အသီးသီးရဲ့ အစည်းဝေးတွေမှာ အဆိုတင်တာတွေ၊ မေးခွန်း မေးတာတွေ မကြာခဏလုပ်ဆောင်လာတာ တွေရှိပါတယ်။ လက်ရှိ အစိုးရရဲ့ ရခိုင်အရေးဆောင်ရွက်နေမှုဟာ အားနည်းနေတာတွေရှိတယ်လို့ ထောက်ပြကြ သူတွေလည်းရှိပါတယ်။

ရခိုင်လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကတော့ လက်ရှိ ရခိုင်အရေးအစိုးရ ကိုင်တွယ် နေတာမှာ အကြမ်းဖက်သမားတွေ ကို ပြတ်ပြတ်သားသား တုံပြန်ဖို့ ၊ အိမ်နီးချင်းနိုင်ငံတွေနဲ့ ဆက်သွယ် လုပ်ဆောင်နေတဲ့ အပိုင်းတွေမှာ ပြတ်ပြတ်သားသားကိုင်တွယ် လုပ်ဆောင်ဖို့ တောင်းဆို လိုက်ပါတယ်။

“အကြံပေးလိုတာက အကြမ်းဖက်ဝါဒီတွေကို စစ်ရေးအရ ပြတ်ပြတ်သားသား တိုက်ဖို့လိုအပ်ပါတယ်။ စစ်ရေးဆိုတာ တပ်မတော်ရဲ့အလုပ်တာဝန်ဖြစ်တဲ့အတွက်ကြောင့် ကိုယ့်တာဝန်ကို လုပ်လိမ့်မယ်လို့ ယုံကြည့်ပါတယ်။ တာဝန်ရှိ ခေါင်းဆောင်များဌာနဆိုင်ရာများအနေနဲ့ သံခင်းတမန်ခင်း ပြတ်ပြတ်သားသား တုံ့ပြန်ဖို့လိုပါတယ်။ လွှတ်တော်ကိုယ်ပွားတခုအနေနဲ့ နိုင်ငံတကာဆက်ဆံရေးကော်မတီဟာ လွှတ်တော်ထဲကအခြေ အနေတွေကိုခြုံငုံသုံးသပ်ပြီးတော့ ရှေ့တန်းကိုထွက်တာဝန်ယူသင့်ပါတယ်။ ပြန်ကြားရေးဝန်ကြီး ဌာနအနေနဲ့ဒီအပေါ်မှာတိကျတဲ့ နိုင်ငံရေးမူဝါဒကို ကိုင်ဆွဲပြီး မီဒီယာပါဝါမြင့်တင်ဖို့ ကျနော်အကြံ ပေးလိုပါတယ်။ ကျနော်တို့ ပြည်သူတွေရဲ့ အစစ်အမှန်ဆန္ဒဖြစ်တဲ့ ပြည်တွင်းစစ်မှသည်၊ ပြည်တွင်းငြိမ်းချမ်းရေးဆီသို့ လမ်းကြောင်းကို ပင်လုံညီလာခံများမှ တဆင့် အမြန်ဆုံးအကောင်အထည်ဖော်ရင်း အချုပ်အခြာအာဏာနဲ့ အမျိုးသားလုံခြုံရေးကို စိန်ခေါ်နေတဲ့ တိုင်းရင်းသားမဟုတ်တဲ့ နိုင်ငံတကာနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလီအကြမ်းဖက် ဝါဒအန္တရာယ်ကို အားလုံးညီညီညွှတ်ညွှတ်ရင်ဆိုင်ခြေမှုန်းဖို့ လိုနေပြီဆိုတာကို ကျနော်အသိပေးပြောကြားလိုပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်အချို့ကတော့ လုံခြုံရေးလုပ်ငန်းထိရောက်ဖို့ အမျိုးသား ကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ လို့ခေါ်တဲ့ ကာလုံ စည်းဝေးခေါ်သင့်တယ်လို့ တင်ပြမှုတွေ ရှိခဲ့ပါတယ်။

တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၁၃(က)တွင် နိုင်ငံတော်သမ္မတဟာ “နိုင်ငံတော် ကျူးကျော်တိုက်ခိုက်ခြင်း ခံရင် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဖွဲ့စည်းထားတဲ့အမျိုးသား ကာကွယ် ရေးနဲ့လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက် ပိုင်ခွင့် ရှိတယ်” လို့ပြဌာန်းထားပါတယ်။

ဒါပေမယ့် ကာလုံအစည်းဝေးခေါ်ဖို့ဟာ လွှတ်တော်ကဆုံးဖြတ်လုပ်ကိုင်ရမယ့် ကိစ္စမဟုတ်တဲ့ အတွက် လွှတ်တော်ဥက္ကဌက အခုလိုပယ်ချကြောင်း ပြောဆိုခဲ့ပါတယ်။

“ဒါက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီခေါ်တာ သမ္မတရဲ့လုပ်ပိုင်ခွင့် လွှတ်တော်လုပ်ပိုင်ခွင့်မဟုတ်ဘူး၊ အဆိုကိုဆွေးနွေးထောက်ခံတာ ၊ လက်ခံတယ်၊ ဆွေးနွေး ဒါပေမယ့် ဒါကိုခေါ်ဖို့ တိုက်တွန်းတယ်ဆိုတာက ကျနော်တို့ လွှတ်တော်က ဒီလို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဌာန်းမထားဘူး သမ္မတကိစ္စ ဒါကြောင့် ဒီဟာကိုတော့ ပြန်ရုပ်သိမ်းပေးပါ။”

ဒါ့အပြင် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေတင်လာတဲ့ အဆိုကိုလည်း မှတ်တမ်းအနေနဲ့ ထားဖို့သာ လွှတ် တော်က ဆုံးဖြတ်လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG