သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း စစ်တပ် အင်အားဖြည့်ဆည်းမှုအပေါ် ရခိုင်အမျိုးသားပါတီ ရာနှုံးပြည့်ကျေနပ်


ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင်တွေ နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး။
ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင်တွေ နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေး။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်က လုံခြုံရေးတွေ တိုးမြှင့်ချထားလိုက်တဲ့အပေါ် အပြည့်အဝကျေနပ်မှုရှိပြီး ကြိုဆိုတယ်လို့ ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌက ပြောကြား လိုက်ပါတယ်။ အခုလို တပ်တွေထပ်တိုးပြိးချထားလိုက်တာဟာ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးစိုးရိမ်ကြောင့်ကြမှုကြောင့်ဖြစ်တယ်လို့ ပြည်နယ်အစိုးရ တာဝန်ရှိသူတဦးကလည်း ပြောပါတယ်။ ဒါ့အပြင် ရသေ့တောင်မြို့နယ်အတွင်း တချို့နေရာတွေမှာ ညမထွက်ရ အမိန့်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရခိုင်အမျိုးသားပါတီ (ANP) ခေါင်းဆောင်တွေ နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးအင်အားတွေ ထပ်မံတိုးမြှင့်ချထားခဲ့တာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကို မေးမြန်းကြည့်တဲ့အခါ သူက အခုလို ပြောပါတယ်။

" ကျနော်တို့တင်ပြတဲ့အခါမှာ ချက်ခြင်းအရေးယူဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က သိပါတယ် ကြိုတင်စီစဉ် ထားတာလည်းဖြစ်ကောင်းဖြစ်မယ်။ ကျနော်တို့နဲ့တွေ့ဆုံဆွေးနွေးတဲ့အခါမှာ ကျနော်တို့နဲ့ထပ်တူ ပြဖို့အတွက်လည်း ရခိုင်လူထုကိုပြဖို့အတွက်လည်းပဲ ရခိုင်တွေရဲ့ နယ်စပ်မှာ ရှေ့တန်းမှာ အသက်စွန့်ပြီးတော့မှ ကာကွယ်နေကြတာကို ထပ်ပြီးတော့ ကာကွယ်နိုင်အောင် အင်အားတရပ်နဲ့ ကူညီပံ့ပိုးရမယ့်တာဝန်သည် တပ်မတော်မှာ ပြဖို့ အနေနဲ့လည်းပဲ အခုလိုတပ်တွေကို ရွှေ့ပြောင်းတာလည်း ဖြစ်နိုင်ပါတယ်။ နဂိုကတည်းက စီစဉ်ထားတာလည်းပဲ ဖြစ်နိုင်ပါတယ်။

ရန်နိုင်။ ။ ဆရာတို့ ဒီဆွေးနွေးပွဲမှာ တင်ပြခဲ့တဲ့ဥစ္စာက တပ်မတော်ရဲ့တုန့်ပြန်မှုကိုရော ဆရာတို့ဘက်က ဘယ်လောက်အထိ ကျေနပ်အားရမှုရှိလဲ။

ဒေါက်တာအေးမောင်။ ။ ၁၀၀% ကျေနပ်တယ်ခင်ဗျ။

ရန်နိုင်။ ။ တွေ့ဆုံတဲ့အချိန်မှာ လုံခြုံရေးကို တိုးမြှင့်ချထားဖို့ဆိုတဲ့ ကိစ္စကိုလည်း တောင်းဆိုခဲ့မှာပေါ့။

ဒေါက်တာအေးမောင်။ ။ မှန်တယ်ခင်ဗျ။ သူတို့ကဏ္ဍလေးငါးခု ဒီလေးငါးခုနဲ့ပတ်သက်ပြီး ကျနော်တို့ရဲ့အမြင်ကိုလည်း တင်ပြပါတယ်။ အဲ့တော့ ကျနော်တို့က အဓိကက ဘာကို စိုးရိမ်သလဲဆိုရင် ကျနော်တို့ ဌာနေတိုင်းရင်းသားတွေ နယ်စပ်မှာ ၂%လောက်ပဲ ရှိတော့တယ်ခင်ဗျ နဂိုကတော့ အများကြီးပေါ့ဗျာ။ အဲ့သလို စွန့်ခွာသွားကြတယ်ဆိုရင် ကျနော်တို့ မခုခံ မကာကွယ်လိုက်ရပဲနဲ့ ကျနော်တို့ရဲ့ အချုပ်အခြာ အာဏာ ကျနော်တို့နိုင်ငံရဲ့ နယ်မြေတစိတ်တပိုင်းကို ပေးလိုက်ရတော့မယ် အဲ့ဒီ့သဘော ထပ်တူကျပါတယ် အဲ့တာကြောင့် နေရပ်ကို မစွန့်ခွာရအောင် လုံခြုံမှုအစီအမံ ပေးဖို့လိုတယ်။ စိတ်ပိုင်းရုပ်ပိုင်း လုပ်ငန်းခွင် အဲ့တာတွေကို ကျနော်တို့ အပြန်အလှန်ဆွေးနွေးကြပါတယ်။

ရန်နိုင်။ ။ ဟိုတနေ့က ပြောတဲ့အထဲမှာ ပြည်သူ့စစ်ဖွဲ့ဖို့ဆိုတဲ့ကိစ္စ ပါပါတယ်။ အဲ့ဒီ့ကိစ္စကိုရော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့တဲ့အချိန်မှာ တင်ပြခဲ့ပါသလား။

ဒေါက်တာအေးမောင်။ ။ တင်ပြပါတယ်ခင်ဗျ။

ရန်နိုင်။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က တုန့်ပြန်မှု သူ့သဘောထား ဘယ်လိုရှိပါသလဲ။

ဒေါက်တာအေးမောင်။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဘက်က သဘောထားပြန်ပြောဖို့တော့ ခက်ပါတယ် သို့သော်လည်းပဲ လုံခြုံမှုရှိအောင် သင့်တော်သလို စီမံရမယ့်တာဝန်ကတော့ တပ်မတော်အကြီးအကဲအားလုံးမှာ ရှိပါတယ်။ သို့သော် လူထုယုံကြည်မှုရလောက်တဲ့ လုံခြုံမှု စည်းတခုရအောင်တော့ သူတို့ဆောင်ရွက်ပေးမယ်လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။

ရန်နိုင်။ ။ နောက်တခုက စစ်တပ်ဘက်က တပ်ဖွဲ့ဝင်တွေ ချထားလိုက်တဲ့အတွက် နိုင်ငံတကာဘက်က စိုးရိမ်မှုတွေရှိလာနေပါတယ် အဲ့ဒီ့အပေါ်မှာရော ဆရာအနေနဲ့ ဘာများပြောလိုပါသလဲ။

ဒေါက်တာအေးမောင်။ ။ ဒါ ကိုယ့်ပြည်တွင်းရေးပဲလေ ကိုယ့်မြေရဲ့ အချုပ်အခြာ အာဏာမှာ ကိုယ့်တိုင်းရင်းသားတွေကို လည်ပင်းဖြတ်တယ် အကြမ်းဖက်တယ်ဗျာ ခုနကလို တာလီဘန်ပုံစံ ISRS လိုပုံစံ မေယုရိုးမမှာ ခြေကုပ်ယူပြီးကာမှ ရွာတွေမှာ ပျောက်ကြားပုံစံမျိုးနဲ့ ကိုယ့်တိုင်းရင်းသားတွေ ဌာနတိုင်းရင်းသားတွေကို ရာပေါင်းများစွာအထိ အသတ်မခံရအောင်ဖြင့် အစိုးရနဲ့ လုံခြုံရေးအဖွဲ့အစည်းများ အားလုံးမှာ တာဝန်ရှိတယ်။ အဲ့တော့ အစိုးရရဲ့ လုပ်ငန်းတာဝန်တွေ လုပ်ငန်းဆောင်ရွက်ချက်တွေကို အားမရတဲ့အခါမှာ လုံခြုံမှုအဖွဲ့အစည်း အကြီးအကဲဖြစ်တဲ့ အဖွဲ့အစည်း ဖွဲ့စည်းပုံအခြေခံဥပဒေအရလည်း သီးသန့်တာဝန်ရှိတဲ့ ပုဂ္ဂိုလ် ကိုချဉ်းကပ်ရတာပေါ့ဗျာ နိုင်ငံတကာရဲ့ Concern ကို သဘောပေါက်တယ် သို့သော် ကျနော်တို့ လက်မခံဘူး။ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို လုပ်ပိုင်ခွင့်ရှိတယ်။ ဌာနတိုင်းရင်းသားများရဲ့ လုံခြုံမှုအတွက် ကာကွယ်ပိုင်ခွင့် ကျနော်တို့ အစိုးရမှာ ရှိတယ် တပ်မတော်မှာရှိတယ်။ တိုင်းရင်းသားတွေဖြစ်တဲ့ အဲ့ဒီ့မှာရှိတဲ့ ရခိုင်တမျိုးသားလုံးမှာ ရှိတယ်။ မည်သည့်နိုင်ငံတကာစွက်ဖက်မှုကိုမှ ကျနော်တို့က သဘောပေါက်တယ် သို့သော် ကျနော်တို့ လက်မခံဘူး။

ရန်နိုင်။ ။ တပ်တွေချထားတဲ့ကိစ္စက အစိုးရက ဆုံးဖြတ်တာမဟုတ်ပဲ တပ်က တိုက်ရိုက်ဆုံးဖြတ်တာလို့ ပြောလို့ရမလား။

ဒေါက်တာအေးမောင်။ ။ အဲ့တာတော့ ကျနော်တို့မပြောတတ်ဘူး ပွင့်ပွင့်လင်းလင်းပြောတာ။ အစိုးရကို အားမရဘူး ပြည်နယ်ကအားမရဘူး ပြည်ထောင်စုကို အားမရဘူး။ လွှတ်တော်ကို အားမခရဘူး ကျနော်တို့ တင်တာအားလုံးကို ပိတ်ပင်နေတယ်။ အဲ့တော့ ကျနော်တို့ အစိုးရကို ရွှေနားတော်ပေါက်အောင် လွှတ်တော်က တင်လို့မရတဲ့အခါမှာ ကျနော်တို့က ကိုယ့်လူထုအတွက် အတတ်နိုင်ဆုံးကြိုးစားပေးရတာပေါ့ဗျာ ဒါကို သဘောပေါက်စေချင်တယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို မြန်မာ့တပ်မတော်က တပ်ဖွဲ့တွေ စေလွှတ်ချထားတဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအတွင်းရေးမှူး ဦးတင်မောင်ဆွေက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

"စစ်ဆင်ရေးရယ်မဟုတ်ဘူး ကျနော်တို့တိုင်းပြည်မှာ လိုအပ်ချက်အရ ကျနော်တို့ တိုင်းသူပြည်သားတွေဟာ လုံခြုံရေးစိုးရိမ်ကြောင့်ကြနေတာဖြစ်တဲ့အတွက် သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်ကြောင့်ကြမှုတွေလည်း မဖြစ်အောင် နယ်မြေလုံခြုံရေးလည်း ဆောင်ရွက်လို့ရအောင်ပေါ့လေ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ လိုအပ်တာတွေကို စီမံဆောင်ရွက်တာပါ။"

မြန်မာတပ်မတော်က မနေ့ သြဂုတ်လ ၁၀ ရက်နေ့မှာ တပ်ဖွဲ့တွေ နောက်ထပ်လွှတ်ပြီး၊ မောင်တောမြို့နယ်တွင်းမှာ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့်ကို နောက်ထပ် ၂ လ ထပ်တိုးလိုက်တဲ့ တချိန်တည်းမှာပဲ၊ ရသေ့တောင်မြို့နယ်တွင်းက တချို့နေရာတွေမှာလည်း ညမထွက်ရ အမိန့်ထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

"ရသေ့တောင်မြို့နယ်က နယ်မြေတချို့ပေါ့။ ညမထွက်ရအမိန့် ညကိုးနာရီကနေ မနက်ငါးနာရီအထိ ထုတ်ပြန်မှာဖြစ်ပါတယ်။ ရသေ့တောင်ထဲက တချို့ပေါ့ မေယုတောင်ခြေတဝိုက်ပေါ့။ "

လုံခြုံရေးအခြေအနေ အရ တပ်ဖွဲ့ဝင်အင်အားဘယ်လောက်ဆိုတာကိုတော့ မပြောနိုင်ပေမယ့်၊ အခုနောက်ဆုံးသိရသလောက်တော့ အဲဒီတပ်တွေဟာ အခုအခါမှာ စစ်တွေကနေထွက်ပြီး ဘူးသီးတောင်၊ မောင်တော နဲ့ မယုတောင်တန်းဒေသဘက်ကို သွားနေပြီဖြစ်တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG