သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာလဝမ်းရောဂါ ကာကွယ်ဆေး အစီအစဉ် ရိုဟင်ဂျာဒုက္ခသည်တွေ အတွက်စတင်


ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရောက်ရှိနေတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေနဲ့ အရင်ရောက်ရှိ လက်ခံထားပြီးသား ဒုက္ခသည်တွေ အတွက်ပါ ကျယ်ကျယ်ပြန့်ပြန့် ကာလဝမ်းရောဂါ ကာကွယ်ဆေး တိုက်ကျွေးတဲ့ အစီအစဉ်ကို စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO နဲ့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့တို့က ကူညီထောက်ပံ့ပေးတာ ဖြစ်ပါတယ်။ VOA သတင်းထောက် Lisa Schlein ဂျနီဗာမြို့က ပေးပို့ထားတဲ့ သတင်းလွှာကို ဦးစံမိုးေ၀ က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ရိုဟင်ဂျာ ဒုက္ခသည် သန်းတဝက်ကျော် ဖြစ်သလို တဲထိုးပြီး နေထိုင်နေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဆက်စ်ဘဇားက ဒုက္ခသည်စခန်းတွေမှာ ဝမ်းပျက်ဝမ်းလျှော ရောဂါ ဖြစ်ပွားမှုပေါင်း တသောင်းနဲ့ သုံးရာနီးပါးရှိခဲ့ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့ အခုချိန်အထိတော့ ကာလဝမ်းရောဂါ ဖြစ်ပွားတဲ့ အနေအထား မတွေ့ရသေးပါဘူး။

အင်္ဂါနေ့မှာ စတင်လိုက်တဲ့ အသက်ကယ် ကာလဝမ်းရောဂါ ကာကွယ်ဆေး တိုက်ကျွေးမှု အစီအစဉ်က ခံနိုင်ရည် စွမ်းအား နည်းပါးနေတဲ့ ဒုက္ခသည်တွေကို အကာအကွယ် ပေးနိုင်ဖို့ ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။ လူတွေ အင်မတန်ထူပြောပြီး ပတ်ဝန်းကျင် မသန့့်ရှင်းတဲ့ နေရာတွေမှာ ကာလဝမ်းရောဂါ ဖြစ်ပွားနိုင်ပြီး ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် အလွန်အန္တရာယ် ရှိနိုင်ပါတယ်။

ဒီကာကွယ်ဆေးတိုက်ကျွေးတဲ့ အစီအစဉ်ဟာ ၂၀၁၆ ခုနှစ်က ဟေတီနိုင်ငံမှာ မက်သယူး ဟာရီကိန်းလေမုန်တိုင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့အပြီး ပြုလုပ်ခဲ့တဲ့ အစီအစဉ်ပြီးရင် ကမ္ဘာမှာ ဒုတိယ အကြီးမား အကျယ်ပြန့်ဆုံး အစီအစဉ် ဖြစ်ပါတယ်လို့ WHO အဖွဲ့ကြီးရဲ့ ပြောခွင့်ရသူ Christian Lindmeier က VOA ကို ပြောပါတယ်။

ပထမအကြိမ် ဆေးတိုက်ကျွေးဖို့ ရည်ရွယ်ထားတဲ့ လူဦးရေ အရေတွက်ကတော့ ၆ သိန်းခွဲဖြစ်ပြီး၊ အသစ်ရောက်ရှိလာတဲ့ ဒုက္ခသည် တွေနဲ့ အသက် တနှစ်နဲ့အထက် ဒေသခံပြည်သူတွေ ဖြစ်တယ်လို့ သူကပြောပါတယ်။

“ဒီလိုလုပ်တဲ့နေရာမှာ ခင်ဗျား ပြောသလိုပါပဲ ကျန်းမာရေးနဲ့ ဆေးဝန်ထမ်းတွေပါတဲ့ ကြီးမားတဲ့ အဖွဲ့ကြီးဟာ တက်က်နပ်ဖ် နဲ့ အုခ်ဟီးယား စတဲ့ အရပ်မှာရှိတဲ့ ဒုက္ခသည်စခန်းတွေ၊ နောက်ပြီး ဖြစ်သလိုဆောက်ပြီး နေထိုင်နေကြတဲ့ နေရာတွေ အနှံ့အပြားကို သွားရောက် တိုက်ကျွေးနေကြတာပါ။ ဆေးတိုက်ကျွေးတဲ့ ရွေ့လျားအဖွဲ့ပေါင်း ၂၀၀ ကျော်နဲ့ အကောင်အထည် ဖေါ်နေတာဖြစ်ပြီး ဒါဟာ အလွန်ကြီးမားတဲ့ ကျိုးပမ်းအားထုတ်မှု တခု ဖြစ်ပါတယ်။”

ဒုတိယအကြိမ် ဆေးတိုက်ကျွေးတဲ့ အစီအစဉ်ကတော့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ စတင်မှာ ဖြစ်တယ်လို့ လင် ဒမိုင်ယာ ကပြောပါတယ်။ အဲဒီတကြိမ်မှာတော့ အသက် တနှစ်ကနေ ၅ နှစ်အရွယ် ကလေးပေါင်း ၂ သိန်းခွဲကို တိုက်ကျွေးမှာ ဖြစ်ပြီး ကာကွယ်မှု ထပ်မံပေးဖို့ ဖြစ်တယ်လို့ သူကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG