သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်တွေ ဝမ်းရောဂါဖြစ်ပွါးမှုကာကွယ်ဖို့ ကုလကြိုးပမ်း


ဘင်္ဂလားဒေ့ချ်နယ်စပ် Cox's Bazar နားက ဒုက္ခသည်စခန်း
ဘင်္ဂလားဒေ့ချ်နယ်စပ် Cox's Bazar နားက ဒုက္ခသည်စခန်း

ဘင်္ဂလားဒေ့ချ်နိုင်ငံကို ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာမူဆလင် ဒုက္ခသည်တွေအတွင်း ဝမ်းရောဂါ ကူးစက်ပျံ့ပွါးမယ့် အရေးကို ကာကွယ်ထိမ်းချုပ်ဖို့ အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေက အရှိန်မြှင့်ပြီး ဆောင်ရွက်နေကြပါတယ်။ ဘင်္ဂလားဒေ့ချ် နယ်စပ်က Cox’s Bazar ဒေသမှာ မြန်မာပြည်ကလာတဲ့ မူဆလင်ဒုက္ခသည် ၅သိန်းကျော်ရောက်နေ ကြပြီး အများစုက သန့်ရှင်းမှု မရှိတဲ့နေရာတွေမှာ ပြည့်သိပ်ကျပ်ညပ်ပြီး နေနေကြရတာပါ။ သူတို့ထဲမှာ ကူးစက်ရောဂါ တခုခုဖြစ် လာရင် စိုးရိမ်စရာကောင်းတဲ့ နောက်ဆက်တွဲ ပြဿနာတွေ ရှိလာနိုင်တဲ့ အကြောင်း ဗီအိုအေသတင်းထောက် Lisa Schlein ဂျီနီဗာကနေ သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က ပြောပြပါလိမ့်မယ်။

သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေအတွင်း ကူးစက်လွယ်ပြီး ထိမ်းချုပ်ရခက်တဲ့ ဝမ်းရောဂါဖြစ်ပွါး ပျံ့နှံ့မယ့်အရေးကို စိုးရိမ်ရလို့ ကြိုတင်ကာကွယ်တဲ့ ကိစ္စတွေကို UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ၊ ဘင်္ဂလားဒေ့ချ်လူထု ကျန်းမာရေးအဖွဲ့တွေနဲ့ တခြားအဖွဲ့ အစည်းတွေ ပူးပေါင်းပြီး လုပ်ဆောင်နေကြပါတယ်။ ဒီအဖွဲ့တွေက Kutupalong ဒုက္ခသည် စခန်းမှာ ကုတင်၂ ဆယ်ဆန့် ကုသရေး စခန်းတခုကို ဖွင့်လှစ် ထားပြီး ဒီသတင်းပါတ်ထဲမှာပဲ ဝမ်းရောဂါကုသရေး စခန်းတွေကို တခြားနေရာ ၃ ခုမှာ ဖွင့်သွားဖို့စီစဉ်ထားတယ်လို့လည်းဆိုပါတယ်။

အဲဒီကုသရေးစခန်းတွေမှာ လူနာ၈ဆယ်ဆန့်ပါလိမ့်မယ်။ အသစ် ထပ်ရောက်လာတဲ့ ဒုက္ခသည်တွေထဲမှာ ရေကြောင့်ဖြစ်တဲ့ ဝမ်းရောဂါဖြစ်ပွါးမှုတွေ ဘယ်လောက် ရှိနေသလဲ ဆိုတာ အခိုင်အမာပြောလို့မရသေးဘူးလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ် Andrej Mahecic ကပြောပါတယ်။

" သေဆုံးမှုတွေနဲ့ နေမကောင်းဖြစ်တာတွေ ရှိမလာအောင် ကာကွယ်မှုတွေ ကျနော်တို့ လုပ်နေပါတယ်။ ရေဓါတ်အကြီး အကျယ် လျှော့နည်း ပြီးဖြစ်တဲ့ ဝမ်းလျှောမှုတွေ အပါအဝင် ဝမ်းရောဂါဖြစ်ပွါးမယ့် အလားအလာတွေကို ကျနော်တို့ တွေ့ထားပါတယ်။ လောလောဆယ်တော့ UNHCRနဲ့တခြားအဖွဲ့အစည်းတွေနဲ့အတူ ဒေသခံ လူထု ကျန်းမာရေး အဖွဲ့အစည်းတွေ ပူးပေါင်းပြီး ဖွင့်ထားတဲ့ ဆေးခန်းခန်းတွေမှာ ဒီလူနာတွေကို ကုသပေးထားပါတယ်"

ကာလဝမ်းရောဂါဟာ ဘင်္ဂလားဒေ့ချ်မှာ ဖြစ်ပွါးလေ့ရှိတဲ့ ရောဂါပါ။ ဒီရောဂါဖြစ်ပွါး လာနိုင်မယ့် အလားအလားတွေ အခုမြင်နေရလို့ စိုးရိမ်နေကြပါတယ်။ ထောင်နဲ့ သောင်းနဲ့ချီပြီး စုပြုံနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အတွင်းမှာ ကာလဝမ်းရောဂါက အလွယ်တကူနဲ့ ကူးစက်ပျံ့ပွါး သွားနိုင်တယ်လို့လည်း UNHCR အဖွဲ့က ပြောပါတယ်။ ဝမ်းရောဂါဆိုင်ရာ သောက်ဆေး ၉သိန်းလောက် လာမယ့် ရက်ပိုင်းအတွင်း ဘင်္ဂလားဒေ့ချ် နိုင်ငံကို ရောက်လာလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ဗီအိုအေကို ပြောပါတယ်။

Cox’s Bazar ဒေသမှာ ကုလသမဂ္ဂရဲ့ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ရဲ့တာဝန်ခံ Mark Lowcock နဲ့ UNICEF ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့က အမှုဆောင် ညွှန်ကြားရေးမှုး Anthony Lake တို့လည်းရောက်ရှိနေပြီး အဲဒီမှာရှိတဲ့ သတင်းသမား တွေနဲ့ မနေ့က သူတို့တွေ့ဆုံ ပြောဆိုခဲ့ကြ ပါတယ်။ သူတို့ရဲ့ ပြောဆိုချက်တွေအရ ရိုဟင်ဂျာ ဒုက္ခသည်တွေအရေး လုပ်ဆောင်ဖို့ အရေးပေါ်ထောက်ပံ့ ငွေတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံးရဲ့ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က မနေ့ကလုပ်တဲ့ ကုလသမဂ္ဂ ပုံမှန်သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

" ဒုက္ခသည်တွေ နေထိုင်နေရတဲ့ အခြေအနေတွေက ခြောက်ခြားဖို့ကောင်းတဲ့ အနေအထားလို့ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။ ဒီလို ဆိုးဝါးနေတဲ့ အခြေအနေကနေ ဝမ်းရောဂါကူးစက်ပျံ့နှံ့မယ့် ဘေးအန္တရယ် ကျရောက် မလာအောင် အသေအချာ အာရုံစိုက်လုပ်ဆောင်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။ CERF ဗဟိုအရေးပေါ် တုန့်ပြန်မှု ရံပုံငွေအဖွဲ့က ဒေါ်လာ ၁၂သန်း ထပ်ပေးတယ်လို့လည်း သူက ကြေညာခဲ့ပါတယ်။ ဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းတဲ့အနေနဲ့ ဒီလထဲမှာပဲ သူတို့ အတွက် ဒုတိယနေရာတခု စီစဉ်ထားပြီး စုစုပေါင်း အကျယ်အဝန်းက ဧက ၂ထောင် ကျော် ရှိတယ်လို့ ဆိုပါတယ်"

ကုလသမဂ္ဂရဲ့လွန်ခဲ့တဲ့တရက်က စာရင်းအရ ဒုက္ခသည်စုစုပေါင်း ၅ သိန်း ၇ ထောင် ရှိနေရာက မနေ့တုန်းကတော့ ၅ သိန်း ၉ ထောင်အထိ ရှိလာခဲ့ပြီလို့လည်း အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က မနေကကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG