သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခိုလှုံသူ ရိုဟင်ဂျာများ အန္တရာယ်ရှိဟု အိန္ဒိယအစိုးရက တရားရုံးတင်ပြ


ရိုဟင်ဂျာတွေဟာ တိုင်းပြည်အတွက် လုံခြုံရေးခြိမ်းခြောက်မှုဖြစ်တယ်လို့ အိန္ဒိယအစိုးရက ၊ တရားရုံးချုပ်ကို ပြောလိုက်ပါတယ်။ အိန္ဒိယနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေကို တိုင်းပြည်ကနေ နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အပေါ်၊ ရိုဟင်ဂျာတွေက တရားရုံးချုပ်ကို ဦးတိုက်လျှောက်ထားလိုက်ပြီးတဲ့နောက် အိန္ဒိယအစိုးရက တရားရုံးချုပ်ကို အဲဒီလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

ရိုဟင်ဂျာမွတ်စလင်တွေဟာ အိန္ဒိယနိုင်ငံကို တရားမဝင်ဝင်ရောက်လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဖြစ်သလို၊ သူတို့ဟာ တချို့စစ်သွေးကြွအဖွဲ့တွေနဲ့ ချိတ်ဆက်မှုရှိတာကြောင့် လုံခြုံရေးအရခြိမ်းခြောက်မှုရှိတယ်လို့ အိန္ဒိယအစိုးရက တရားရုံးချုပ်ကို စက်တင်ဘာ ၁၈ တနင်္လာနေ့မှာ ပြောကြားလိုက်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နရင်ဒရာမိုဒီအစိုးရက ရိုဟင်ဂျာတွေကို တိုင်းပြည်ကနှင်ထုတ်ဖို့ဆုံးဖြတ်လိုက်တဲ့အပေါ် နယူးဒေလီမြို့မှာနေထိုင်တဲ့ ရိုဟင်ဂျာ ၂ ယောက်က အိန္ဒိယတရားရုံးချုပ်ကို ဦးတိုက်လျှောက်ထားခဲ့တဲ့အတွက် တရားရုံးချုပ်က ကြားနာစစ်ဆေးနေတာဖြစ်ပါတယ်။ အဲဒီရိုဟင်ဂျာတွေဟာ လွန်ခဲ့တဲ့ ၆ နှစ်က ရခိုင်ပြည်နယ်မြောက်ပိုင်းကနေ ထွက်ပြေးလာခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အိန္ဒိယအစိုးရက အဲဒီရိုဟင်ဂျာမွတ်စလင်တွေကို တရားခံလွဲပြောင်းပေးဖို့အတွက် တရားရုံးကိုလျှောက်ထားခဲ့ပြီး၊ ဒီကိစ္စဟာ လုံခြုံရေးဆိုင်ရာ ကိစ္စဖြစ်တာကြောင့်၊ တရားရုံးချုပ်အနေနဲ့ ရိုဟင်ဂျာတွေရဲ့ ပန်ကြားချက်ကို လက်မခံဖို့ တိုက်တွန်းထားတယ်လို့ ရိုဟင်ဂျာတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဝါရင့်ရှေ့နေ Prashant Bhushan က ပြောပါတယ်။

"အစိုးရဘက်က ကျမ်းကျိန်လွှာထဲမှာ အဓိကပြောတာကတော့ - ဒီကိစ္စဟာအုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်သက်သက်ဖြစ်တာကြောင့်၊ အစိုးရကပဲ ဆုံးဖြတ်ရမှာဖြစ်ပြီး၊ တရားရုံးအနေနဲ့ ဒီလို တရားမဝင်ဝင်ရောက်လာသူတွေ ဒါမှမဟုတ် တရားမဝင်ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ ကိစ္စမှာ ကြားဝင်မစွက်ဖို့ပြောထားပါတယ်။ ဒါကြောင့် တရားရုံးအနေနဲ့ ဒီကိစ္စကို ဒီ အသနားခံလွှာကို ကြားနာဖု့ိလက်ခံစဉ်းစားတာတွေ မလုပ်သင့်ဘူးလို့ ပြောထားပါတယ်။"

တရားရုံးချုပ်ကတော့ ဒီကိစ္စကို အောက်တိုဘာ ၃ ရက်နေ့မှာ ကြားနားဖို့ ရက်ချိန်းပေးထားပါတယ်။

"ဒီလူတွေကို အစွန်းရောက်တွေဖြစ်လာအောင် ကြိုးပမ်းတာတွေ၊ တချို့ အကြမ်းဖက်အဖွဲ့တွေက အစွန်းရောက်တွေဖြစ်လာအောင် ကြိုးပမ်းတာတွေရှိတယ်ဆိုပြီး အထောက်အထားတချို့ကို အစိုးရက ရထားတာရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အစိုးရဘက်က အခုချိန်ထိတော့ ဒါတွေနဲ့ ပတ်သက်ပြီး တင်ပြထားတာ မရှိသေးပါဘူး။ ဒါပေမဲ့ လာမယ့် အောက်တိုဘာ ၃ ရက်နေ့ ရုံးချိန်ကျရင် ချိတ်ပိတ်ထားတဲ့ အထောက်အထားတချို့ကို တင်ပြသွားမယ်လို့ အစိုးရဘက်က ပြောပါတယ်။"

ပြီးခဲ့တဲ့ဆယ်စုနှစ်ကတည်းက ရိုဟင်ဂျာ ၄ သောင်းလောက် အိန္ဒိယနိုင်ငံထဲမှာ နေနေကြတာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ အဆိုအရတော့ အဲဒီထဲက ၁ သောင်းခွဲလောက်ဟာ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားကြောင်း၊ ဒါပေမဲ့ အိန္ဒိယနိုင်ငံကတော့ အဲဒီလူတွေအားလုံးကို တိုင်းပြည်ကနေ နှင်ထုတ်ချင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရခိုင်ပြည်နယ်မြောက်ပိုင်းမှာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေအတွင်း ၊ ရိုဟင်ဂျာတွေသိန်းနဲ့ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက်ပြေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံဘက်ကတော့ - ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က အကြမ်းဖက်သမားတွေက ရဲနဲ့လုံခြုံရေးစခန်းတွေကို တိုက်ခိုက်ခဲ့တာကြောင့်၊ ဒေသတွင်းမှာ နယ်မြေရှင်းလင်းရေး တာဝန်အတိုင်း တရားဝင်လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ရိုဟင်ဂျာအစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုကြောင့် မြန်မာအစိုးရဘက်က လုံခြုံရေးတပ်ဖွဲ့ဝင် ၁၂ ယောက်သေဆုံးခဲ့ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ARSA ရိုဟင်ဂျာအစွန်းရောက်အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG