သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဝန်ကြီးချုပ် မြန်မာခရီးစဉ်စတင်


ဒီကနေ့ပဲ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ သမ္မတ ဦးထင်ကျော်နဲ့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။ ခရီးစဉ်အတွင်း မြန်မာနိုင်ငံက ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် အရေး အပါအဝင် ၂ နိုင်ငံကြား စီးပွားရေး ကိစ္စတွေကိုလည်း ဆွေးနွေးဖြစ်မယ်လို့ မျှော်လင့်ရပါတယ်။ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားတွေကတော့ အိန္ဒိယဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ကနေ စီးပွားရေး အဆက်အဆံတွေ တိုးတက်လာဖို့ မျှော်လင့်နေကြတာပါ။ အိန္ဒိယဝန်ကြီးချုပ်ရဲ့ ခရီးစဉ် နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

လုံခြုံရေး၊ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးနဲ့ စီးပွားရေး ကိစ္စတွေ အပါအဝင် ၂ နိုင်ငံကြား ကိစ္စရပ်တွေကို ဆွေးနွေးမယ့် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံကို ရောက်လာတဲ့ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ဟာ ခရီးရောက်မဆိုက်ဆိုသလို သမ္မတ ဦးထင်ကျော်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစီအစဉ်တော်တော်များများမှာ ပါဝင်မှာ ဖြစ်ကြောင်းလည်း အိန္ဒိယဝန်ကြီးချုပ်က Twitter လူမှုကွန်ယက်မှာ ရေးသားခဲ့တာပါ။

မြန်မာနဲ့ အိန္ဒိယနှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှု ခိုင်မာအောင် တည်ဆောက်နိုင်ဖို့နဲ့ မြန်မာနိုင်ငံတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ဝန်ကြီးချုပ် Modi ကပြောကြားထားပါတယ်။ အိန္ဒိယဝန်ကြီးချုပ်ရဲ့ မြန်မာခရီးစဉ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့ အတွေ့အကြုံကြီးတဲ့ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံကြား အကြမ်းဖက်တိုက်ခိုက်မှု တန်ပြန်တုန့်ပြန်မှုတွေအပါအဝင် လုံခြုံရေးနဲ့ကာကွယ်ရေးပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ဆောင်ရွက်ဖို့နဲ့ နှစ်နိုင်ငံကုန်သွယ်စီးပွား ရင်းနှီးမြုပ်နှံမှုတွေနဲ့ စွမ်းအင်သုံးလုပ်ငန်းတွေနဲ့ နယ်စပ်ဆက်သွယ်ရေး လမ်းကြောင်းတွေ ပိုပြီးတော့မှ တိုးတက်ကောင်းမွန်လာရေး နှစ်နိုင်ငံခေါင်းဆောင်တွေကြား ဆွေးနွေးမယ်လို့လည်း အိန္ဒိယဝန်ကြီးချုပ်ရုံးက ခရီးစဉ်မတိုင်ခင် ထုတ်ပြန်ထားပါတယ်။

အိန္ဒိယဝန်ကြီးချုပ်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဖို့ ရှိနေပြီး၊ စီးပွားရေး လုပ်ငန်းရှင်တွေ၊ အိန္ဒိယနွယ်ဖွားတွေနဲ့လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ အိန္ဒိယ-မြန်မာ စီးပွားရေးလုပ်ငန်းရှင်များအသင်း- ကုန်သည်ကြီးများအဖွဲ့ ဥက္ကဋ္ဌ လည်းဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးအဖွဲ့ချုပ်ဗဟိုရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးမောင်ရွှေ ကတော့ အိန္ဒိယ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံမှုမှာ ထောင်ချီပါဝင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူအဖွဲ့ချုပ်အနေနဲ့ပေါ့လေ ဒီဟာကို စီစဉ်ဆောင်ရွက်ပေးနေတယ်။ မြန်မာပြည်မှာရှိတဲ့ အိန္ဒိယနွယ်ဖွား မြန်မာနိုင်ငံသားတွေအားလုံး တတ်နိုင်သလောက်သူ Hindi စကားနားလည်တဲ့သူ နောက်ရန်ကုန်တိုင်းဘက်ကလူတွေ၊ နောက် ဧရာဝတီတိုင်းဘက်က လူ ၆၀၀၀ လောက်တက်မယ်လို့မှန်းပါတယ်။ ဝန်ကြီးချုပ်နဲ့က ကျနေ်ာတို့ကတွေ့ဖို့ကျတော့ အားလုံး Excited ဖြစ်နေတယ်ပေါေ့နာ် မြန်မာပြည်ကလူတွေလည်း နည်းနည်း ဘာပဲဖြစ်ဖြစ်ပေါ့လေ Indian တွေကတော့တော်တော်လေး excited ဖြစ်နေတာပေါ့လေ။”

အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအသင်းအနေနဲ့ကတော့ အိန္ဒိယဝန်ကြီးချုပ်နဲ့တွေ့ဆုံတဲ့အခါ အခုလက်ရှိ မြန်မာကုန်သည်တွေနဲ့ အိန္ဒိယကုန်သည်တွေကြား ပဲအမျိုးမျိုး တင်သွင်းနေတဲ့ ကုန်သွယ်စီးပွားကိစ္စနဲ့ပတ်သက်လို့ အထူးဦးစားပေးဆွေးနွေးဖို့ရှိပြီး အိန္ဒိယ-မြန်မာ စီးပွားရေးလုပ်ကုင်ဆောင်ရွက်မှုတွေမှာ တွေ့ကြုံနေရတဲ့အခက်အခဲတွေ သွင်းကုန်ထုတ်ကုန်လုပ်ငန်းဆိုင်ရာ ကိစ္စတွေကို အလေးထားဆွေးနွေးမယ်လို့ အိန္ဒိယ-မြန်မာ ကုန်သည်ကြီးများအဖွဲ့ဥက္ကဋ္ဌ ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“မနက်ဖြစ်ညနေ ၇ နာရီလောက်မှာ အဲဒီလူထုပွဲမတိုင်ခင် လူထုပွဲမစခင် ၁၅ မိနစ်၊ ၁၀ မိနစ်လောက် ကုန်သည်တွေနဲ့ တွေ့မယ် ကျနော်တို့ အဖွဲ့ကလူတွေနဲ့ တွေ့မယ်။ အဖွဲ့အစည်းတိုင်းမှာသူက ၅ ယောက် ၄ ယောက် EC member တွေပဲ သူတို့ သီးသန့်တွေ့ဖို့အချိန်လုပ်ထားပေးတယ်။ စီးပွားရေးအတွက် ပဲကိစ္စတွေနည်းနည်းပါးပါးပြောစရာတွေရှိမယ်နောက်ပြီး ကျနော်တို့မြန်မာနိုင်ငံမှာရှိတဲ့ အိန္ဒိယနွယ်ဖွားတွေအတွက် စီးပွားရေးလုပ်ငန်းလုပ်တဲ့အချိန်မှာ အခက်အခဲရှိတာတို့ မှတ်ပုံတင်ကိစ္စတို့ ဒါတွေပဲ ပြောစရာရှိတယ်။ ကျနော်တို့အနေနဲ့ကတော့ စီးပွားရေးတိုးတက်မှပဲ ၂ နိုင်ငံ ဝန်ကြီးချုပ်တွေအချင်းချင်းလာပြီး ပြည်သူလူထုနဲ့တွေ့တာ တို့ဆိုရင် စီးပွားရေးတိုးတက်ဖို့အလားအလာတော်တော်လေး မြင်ပါတယ်၊ နောက်လည်းကျနော်တို့ ဒီအထဲမှာ အခုလောလောဆည်ကတော့ မြန်မာပြည်ကတော့ ကောက်ပဲသီးနှံအများဆုံးထွက်တဲ့ နိုင်ငံဖြစ်တဲ့အတွက် ဒီမြန်မာပြည်က ပဲကိုပဲ အများဆုံး အိန္ဒိယက ဝယ်နေကြ၊ ဒီအချိန်မှာ အိန္ဒိယက ပဲကို ခဏပိတ်လိုက်တဲ့အခါကျတော့ ကျနော်တို့ တောင်သူလယ်သမားတွေ ထိခိုက်နေတဲ့အချိန်ဖြစ်နေတဲ့အတွက် အဲဒီကိစ္စကို ဦးစားပေးပြီးတော့ ကျနော်တို့ဆွေးနွေးဖို့ရှိပါတယ်။”

အိန္ဒိယဝန်ကြီးချုပ်ဟာ သူ့ခရီးစဉ်အတွင်း ရှေးဟောင်းပုဂံမြို့ကို သွားရောက်ပြီး အာနန္ဒာ ဘုရားပြုပြင်ထိန်းသိမ်းရေးအပါအဝင် ရှေးဟောင်းဘုရားတွေကို ဖူးမြှော်မှာဖြစ်သလို မနှစ်က ငလျင်ဒဏ်သင့် ရှေးဟောင်းဘုရားတွေကို ပြန်လည်ပြုပြင်ထိန်းသိမ်းရေးအတွက် အကူညီပေးဖို့လည်း လေ့လာမှာဖြစ်ပါတယ်။ သူ့ခရီးစဉ်ကို ရန်ကုန်မြို့မှာ အဆုံးသတ်မှာဖြစ်ပြီး ရန်ကုန်မှာရှိတဲ့ ရှေးဟောင်းသမိုင်းဝင်နေရာတွေကိုလည်း သွားလေ့လာဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG