သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အိန္ဒိယဘယ်လိုကူညီမလဲ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ နယူးဒေလီတွင် ၂၀၁၆ အောက်တိုဘာက တွေ့ဆုံခဲ့ကြစဉ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်နဲ့ အိန္ဒိယဝန်ကြီးချုပ်တို့ နယူးဒေလီတွင် ၂၀၁၆ အောက်တိုဘာက တွေ့ဆုံခဲ့ကြစဉ်။

အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က လက်ရှိအခြေ အနေတွေနဲ့ပတ်သက်ပြီး ဘယ်လို အကူအညီပေးနိုင် မယ်ဆိုတာ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးသွားမယ်လို့ အိန္ဒိယ နိုင်ငံခြားရေးဌာန တာဝန်ရှိသူတဦးက သောကြာနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။ ဒီကိစ္စမှာ အိန္ဒိယနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို ကူညီနိုင်တဲ့နည်းလမ်းတွေ ရှိတယ်လို့ အိန္ဒိယမှာ နှစ်အတော်ကြာ အခြေစိုက်နေထိုင်ခဲ့ဖူးတဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတဦးက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

အိန္ဒိယဝန်ကြီးချုပ် နရိန်ဒရာ မိုဒီဟာ တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ BRICS အဖွဲ့ ထိပ်သီးအစည်းအဝေး ကို တက်ပြီးတဲ့နောက် ရှေ့သီတင်းပတ် အင်္ဂါ စက်တင်ဘာလ ၅ ရက်နေ့ နေပြည်တော်ကိုရောက်လာမှာပါ။ နှစ်ရက်ကြာ အခု ခရီး စဉ်အတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာအစိုးရအဖွဲ့ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။

ဒီလိုဆွေးနွေးတာတွေမှာ ရခိုင်ပြည်နယ်က လက်ရှိအခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အိန္ဒိယဘက်က ဘယ်လို ကူညီပံ့ပိုးနိုင်မယ်ဆိုတာကို ဆွေးနွေးဖို့ရှိတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာန၊ အကြီးတန်းတာဝန်ရှိသူတဦးဖြစ်တဲ့ Sripriya Ranganathan က သတင်းထောက်တွေကို ပြောတာပါ။

အိန္ဒိယအနေနဲ့ ဘာတွေ ကူညီလုပ်ဆောင်နိုင်မလဲ ဆိုတာနဲ့ပတ်သက်ပြီး အိန္ဒိယမှာ နှစ်ပေါင်းများစွာ အခြေစိုက်ပြီးတော့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားလုပ်ဆောင်ခဲ့သူ ဒေါက်တာတင့်ဆွေက အခုလိုမြင်ပါတယ်။

" ကျနော် ၂ချက်မြင်ပါတယ် ပထမတချက်ကတော့ အရင်ကတည်းက လုပ်ပြီးသားဖြစ်တဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်တွေကို ဖလှယ်တဲ့အဆင့်ကို အိန္ဒိယဘက်က လုပ်ပေးနိုင်တယ်လို့ ယူဆပါတယ်။ ဒုတိယတချက်ကတော့ သံတမန်ရေးပေါ့ နိုင်ငံတကာမှာ မြန်မာနိုင်ငံ အခုဖြစ်တဲ့အပေါ်မှာ ပြစ်တင်ရှုတ်ချမှုတွေ တချို့ဟာတွေဆို တဖက်သတ်ပြစ်တင်ရှုတ်ချမှုတွေ ရှိနေတဲ့အပေါ်မှာ အိန္ဒိယဟာ မြန်မာနိုင်ငံအစိုးရနဲ့ တသဘောတည်း လိုက်ပြီးတော့ သံတမန်ရေး အရ ဆောင်ရွက်နိုင်တယ်လို့ ကျနော်ထင်မြင်ပါတယ်။ "

ရခိုင်ပြည်နယ်မှာဖြစ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး အိန္ဒိယက ပြစ်တင် ရှုတ်ချထားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြီးခဲ့တဲ့ဇူလိုင်လက အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ချိန်ကလဲ ဘင်္ဂလားဒေ့ရှ်နယ်စပ် တလျှောက်နဲ့ တရုတ်နဲ့နယ်စပ် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းဒေသတွေမှာ လက်နက်ကိုင်ပုန်ကန်မှုတွေကို တိုက်ခိုက်တာမှာ ထောက်လှမ်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါသေးတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ဖြစ်ရပ်တွေနဲ့ဆက်စပ်ပြီး နိုင်ငံအများအပြားပေါ်မှာ သက်ရောက်မှုရှိတယ်လို့ Sripriya Ranganathan ကပြောပေမဲ့ အဆုံးတနေ့မှာတော့ အဲဒီအခြေအနေကို မြန်မာအစိုးရက ကိုင်တွယ်ဖြေရှင်းရမှာပဲဖြစ်တယ်လို့ ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ဘက်ကနေ ထွက်ပြေးသွားတဲ့ဒုက္ခသည် ၄၀,၀၀၀ လောက်ရှိနေပြီး အဲဒီဒုက္ခသည်တွေ ကို ပြန်ပို့မယ်လို့ ပြီးခဲ့တဲ့လအတွင်း အိန္ဒိယက ကြေညာခဲ့ပါသေးတယ်။ အဲဒီဒုက္ခသည်တွေ ပြန်ပို့မယ့်ကိစ္စကို နိုင်ငံတကာ လိုက်နာလုပ်ဆောင်ရမယ့် တာဝန်တွေအတိုင်း လုပ်သင့်တယ်လို့ဆိုပြီး အိန္ဒိယအနေနဲ့ ပြန်ပြီးစဉ်းစားသုံးသပ်ပေးဖို့ လူ့အခွင့် အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက အိန္ဒိယအစိုးရ ကို တောင်းဆိုထားပါတယ်။

ဒါပေမဲ့လဲ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှုဆိုင်ရာ စိုးရိမ်ချက်တွေ ရှိတာနဲ့အမျှ အိန္ဒိယဥပဒေပေါ်မှာအခြေခံပြီးတော့ ကာလ ရှည်ကြာ ကိုင်စွဲလာတဲ့ ခိုင်မာတဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိထားပြီးသားဖြစ်တာကြောင့် အဲဒီအတိုင်း ဆက်ပြီး လိုက်နာလုပ်ဆောင် သွားမှာဖြစ်ပြီး ဘယ်လိုအပြောင်းအလဲမျိုးမှ ရှိမှာမဟုတ်ဘူးလို့ မစ္စ Ranganathan ကပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ တခြားနိုင်ငံကလာနေသူတွေအပေါ် လူသားချင်းစာနာတဲ့ စိတ်ဓာတ်အခြေခံ အပြည့်ရှိပါတယ်လို့ ဒေါက်တာ တင့်ဆွေက ပြောပါတယ်။

" ဘယ်နိုင်ငံကလာလာ သူဟာ ဒုက္ခသည်တွေအပေါ်မှာ စာနာထောက်ထားမှုနဲ့ သူကအမြဲတမ်းကြည့်ပါတယ်။ ဘယ်နိုင်ငံကပဲလာလာ သူတို့ရဲ့လုံခြုံရေးအတွက်သာလျှင် လူမျိုးစုတွေ Community တွေကို စုပြီးတော့ မျက်စိဒေါက်ထောက်ကြည့်တဲ့ အဆင့်သာရှိပြီးတော့ ဒုက္ခသည်တွေအပေါ်မှာ ဘယ်ဘာသာကိုးကွယ်ကိုးကွယ် ဘယ်နိုင်ငံကလာလာ သူက စာနာထောက်ထားမှုနဲ့ကြည့်တဲ့အတွက် စိုးရိမ်စရာသိပ်တော့မရှိဘူးခင်ဗျ။"

အိန္ဒိယနိုင်ငံမှာရောက်နေတဲ့ မြန်မာနိုင်ငံက ထွက်ပြေးသွားတယ်လို့ဆိုသူတွေကို အိန္ဒိယကိုယ်တိုင်က ဒုက္ခသည်အဖြစ် တရားဝင် အသိအမှတ်ပြုမထားပေမဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာရုံးက အကူအညီ ပေးဖို့ကိုတော့ ခွင့်ပြုထားတာပါ။

အိန္ဒိယနိုင်ငံဟာ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ထိုးမထားသလို ဒုက္ခသည်များရဲ့ အဆင့်အတန်း နဲ့ဆက်စပ်သော စည်းကမ်းသတ်မှတ်ချက်များဆိုင်ရာ ၁၉၆၇ ခုနှစ် သဘောတူစာချုပ်ကိုလဲ လက်မှတ်ထိုးမထားပါဘူး။

ဝန်ကြီးချုပ်မိုဒီရဲ့ အခုခရီးစဉ်အတွင်းမှာတော့ ငလျင်ဒဏ်သင့် ပုဂံဘုရားတွေ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ တရပ်ကိုလဲ လက်မှတ်ရေးထိုးဖို့ရှိပါတယ်။

ရခိုင်အရေး အိန္ဒိယဘယ်လိုကူညီမလဲ
please wait

No media source currently available

0:00 0:04:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG