သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတပ်ချုပ်ကို အိန္ဒိယက ကော်ဇောနီခင်းကြိုဆို


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယ စစ်ဦးစီးချုပ် Bipin Rawat
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အိန္ဒိယ စစ်ဦးစီးချုပ် Bipin Rawat

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးစဉ်မှာ စစ်ရေးအရသာမက နှစ်နိုင်ငံ ပိုမိုအနီးကပ်ဆက်ဆံရေး တိုးတက်လာဖို့ အိန္ဒိယဘက်က မျှော်လင့်ထားကြောင်း အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အိန္ဒိယရဲ့ နိုင်ငံရေး၊ စစ်ရေး ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှာဖြစ်သလို သူ့ကို နိုင်ငံတော်အကြီးအကဲအဖြစ် အိန္ဒိယက ဂုဏ်ပြုအခမ်းအနားတွေနဲ့ ကြိုဆိုဖို့ စီစဉ်ထားပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့ကို အိန္ဒိယ စစ်ဦးစီးချုပ် Bipin Rawat က ဇူလိုင်လ ၇ ရက် ဂါယာမြို့က အလုပ်သင်ဗိုလ်သင်တန်းကျောင်း ဆင်းပွဲမှာ အိန္ဒိယ ရိုးရာအကနဲ့ ဂုဏ်ပြုဧည့်ခံခဲ့တာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ ဒုတိယ ရေတပ်နဲ့ လေတပ် ဦးစီးချုပ်တို့လည်း လိုက်ပါသွားခဲ့ပြီး ဇူလိုင်လ ၆- ၉ ရက်နေ့ထိ ဗုဒ္ဓါဂါယာကို အရင်ဆုံးသွားရောက်ခဲ့ကြတာပါ။

ဇူလိုင်လ ၆ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ၈ ရက်ကြာမြင့်မယ့် အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၊ ကာကွယ်ရေး ဝန်ကြီး Arun Jaitley ၊ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval တို့နဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီခရီးစဉ်နဲ့ ပတ်သက်လို့ အိန္ဒိယ- မြန်မာဆက်ဆံရေး ကျွမ်းကျင်သူလည်းဖြစ် အမေရိကန်ပြည်ထောင်စု John Hopkins တက္ကသိုလ်ရဲ့ နိုင်ငံတကာလေ့လာရေးဌာန အဆင့်မြင့်သုတေသီVikram Nehru ကပြောပါတယ်။

“အခုအိန္ဒိယခရီးစဉ်မှာ ထူးခြားမှုတစုံတခုတော့ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ အိန္ဒိယဟာ မြန်မာနိုင်ငံရဲ့ ထွက်ပေါက် ကြီးမားတဲ့ အိမ်နီးချင်းနိုင်ငံဖြစ်ပါတယ်။ နောက် ဒေသတွင်း မြန်မာအပါအဝင် အခြား ကိစ္စတွေမှာ တရုတ်ရဲ့ပါဝင်ပတ်သက်မှု အပေါ်မှာ အိန္ဒိယက နှစ်ပေါင်းအတန်ကြာကတည်းက စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ နောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လည်း အလေးထားပြီး ကော်ဇော်နီခင်း ကြိုဆိုဖို့ရှိပါတယ်။”

ဒါအပြင် လက်ရှိမှာ မြန်မာရဲ့ အိမ်နီးချင်းနှစ်နိုင်ငံဖြစ်ကြတဲ့ တရုတ်နဲ့ အိန္ဒိယကြား ဆက်ဆံရေးဟာလည်း လွန်ခဲ့တဲ့ သုံးပတ်ကစပြီး တင်းမာလျက်ရှိပါတယ်။ ဘူတန်နိုင်ငံ ဒေါ့ကလန် ကုန်းမြေမြင့်ဒေသမှာ တရုတ်က လမ်းဖောက်လုပ်မှုကြောင့် အိန္ဒိယရဲ့ အကူအညီကို ဘူတန်က တောင်းခံခဲ့တဲ့အတွက်ကြောင့် တရုတ်နဲ့ အိန္ဒိယကြား ဆက်ဆံရေး တင်းမာခဲ့တဲ့အတွက်ကြောင့်လည်း အိန္ဒိယအနေနဲ့ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားတဲ့အကြောင်းVikram Nehru ကထောက်ပြပါတယ်။

တဖက်မှာလည်း တရုတ်အစိုးရက မဟာဗျူဟာမြောက် ခေတ်သစ် ပိုးလမ်းမ စီမံကိန်းမှာ အိန္ဒိယက ပါဝင်မှုမရှိတဲ့အပြင် ဒီစီမံကိန်းနဲ့အပြိုင် အကောင်အထည်ဖေါ်မယ့် သူတို့ရဲ့ အစီအစဉ်အတွက် မြန်မာ အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့ ဝန်ကြီးချုပ် မိုဒီ အစိုးရက ကြိုးစားနေတာပါ။

မြန်မာနဲ့ ဆက်ဆံရေးမှာ စစ်ရေးအရသာမက နှစ်နိုင်ငံအနီးကပ်ဆက်ဆံရေး ပိုမို တိုးမြှင့်ဖို့ အိန္ဒိယဘက်က စိတ်အားထက်သန်နေတာကို တွေ့နေရကြောင်း သူက အခုလို ပြောပါတယ်။

“အိန္ဒိယဘက်က မြန်မာနိုင်ငံကို စစ်ရေးဆိုင်ရာ လက်နက်ပစ္စည်းတွေ ရောင်းချဖို့ တခုတည်းမျှော်လင့်ထားတာမဟုတ်ပါဘူး။ အိန္ဒိယဟာ မြန်မာရဲ့ အကူအညီတွေကို ထောက်ပံပေးနိုင်တဲ့ အိမ်နီးချင်း နိုင်ငံဖြစ်တယ်ဆိုတာကိုလည်း မြန်မာခေါင်းဆောင်တွေကို ပြချင်နေတာပါ။ ဆက်ဆံရေးတိုးမြှင့်ဖို့ အိန္ဒိယဘက်က ကြိုးပမ်းနေတဲ့အချက်တွေထဲမှာ အနောက်မြောက် ခြမ်းမှာ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်ပြီး အဝေးပြေးလမ်းမကြီး တည်ဆောက်နေတာမျိုးလည်း ပါဝင်ပါတယ်။ အခုဆိုရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အလည်အပတ်ခရီးစဉ်မျိုးရှိပါတယ်။ နောက်ထပ်ပြီးတော့လည်း နှစ်နိုင်ငံ အနီးကပ်ဆက်ဆံရေး တိုးမြှင့်ဖို့ အိန္ဒိယက ကြိုးစားသွားမှာဖြစ်ပါတယ်။”

အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံဆက်ဆံရေးမှာ လုံခြုံရေး အကျိုးစီးပွားပါဝင်နေကြောင်း အိန္ဒိယ-မြန်မာဆက်ဆံရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေကပြောပါတယ်။

“အခုတခါ အခြေအနေကတော့ အပြောင်းအလဲ နိုင်ငံတကာအခင်းအကျင်းနဲ့ ဒေသတွင်း အခင်းအကျင်းအပြောင်းအလဲ တစုံတရာတော့ ရှိတယ်။ အဲလိုရှိတဲ့အခြေအနေမျိုးမှာ မြန်မာနိုင်ငံက တပ်မတော်ဦးစီးခေါင်းဆောင် လာလည်တဲ့အခါမှာ ၂ နိုင်ငံ ဆက်ဆံရေး ဆွေးနွေးရတဲ့ ကိစ္စတွေမှာ ထူးခြားမှု တစုံတရာတော့ ရှိမယ်လို့ ကျနော်တို့ မှန်းဆရပါတယ်။”

အထူးသဖြင့် ပထဝီအနေအထားအရ အိန္ဒိယအတွက် မြန်မာနိုင်ငံရဲ့ အရေးပါမှုနဲ့ ပတ်သက်လို့ ဒေါက်တာတင့်ဆွေရဲ့ အမြင်ကတော့

“နိုင်ငံရဲ့ လုံခြုံရေးကာကွယ်ဖို့အတွက် အဓိကတော့ ဒီဘက်မှာတော့ တရုတ်နိုင်ငံရှိတယ်၊ တရုတ်နိုင်ငံနဲ့ အိန္ဒိယကြားမှာ မြန်မာနိုင်ငံက ကြားခံဖြစ်နေတော့ မြန်မာနိုင်ငံရဲ့ အခရာကျမှုကို အိန္ဒိယကောင်းကောင်းသိတယ်။ သို့သော်လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က အိန္ဒိယက သူလုပ်ချင်သလောက် လုံခြုံရေးအကာအကွယ်ကို မြန်မာနိုင်ငံ စစ်အစိုးရဆီက ရအောင် မယူနိုင်ခဲ့ဘူးလို့ ကျနော်ကတော့ မြင်တယ်ခင်ဗျ။ နောက်ဒုတိယတခုကတော့ အိန္ဒိယ-မြန်မာနိုင်ငံနယ်စပ်မှာ အိန္ဒိယဘက်ကို ဆန့်ကင်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေကိစ္စဟာ ဒီတပ်မတော်အစိုးရလက်ထက်က ခွင့်ပြုထားခဲ့တာတွေဖြစ်တော့ ဘယ်အစည်းအဝေးတွေ၊ နိုင်ငံ့ခေါင်းဆောင်တွေ ခရီးအပြန်အလှန်သွားသွား မြန်မာနိုင်ငံဘက်ကတော့ မရှိစေရပါဘူးဆိုပြီးတော့ ပြောပြီးတော့ လက်တွေ့ကတော့ ရှိနေတော့ ဒီကိစ္စလည်း ဒီခရီးစဉ်မှာ အိန္ဒိယဘက်က ဆွေးနွေးမယ်လို့ မှန်းဆရပါတယ်ခင်ဗျ။”

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အခုခရီးစဉ်မတိုင်ခင် အိန္ဒိယက မြန်မာစစ်တပ်ကို ၁၀၅ မီလီမီတာ အပေါ့စား အမြောက်တွေ၊ ဒုံးကျည်တွေ၊ ရိုင်ဖယ်သေနတ်တွေ၊ ရေဒါတွေ၊ မော်တာ အမြောက်တွေ၊ စစ်သုံး ရွေ့ပြောင်းနိုင်တဲ့ တံတားတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ ညကြည့် မှန်ပြောင်းတွေ၊ စစ်ဆင်ရေးမှာ အသုံးပြုနိုင်တဲ့ ကွန်ပြူတာ Software တွေ၊ လမ်းဖောက်တဲ့နေရာမှာ အသုံးပြုတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ အပါအဝင်၊ စစ်သင်္ဘော အသေးစားတွေ၊ Sonar တွေကို ပေးထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၃၈ သန်းနီးပါး တန်ဖိုးရှိတဲ့ အသေးစား တော်ပီဒိုတွေ ရောင်းချဖို့လည်း သဘောတူထားပြီး ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ အိန္ဒိယရဲ့ ရန်ဘက် ပါကစ္စတန်နိုင်ငံကနေ စစ်တိုက်လေယာဉ်အမျိုးအစား JF-17 ကို မြန်မာက ဝယ်ယူဖို့ နှစ်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးထားပါတယ်။ အလားတူ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့အတွက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဉ်မတိုင်ခင် ရုရှားနိုင်ငံကို မကြာသေးခင်က သွားရောက်ခဲ့သလို ပြီးခဲ့တဲ့ လပိုင်းတွေက ဂျာမနီနဲ့ သြစတြီးယား နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG