သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာချုပ် ၈ ရက်ကြာ အိန္ဒိယခရီးစဉ် စတင်


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ ဝန်ကြီးချုပ်တို့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်း တွေ့ဆုံစဉ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ ဝန်ကြီးချုပ်တို့ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လအတွင်း တွေ့ဆုံစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ၈ ရက်ကြာ တရားဝင်လည်ပတ်ဖို့အတွက် စနေနေ့က အိန္ဒိယနိုင်ငံကို ရောက်သွားပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၊ ကာကွယ်ရေး ဝန်ကြီး Arun Jaitley ၊ အမျိုးသားလုံခြုံရေးအကြံပေး Ajit Doval တို့နဲ့ ဇူလိုင်လ ၁၄ ရက်နေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့ဟာ အိန္ဒိယက ထိပ်တန်း ခေါင်းဆောင်တွေနဲ့ အဲဒီလို တွေ့ဆုံတာအပြင် စစ်ဘက်ဆိုင်ရာ ဌာနတွေ ကိုလည်း သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသက Sikkim ပြည်နယ်၊ ဘူတန်နိုင်ငံနဲ့ တိဘက် စတဲ့ ၃ ပွင့်ဆိုင်ဒေသမှာ အိန္ဒိယနဲ့ တရုတ်တပ်ဖွဲ့တွေ ထိပ်တိုက် ရင်ဆိုင်ပြီး တင်းမာမှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံကို ရောက်လာတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အိန္ဒိယအစိုးရက ကြီးကျယ် ခမ်းနားစွာ ကြိုဆိုဖို့ ပြင်ဆင်ထားကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တဘက်မှာ တရုတ်အစိုးရက မဟာဗျူဟာမြောက် ခေတ်သစ် ပိုးလမ်းမ စီမံကိန်းကြီး တည်ဆောက်ဖို့ ပြင်ဆင်နေတာကြောင့် အဲဒီ အစီအစဉ်ကို တန်ပြန်ဖို့ ကြိုးစားတဲ့အနေနဲ့ ဝန်ကြီးချုပ် မိုဒီးရဲ့ Act East လို့ခေါ်တဲ့ အရှေ့အာရှနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ပေါ်လစီအရ အာဆီယံနိုင်ငံတွေနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်တဲ့အနေနဲ့ အိန္ဒိယအစိုးရက မြန်မာစစ်တပ်ကို စစ်ရေးအရ အကူအညီတွေ တိုးမြင့်ပေးဖို့ လိုလား နေတာလည်း ဖြစ်ပါတယ်။

အိန္ဒိယက မြန်မာစစ်တပ်ကို ၁၀၅ မီလီမီတာ အပေါ့စား အမြောက်တွေ၊ ဒုံးကျည်တွေ၊ ရိုင်ဖယ်သေနတ်တွေ၊ ရေဒါတွေ၊ မော်တာ အမြောက်တွေ၊ စစ်သုံး ရွေ့ပြောင်းနိုင်တဲ့ တံတားတွေ၊ ဆက်သွယ်ရေး ပစ္စည်းတွေ၊ ညကြည့် မှန်ပြောင်းတွေ၊ စစ်ဆင်ရေးမှာ အသုံးပြုနိုင်တဲ့ ကွန်ပြူတာ Software တွေ၊ လမ်းဖောက်တဲ့နေရာမှာ အသုံးပြုတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ အပါအဝင်၊ စစ်သင်္ဘော အသေးစားတွေ၊ Sonar တွေကို ပေးထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမေရိကန်ဒေါ်လာ ၃၈ သန်းနီးပါး တန်ဖိုးရှိတဲ့ အသေးစား တော်ပီဒိုတွေ ရောင်းချဖို့လည်း သဘောတူထားပြီး ဖြစ်ပါတယ်။

အိန္ဒိယ ရေတပ်သင်္ဘောတွေ မကြာခန မြန်မာဆိပ်ကမ်းတွေကို သွားရောက် ဆိုက်ကပ်နေသလိုပဲ ကီလိုမီတာ တထောင့် ခြောက်ရာကျော် (၁,၆၄၃ ကီလို) ရှည်လျားတဲ့ နှစ်နိုင်ငံ နယ်စပ်ဒေသမှာ လှုပ်ရှားနေကြတဲ့ လက်နက်ကိုင် အဖွဲ့ အစည်းတွေကို ဖိအားပေးနိုင်ရေးအတွက်လည်း အိန္ဒိယက မြန်မာစစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်နေတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ဟာ အိန္ဒိယနိုင်ငံ ခရီးစဉ်အစမှာ Bihar ပြည်နယ်မှာရှိတဲ့ ဗုဒ္ဓဂါယာကို ဦးစွာ သွားရောက်ပြီး အဲဒီမှာရှိတဲ့ ဗုဒ္ဓဌာနတွေကို ပြည့်ပြည့်စုံစုံ လှည့်လည် ဖူးမျှော်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ၂၀၁၅ ခုနှစ် ဇူလိုင်လတုန်းကလည်း အိန္ဒိယနိုင်ငံကို သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် Narendra Modi နဲ့ တွေ့ဆုံခဲ့ပါတယ်။

အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး Bipin Rawat ဟာလည်း အိန္ဒိယအစိုးရရဲ့ Act East ပေါ်လစီရဲ့ တစိတ်တဒေသအဖြစ်နဲ့ ပြီးခဲ့တဲ့ မေလ ၃၀ ရက်နေ့က မြန်မာနိုင်ငံကို ၄ ရက်ကြာ သွားရောက် လည်ပတ်ခဲ့ပြီး နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် တခြား စစ်ဘက်ဆိုင်ရာ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ကာချုပ် ၈ ရက်ကြာ အိန္ဒိယခရီးစဉ် စတင်
please wait

No media source currently available

0:00 0:01:32 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG