သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂသူပုန်ခေါင်းဆောင် Khaplang ကွယ်လွန်


နာဂသူပုန်ခေါင်းဆောင် SS Khaplang
နာဂသူပုန်ခေါင်းဆောင် SS Khaplang

နာဂ အမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN – K အဖွဲ့ဥက္ကဋ္ဌ SS Khaplang ဟာ မြန်မာနိုင်ငံ၊ ကချင်ပြည်နယ်၊ ဟူးကောင်းတောင်ကြား၊ Taga ဒေသမှာရှိတဲ့ အဖွဲ့ရဲ့ ဌာနချုပ်မှာ ဇွန်လ ၉ ရက်နေ့က လူကြီးရောဂါနဲ့ ကွယ်လွန်သွားကြောင်း အိန္ဒိယ The Telegraph သတင်းစာမှာ ရေးသား ဖော်ပြထားပါတယ်။ အသက် ၇၇ နှစ်အရွယ် ရှိပြီဖြစ်တဲ့ SS Khaplang ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဆီးချိုရောဂါနဲ့ တခြား လူကြီးရောဂါတွေအတွက် ဆေးကုသမှု ခံယူနေခဲ့ရတာပါ။

ပြီးခဲ့တဲ့နှစ် ဇွန်လ ၂၈ ရက်နေ့က NSCN အဖွဲ့ခွဲဖြစ်တဲ့ Isak-Muivah အဖွဲ့ဥက္ကဋ္ဌ Isak Chishi Swu ကွယ်လွန်သွားပြီး တနှစ်အတွင်းမှာပဲ နာဂ တော်လှန်ရေး အဖွဲ့အစည်းတွေ ထဲက သြဇာအရှိဆုံး ပုဂ္ဂိုလ်အဖြစ် ကျန်ရှိခဲ့တဲ့ SS Khaplang ကွယ်လွန်သွားတာ ဖြစ် ပါတယ်။ သူ ကွယ်လွန်သွားတယ် ဆိုတာကို အိန္ဒိယနိုင်ငံ၊ နာဂလန်းပြည်နယ် ဝန်ကြီး ချုပ်ဟောင်း T.R. Zeliang ကလည်း အတည်ပြု ပြောကြားခဲ့ပါတယ်။

အိန္ဒိယအခြေစိုက် NSCN – Isak Muivah အဖွဲ့က အိန္ဒိယအစိုးရနဲ့ ငြိမ်းချမ်းရေး စာချုပ် ချုပ်ဆိုခဲ့ပေမယ့်လည်း SS Khaplang ရဲ့ NSCN – K အဖွဲ့ကတော့ အိန္ဒိယအစိုးရနဲ့ လက်မှတ်မထိုးပဲ နာဂဒေသ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးအတွက် အိန္ဒိယအစိုးရကို ဆက်လက် တော်လှန် နေခဲ့တာ ဖြစ်ပြီး သူတို့ရဲ့ ဌာနချုပ်ကိုလည်း မြန်မာနိုင်ငံအတွင်းမှာပဲ ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်မှာ ခြံစည်းရိုး တည်ဆောက်ဖို့ နှစ်နိုင်ငံ အစိုးရတွေက စီစဉ်နဲ့ ကိစ္စကို SS Khaplang ရဲ့ အဖွဲ့က ကန့်ကွက်ခဲ့ပြီး ၂ နိုင်ငံစလုံးမှာ နာဂမိသားစုတွေဟာ ဟိုးအရင် နှစ်ပေါင်း များစွာကတည်းက အဲဒီနေရာတွေမှာ အတူယှဉ်တွဲ နေထိုင်လာ ခဲ့ကြတာဖြစ်ကြောင်း၊ အခုလို ခြံစည်းရိုး ခတ်တာဟာ ဒီလူတွေကို တကွဲတပြား ဖြစ်အောင် လုပ်နေတာလို့ ပြောပါတယ်။

သူ့ရဲ့ အသုဘကို အဖွဲ့ရဲ့ ဌာနချုပ်ရှိရာ Taga မှာပဲ ကျင်းပသွားမယ်လို့ မျှော်လင့်ရပြီး သူ့နေရာမှာ လက်ရှိ ဒုဥက္ကဋ္ဌ Khango Konyak က ဆက်လက် အရိုက်အရာခံလိမ့်မယ်လို့ အများစုက မျှော်လင့်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG