သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယအစိုးရတပ်နဲ့ နာဂလက်နက်ကိုင်တပ် မြန်မာ့ပိုင်နက်မှာ တိုက်ပွဲဖြစ်ပွား


 အိန္ဒိယ-မြန်မာနယ်စပ် တိုက်ပွဲဖြစ်ပွားရာနေရာများ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)
အိန္ဒိယ-မြန်မာနယ်စပ် တိုက်ပွဲဖြစ်ပွားရာနေရာများ (တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ပြီးခဲ့တဲ့အပတ် သောကြာနေ့က အိန္ဒိယ-မြန်မာနယ်စပ် မြန်မာပြည် နယ်နိမိတ်အတွင်းမှာ နာဂအမျိုးသားဆိုရှယ် လစ်ကောင်စီ (NSCN-K) နဲ့ အိန္ဒိယစစ်တပ်တို့ တိုက်ပွဲဖြစ်ခဲ့တာမဟုတ်ဘူးလို့ မြန်မာ့ တပ်မတော်ဘက်ကတော့ တရားဝင် ငြင်းဆန်ထားပါတယ်။ ဒါပေမယ့် အိန္ဒိယ၊ မြန်မာနယ်စပ်မှာ နေထိုင်ကြတဲ့ နာဂတိုင်းရင်းသားအဖွဲ့အစည်းတွေက တော့ သြဂုတ်လ ၁၉ရက်နေ့က မြန်မာပိုင်နက်ထဲ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုနေပါတယ်။ ဒီ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

သြဂုတ်လ ၁၉ရက်နေ့က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နဲ့ အိန္ဒိယစစ်တပ်တို့ မြန်မာပြည်နယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ မြန်မာ့တပ်မတော်ဘက်က ငြင်းဆန်ပေမယ့် လည်း အိန္ဒိယ- မြန်မာနယ်စပ်မှာ နေထိုင်တဲ့ နာဂတိုင်းရင်းသားတွေကတော့ မြန်မာစစ်တပ်ဘက်က ငြင်းဆန် သလိုမဟုတ်ဘဲ တကယ်ပဲတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ပြောပါတယ်။

ဒါနဲ့ ပတ်သက်လို့ အိန္ဒိယ- မြန်မာနယ်စပ်မှာရှိတဲ့နာဂပြည်သူ့အဖွဲ့က ဦးနူရီး ခေါ် ဦးစောစက အခုလိုပြောပြပါတယ်။

“ဒါကိုတော့ သူတို့ကတော့ အဖြစ်အပျက်အမှန်ကို မပြောချင်လို့ဖြစ်ပါလိမ့်မယ်။အဲဒါကို ကျနော်တို့ ဘာမှ ထွေထွေထူးထူးမပြောချင်ဘူး ဒါပေမယ့် ဖြစ်တာအမှန်လို့တော့ ကျနော်တို့သိရပါတယ်။ အိန္ဒိယတပ်က NSCN-K အဖွဲ့နဲ့ ဝင်ပြီးတော့တိုက်တာ အတည်ပြုပြီးတော့ NSCN-K ကပြောခဲ့တာရှိပါတယ်။ ဆိုတော့ တိုက်ပွဲတွေဖြစ်ခဲ့တာကတော့ အမှန်ပဲ အခုတော့ ရပ်သွားတဲ့သဘောရှိပါတယ်။ NSCN-K ထွက်ဆိုချက်အရကတော့ အိန္ဒိယတပ်ဘက်လည်း ဒဏ်ရာရသွားတယ်လို့ပြောတယ်။”

မြန်မာ့တပ်မတော်ဘက်က နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ (NSCN-K) နဲ့ အိန္ဒိယစစ်တပ်တို့ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်တယ်ဆိုတဲ့ သတင်း မှန်ကန်မှုမရှိဘူးလို့ တရားဝင်သတင်းထုတ်ပြန်ထားတာပါ။ ဒါပေမယ့် အိန္ဒိယ စစ်တပ်နဲ့ NSCN-K တို့ မြန်မာနယ်နိမိတ်အတွင်းထိ ဝင်ရောက် တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်လို့ အိန္ဒိယအာဏာပိုင်တွေရဲ့ ပြောဆိုချက်တွေကို ကိုကားပြီး အိန္ဒိယသတင်းတွေမှာ ဖော်ပြကြပါတယ်။

မြန်မာစစ်တပ်ဘက်က သတင်းထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံတွင်းမှာ တဖက်နိုင်ငံအစိုးရကို နှောင့်ယှက် ဖျက်ဆီးတဲ့ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကိုမဆို အခြေချခွင့်မပြုကြောင်း၊ နှစ်နိုင်ငံ တပ်မတော် အချင်းချင်း နယ် စပ် ကင်းလှည့်မှုတွေကို လုပ်ဆောင်နေပြီး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။

အိန္ဒိယစစ်တပ်နဲ့ နာဂ အမျိုးသား ဆိုရှယ်လစ်ကောင်စီတို့ သြဂုတ်လ ၁၉ရက်နေ့က မြန်မာပြည်ဘက်အခြမ်း နာဂ ဒေသအတွင်းက ယမ်းကြုံးကျေးရွာနဲ့ ရွှေလော ကျေးရွာနဲ့ နယ်စပ်မှာရှိတဲ့ ထွေးလော်ရွာတို့မှာ တိုက်ပွဲဖြစ် ပွားခဲ့တယ်လို့ ဒေသခံတွေ ဘက်ကပြောပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးကို ငဲ့ပြီတော့ တပ်မတော်ဘက်က NSCN-K နဲ့အိန္ဒိယတပ်ကြား မြန်မာနယ်နိမိတ်အတွင်း တိုက်ပွဲဖြစ်တာ မဟုတ်ဘူးလို့ ငြင်းဆန်တယ်လို့ နာဂအမျိုးသားရေးရာကောင်စီက ဦးနော်အောင်ဆန်းက ယူဆပြောဆိုပါတယ်။

“ကျနော်တို့ဘက်ကတော့ ဘာမှသုံးသပ်ချက်မပေးလိုဘူးလေ။ ဒါပေမယ့် ခုနပြောသလို မြန်မာပြည်ရဲ့ နယ်နမိတ် မှာဖြစ်တဲ့အခါမှာ ကျနော်ကတော့ မှန်ကန်တာကိုပဲလိုချင်တယ်ပေါ့ဗျာ။ ခုနပြောတဲ့ ၂ နိုင်ငံဆက်ဆံရေးအပေါ်မှာအခြေခံပြီးတော့ သူတို့ထုတ်ပြန်တဲ့အနေအထားမျိုးလည်း ရှိကောင်းရှိမှာပါ။ ဒါပေမယ့် ကျနော်တို့ ဖြစ်စေချင်တာကတော့ ဘာလဲဆိုတော့ ဒီမှန်ကန်တဲ့ သတင်းအပေါ်မှာအခြေခံပြီးတော့ ပြောဆိုတာမျိုးကိုပဲ ကျနော်တို့ အဓိကဖြစ်စေချင်တာပါ။”

မိုင်ပေါင်း ၁၂၀၀နီးပါး ရှည်လျားတဲ့ အိန္ဒိယ- မြန်မာနယ်စပ်မှာ အရင်က နာဂလက်နက်ကိုင်တပ်ဖွဲ့နဲ့ အိန္ဒိယ စစ်တပ်ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ သတင်းတွေနဲ့ ပတ်သက်လို့မြန်မာ့တပ်မတော်ဘက်က အခုလို ငြင်းဆန်ခဲ့ဖူးပါတယ်။ နာဂသူပုန်တွေကို မြန်မာဖက်က လက်ခံထားတယ်ဆိုတယ်ဆိုပြီး အိန္ဒိယအာဏာပိုင်တွေ ဖက်က စွပ်စွဲမှုတွေ အရင်ကတည်းက ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG